သတင်း

စောဘဦးကြီးဇာတိတွင် ကရင့်အာဇာနည်နေ့ကျင်းပမှုကို စစ်တပ်တားဆီး

၇၁ နှစ်မြောက် ကရင့်ဇာနည်နေ့အခမ်းအနားကျင်းပမည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ကရင်အာဇာနည် စောဘဦးကြီး၏ ဇာတိ ဘဲဂရက်ရွာတွင် ယနေ့ (ဩဂုတ် ၁၂) မနက်၌ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ပိတ်ပင်တားဆီးခဲ့သည်။ 

ယနေ့ မနက် ၅ နာရီခန့်ကတည်းက ဘဲဂရက်ရွာအဝင်ထိပ်၌ ရဲနှင့် စစ်သားများပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်က နေရာယူပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရွာသို့ သွားရောက်ဂါရဝပြုရန် ကြိုးပမ်းခဲ့သည့် ကရင်လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့က ဗုံးဖောက်မယ်လို့ သတင်းကြားလို့ လုံခြုံရေးလာယူတယ်။ အဲလိုမျိုးပေါ့။ အထက်အမိန့်ကြောင့် ဂါရဝမပြုနဲ့၊ ပန်းခွေမချနဲ့ပေါ့နော်။ ဖောက်ခွဲရေးရှိတယ်။ ကိုဗစ်ကြောင့်ရယ်။ အထက်ကလည်း အမိန့်ပေးထားတာက မပြုလုပ်ဖို့ပေါ့နော်” ဟု ထိုလူငယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းပြပြောဆိုမှုကို ကိုးကား၍ ပြောသည်။ 

အခမ်းအနားကျင်းပမည့်နေရာတဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသောကြောင့် ၎င်းတို့ နေရာမယူခင်အချိန်က ရောက်ရှိခဲ့သည့် ကရင်လူငယ်တချို့သာ ဘဲဂရက်ရွာရှိ အထိမ်းအမှတ်ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချခြင်းနှင့် အလံတစ်ဝက်လွှင့်တင်ခြင်း ပြုလုပ်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ရွာထိပ်တွင် ပိတ်ဆို့နေရာယူကာ ရွာထဲသို့ ဝင်ရောက်ခြင်းမပြုရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးခဲ့သဖြင့် ဂါရဝပြုရန်နှင့် လွမ်းသူ့ပန်းခွေချရန် ရောက်ရှိလာသည့် ကရင်လူငယ်များ လှည့်ပြန်ခဲ့ကြရသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ ဆိုင်ကယ်တွေကို စစ်တယ်။ လုပ်လို့မရဘူး၊ ဝင်လို့မရဘူး ပြောတယ်။ အထက်ကအမိန့်ကြောင့် မလုပ်ဖို့ ပိတ်ထားတယ်ပေါ့နော်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပြန်လာရတယ်” ဟု အထက်ပါ ကရင်လူငယ်က ဆိုသည်။ 

ပြီးခဲ့သည့် ၆၉ နှင့် ၇၀ ပြည့်နှစ် ကရင့်အာဇာနည်နေ့များတွင်လည်း ကရင့်အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်းနှင့် အခမ်းအနားပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့၍  လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်းသာ ပြုလုပ်ခဲ့ရသည်ဟု ၎င်းလူငယ်က ပြောပြသည်။ 

ဘဲဂရက်ရွာထိပ်၌ လာရောက်တားဆီးပိတ်ပင်နေသော ရဲကားတစ်ဦးအား ယနေ့မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-AKYS) 

ထိုသို့ ပိတ်ပင်တားမြစ်သဖြင့် ကျောင်းကုန်းမြို့နယ် ၊ အနောက်စုကျေးရွာရှိ မန်းသန်းရှိန်ဘောလုံးကွင်းရှိ မန်းသန်းရှိန်အထိမ်းအမှတ်ကျောက်တိုင်တွင် ကော်ခိုစောဘဦးကြီးနှင့်တကွ ကရင်အာဇာနည်အပေါင်းအား လွမ်းသူ့ပန်းခွေချခြင်း ၊ဂါရဝပြုခြင်း ၊ အလေးပြုခြင်းများကို ကရင်လူငယ်တချို့က ပြုလုပ်ခဲ့သည်။

၂၀၂၀ ဩဂုတ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၏ အစီအစဉ်ဖြင့် ဘဲဂရက်ရွာတွင် စိုက်ထူခဲ့သည့် စောဘဦးကြီး၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ဇန်နဝါရီ ၁၃ (NLDအစိုးရလက်ထက်) တွင်လည်း ဒေသအာဏာပိုင်များက ဖိအားပေး ဖြုတ်ချခိုင်းခဲ့သည်။ 

စောဘဦးကြီးသည် ကရင်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင်ကာလနှင့် လွတ်လပ်ရေးရပြီးကာလတစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီးကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ် ၁၂ ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်လူမျိုးများက သတ်မှတ်ကျင်းပခဲ့သည်မှာ ၇၁ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ဝတ်ပြုဆုတောင်းခြင်း၊ လွမ်းသူ့ပန်းခွေချ၍ ဂါရဝပြုခြင်း၊ ရောက်ရှိလာသည့် ခေါင်းဆောင်များ၏ ရင်တွင်းစကားပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပလေ့ရှိသည်။  

ဘဲဂရက်ရွာတွင် ကရင့်အာဇာနည်နေ့အခမ်းအနား တားဆီးပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ဒုရဲမှူးကြီးထွန်းရွှေထံ Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ 

၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ၂၀၁၉ ဩဂုတ် ၁၂ တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့ပြီးနောက် ဦးဆောင်သူများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ နော်အုံးလှနှင့် ကရင်လူငယ် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ ၃ ဦးကို “ကရင့်အာဇာနည်နေ့” ဆိုသည့် အသုံးအနှုန်း သုံးစွဲသည်ဟုဆိုကာ ကျောက်တံတားမြို့နယ်ရဲမှူးက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခဲ့သည်။ 

၎င်းတို့ ၃ ဦးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိုစဉ်က တောင်းဆိုခဲ့သည်။ 

ယနေ့ တားဆီးပိတ်ပင်ခဲ့မှုနှင့် ပတ်သက်ပြီး စစ်တပ်၏ အာဏာသိမ်းပြီးနောက် လုပ်ချင်ရာလုပ်သည့် သဘောဟု KWU ဥက္ကဋ္ဌ နော်အုန်းလှက Myanmar Now ကို  ပြောသည်။ 

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို သူတို့က ဦးတည်ချက်မှာထားပြီး စစ်တပ်က ဒီလိုမျိုးလုပ်တာက သူတို့က ပြိုကွဲမှာလည်း အရေးမကြီးတော့သလို အာဏာသိမ်း​ပြီး သူတို့ဘာသာသူတို့ လုပ်ချင်ရာလုပ်တဲ့ သဘောပါပဲ” ဟု သူက မှတ်ချက်ပြုသည်။ 

ဆက်လက်၍ ” ခေါင်းဆောင်ဆိုတာက ကိုယ့်လူမျိုးစုသတ်မှတ်တဲ့အတိုင်းပဲဖြစ်ရမှာပေါ့။ အခွင့်အရေးအရ၊ ဒီမိုကရေစီရပိုင်ခွင့်အရ ကျွန်မတို့တောင်းတဲ့ ဖက်ဒရယ်အရဆို လုပ်ကိုလုပ်သင့်တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်လာတဲ့ ဆက်တိုက်ပြဿနာတွေလို့ပဲ မြင်ပါတယ်။ NLD အစိုးရလို လူထုတင်တဲ့အစိုးရလက်ထက်ကလည်း တွေ့ကြုံ့ရတဲ့ အခက်အခဲတွေအများကြီးပဲ။ အခုအချိန်မှာတော့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။ 

၂၀၁၈ ဖေဖော်ဝါရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ KNU တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၌ ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ ရုပ်တုကို နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့မှာ ဂုဏ်ပြုစိုက်ထူမည့်အစီအစဉ်အား စစ်တပ်က ကန့်ကွက်ခဲ့သေးသည်။ 

လက်ရှိ စစ်ကောင်စီတွင် ပါဝင်နေသည့် ကရင်နိုင်ငံရေးသမားတစ်ဦးဖြစ်သော ပဒိုမန်းငြိမ်းမောင်က၂၀၁၈ ခုနှစ် ဟင်္သာတမြို့တွင် ပြုလုပ်သည့်  ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား တားမြစ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ” ဒီလိုလုပ်တာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို စော်ကားတာနဲ့ တူတူပဲ။ ကရင်တစ်မျိုးသားလုံးကို စော်ကားတာဖြစ်တယ်။ ဒီဟာကတော့ ဒီအကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်” ဟု ကေအိုင်စီသတင်းဌာနကို ဖြေကြားခဲ့ဖူးသည်။

အလားတူ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားဦးဆောင်သူ နော်အုန်းလှအပါအဝင် ၃ ဦး အမှုဖွင့်ခံရမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရာတွင် ကရင်လူမျိုးများ အထွတ်အမြတ်ထားရသည့် နေ့ထူးနေ့မြတ်ကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ NLD အစိုးရကို မေးခွန်းထုတ်ချင်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အများကြီးထိခိုက်ကြောင်း ထိုစဉ်က KNU ၏ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သည့် ပဒိုမန်းငြိမ်းမောင်က ကျောက်တံတားတရားရုံးရှေ့တွင် Mizzima သတင်းဌာနကို ဖြေကြားခဲ့သည်။ 

ယနေ့ကျရောက်ခဲ့သည့် ကရင့်အာဇာနည်နေ့အခမ်းအနားကို KNU ဌာနချုပ်နှင့် KNU ထိန်းချုပ်နယ်မြေများ၌ ကျင်းပခဲ့ကြသည်။ 

Show More

Related Articles

Back to top button