မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောင့်၌ စောင့်ကြပ်နေသည့် စစ်သားတစ်ဦး ယနေ့ (ဩဂုတ် ၁၁) မနက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်း ၎င်းရုံးအနီး နေထိုင်သူများက ပြောသည်။
ယနေ့ မနက် ၆ နာရီခွဲတွင် ကျန်စစ်သားလမ်းမပေါ်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားတွင် ရှိသော (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ကားတစ်စီးရောက်ရှိလာကာ ၆၂ လမ်းနှင့် ကျန်စစ်သားလမ်းထောင့်၌ သဲအိတ်များဖြင့် အကာအရံ(ဘန်ကာ)မှာ စောင့်နေသည့် စစ်သားကို ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
“သေနတ်သံ ၃ ချက် ကြားလိုက်တာပေါ့နော်၊ သေနတ်သံတွေကြားတော့ လူတွေက ထွက်ကြည့်ကြတော့ ကားတစ်စီးက ပစ်ပြီး မောင်းသွားပြီ။ လမ်းထောင့် ကွမ်းယာခုံနားလေးမှာ အမြဲစောင့်တဲ့စစ်သားက အဲ့ဒီနေရာမှာ လဲနေတာ တွေ့ရတယ်၊ အစကတော့ သေမသေ မသေချာဘူး။ နောက်မှ သေပြီဆိုတာ သိရတာ”ဟု အုပ်ချုပ်ရေးမှူးရုံးအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
(ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် ရပ်ကွက်ပတ်ပတ်လည် သုံးနေရာတွင် အစောင့်စစ်သားများ နေ့ညမပျက် စောင့်နေလေ့ရှိပြီး၊ ၆၂ လမ်းမပေါ်တွင်လည်း လမ်းတစ်ခြမ်းကို ပိတ်ကာ အကာအရံများချထားသည့် လုံခြုံရေးတင်းကျပ်သည့် နေရာ ဖြစ်သည်။
အစောင့် ၃ နေရာ ချထားသည့်အနက် ၆၂ လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ စစ်သားအစောင့်တစ်ဦးကို ကားပေါ်မှ ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်သည့်ကား ထွက်သွားပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တပ်များ ရောက်ရှိလာပြီး ရပ်ကွက်အတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူမရှိခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများအဆိုအရ သိရသည်။
ရပ်ကွက်အတွင်း လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် ရှောင်ကွင်းသွားလာခဲ့ရသည်ဟု နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီရပ်ကွက်က ဆန္ဒပြတာတွေ စဖြစ်တော့ အမြဲမပြတ်ပြကြတာရော၊ ပစ်တာခတ်တာခံရတော့လည်း ညသပိတ်တွေ ဆက်တိုက်ထွက်တာတွေ၊ အုပ်ချုပ်ရေးမှူးရုံးကို သူတို့(စစ်တပ်)ရောက်လာတော့ ရန်ပြုတာတွေလုပ်တော့ သူတို့က လုံခြုံရေးကို အပြည့်ချတာ၊ လမ်းတွေဆိုလည်း အကုန်ပိတ်တာ။ နောက်ပိုင်းမှ သူတို့ပိတ်တဲ့လမ်းမှာက ဈေးလည်းရှိတော့ ပြန်ဖွင့်ပေးထားတာ။ အခုတော့ အကုန်ပြန်ပိတ်သွားပြီ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ အမျိုးသမီးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ၌ လုံခြုံရေးတင်းကျပ်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး ခြေထောက်တွင် ဒဏ်ရာရသွားခဲ့သည်။
အလားတူ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်လျှပ်စစ်မီတာရုံး၊ (ဂ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
ဇွန်လအတွင်းကလည်း စစ်ကောင်စီခန့် (ထ) ရပ်ကွက်၏ ရာအိမ်မှူး ဦးညိုအေးသည် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈x ၅၉ လမ်းကြား၊ ၅၈ (C) လမ်းကျဉ်းအတွင်း ဓားဖြင့်ထိုးခံရပြီး ဆေးရုံအပို့လမ်း၌ သေဆုံးသွားခဲ့သည်။
မန္တလေးမြို့အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ အခြေခံဒေါက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးရုံးများ၊ အုပ်ချုပ်ရေးမှူးများ တိုက်ခိုက်၊ လုပ်ကြံ၊ သတ်ဖြတ်ခံနေရပြီး တချို့ကလည်း သတ်ဖြတ်မခံရမီ အလျင်အမြန် နုတ်ထွက်နေကြသည်။