
အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနောက်ကြောင်းပြန်ခဲ့ရပြီး စစ်ကောင်စီက ပြည်သူလူထုကို အတောမသတ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေဆဲဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားလိုက်သည်။
ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အတွက် ပေးပို့သည့်သဝဏ်လွှာတွင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ KNU ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
“ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေဟာ အခုထက်ထိတိုင် အတောမသတ်ပဲ ရှိနေပါတယ်။ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေးဆန္ဒ (Political Will) မရှိသရွေ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်တွေ ထားလို့မရနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
KNU ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဟု အစဉ်တစိုက်ရပ်တည်ပြောဆိုလာခဲ့သော်လည်း အာဏာသိမ်းပြီးခြောက်လကျော်အကြာတွင် တွေ့ဆုံဆွေးနွေးရေးအပေါ် မျှော်လင့်ချက်ထားမရနိုင်တော့ကြောင်း ပြောကြားလာခြင်းဖြစ်သည်။
ထို့ကြောင့် KNU အနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားသော်လည်း တစ်ဖက်တွင် မိမိတို့၏ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် မိမိတို့နေရပ်ဒေသကို ကာကွယ်ရမည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။
“ကရင်အမျိုးသားတွေရဲ့ အသက်အန္တရာယ်နဲ့ နေရာဒေသတွေကို ကာကွယ်နိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိပါတယ်။ မိမိတို့ ကရင်အမျိုးသားများအနေနဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ မိမိတို့ ကရင့်အာဇာနည်များရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပြီးမြောက်အောင်မြင်စေဖို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆုံးခန်းတိုင်သည်အထိ အတူတကွ ကြိုးပမ်းအားထုတ်ကြပါ” ဟုလည်း ၎င်းက တိုက်တွန်းထားသည်။
KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း တော်လှန်ရေးအဖွဲ့အစည်းများ ရည်မှန်းထားသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မရမချင်း လက်လျှော့၍ မဖြစ်ကြောင်း ပြောကြားသည်။
“ပြည်သူတွေနဲ့ ကျွန်တော်တို့ တစ်သားတည်းဖြစ်အောင် ကြိုးစားပြီးတော့မှ လက်ရှိစစ်အာဏာရှင် ဖြုတ်ချနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြီးတော့မှ ကိုယ့်ထောင့်ကိုယ့်နေရာကနေ လုပ်ဆောင်နိုင်ဖို့ လိုမယ်” ဟု ၎င်းက ပြောသည်။
KNU သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အပြင် ပြည်သူလူထုကို စစ်ကောင်စီရန်မှ ကာကွယ်ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KNU နှင့် အများဆုံးဖြစ်ခဲ့ပြီး KNU လက်အောက်ခံ တပ်မဟာ ၇ ခုရှိသည့်အနက် ထက်ဝက်ကျော်တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။