သတင်း

​အာဆီယံ၏ မြန်မာ့အရေးကြားဝင်မှု အချိန်ဆွဲနေ၍မရဟု ဦးကျော်မိုးထွန်းပြော

မြန်မာ့အရေးအတွက် အာဆီယံက အထူးကိုယ်စားလှယ်ခန့်၍ ကြားဝင်ဆောင်ရွက်မှုမှာ အချိန်ဆွဲ၍ မရသလို အာဏာသိမ်းစစ်တပ်၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင်ပါက အောင်မြင်မှုရမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ 

“ဒီလိုကိစ္စတွေက အချိန်ဇယားရှိဖို့ ခက်တယ်ဆိုပေမဲ့ ကျွန်တော်တို့ကိစ္စက အခြားနဲ့မတူပါဘူး။ အချိန်ဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် အရမ်းတန်ဖိုးရှိပါတယ်။ တစ်ရက်အချိန်ပါသွားလေလေ၊ ကျွန်တော်တို့ လူသေမှုက တစ်ဦးတစ်ယောက် ပို​တိုးလာလေပဲပေါ့”ဟု ၎င်းက ပြောသည်။

အထူးသံတမန်ခန့်အပ်ပြီး မြန်မာ့အရေးကြားဝင်ဆောင်ရွက်ရန် အာဆီယံ၏ ကြိုးပမ်းမှုနှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ခြင်းကို သုံးလကျော်ကြာပြီးမှသာ ဆောင်ရွက်နိုင်ခဲ့သည်ကို ကြည့်လျှင် အချိန်ဇယားကိစ္စ မည်မျှအရေးကြီးသည်ကို သိနိုင်ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

ထိုသုံးလကျော်အတွင်း အထူးသံတမန်ခန့်အပ်ရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အချေအတင်ဆွေးနွေးမှုများရှိခဲ့ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းမှ ကိုယ်စားလှယ်တစ်ဦးစီ အဆိုပြုခဲ့သည်။

ထိုင်းနိုင်ငံက အဆိုပြုသည့် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Virasakdi Futrakul ကို မြန်မာစစ်ကောင်စီက သဘောတူခဲ့သော်လည်း ဘရူနိုင်းနိုင်ငံမှ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကိုသာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ယခုလဆန်းပိုင်းတွင် အတည်ပြုခဲ့သည်။ 

အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခံရသူ Erywan Yusof သည် ဇွန်လဆန်းပိုင်းက နေပြည်တော်သို့ လာရောက်ဖူးသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ဆုံခဲ့ခြင်းမရှိသည့် ထိုခရီးစဉ်သည် စစ်ကောင်စီအလိုကျသာ ဖြစ်ခဲ့သည်။

အာဆီယံအထူးသံတမန်အနေဖြင့် မည်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ကို Erywan Yusof ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည် “ဇွန်လတုန်းက သွားခဲ့တဲ့ ခရီးစဉ်လိုမဟုတ်ဘဲ အကောင်းဆုံး သေသေချာချာပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောဆိုကြောင်း ဩဂုတ် ၇ ရက်နေ့ Reuters သတင်းတွင် ဖော်ပြသည်။  

မြန်မာနိုင်ငံသို့ သွားရောက်မည့် အာဆီယံအထူးသံတမန်၏ ခရီးစဉ်တွင် အကန့်အသတ်ရှိနေမည်ဆိုပါက မြန်မာ့အရေး အာဆီယံ၏ ကြားဝင်ဆောင်ရွက်မှု မအောင်မြင်နိုင်ကြောင်း ဦးကျော်မိုးထွန်းက မှတ်ချက်ပြုသည်။ 

“လွတ်လွတ်လပ်လပ်ပေါ့။ conflict to interest (အကျိုးစီးပွားပဋိပက္ခ)မရှိဘဲနဲ့ ဆောင်ရွက်သွားနိုင်မယ်။ သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံပြီးတော့ ပြည်သူ့အသံ၊ ဆန္ဒတွေကို သေသေချာချာကြားပြီးတော့မှ ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပဲ။ ဒါမှ အောင်မြင်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာ့အရေးအတွက် အာဆီယံက ခန့်ထားသည့် အထူးသံတမန်အနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရန် အာဆီယံပြင်ပရှိ ကမ္ဘာ့နိုင်ငံများကလည်း ဝိုင်းဝန်းအာရုံစိုက်ကာ ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ပါဝင်ပတ်သက်ရန်၊ ကူညီရန်လိုကြောင်းလည်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

“အထူးကိုယ်စားလှယ်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်သင့်တဲ့ ဥစ္စာတွေကို ပြတ်ပြတ်သားသားနဲ့ လုပ်သွားဖို့လိုပါတယ်”ဟု ၎င်းက ပြောသည်။

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံလိုကြောင်း အာဆီယံအထူးသံတမန် Erywan Yusof က ပြောဆိုထားရာ မြန်မာစစ်ကောင်စီအနေဖြင့် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ အာဆီယံရေးရာကျွမ်းကျင်သူ Kavi Chongkittavorn က ဆိုသည်။ 

အာဆီယံအထူးသံတမန်ခန့်အပ်ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသော်လည်း Erywan Yusof ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ခြောက်လကျော်အတွင်း စစ်တပ်လက်ချက်ဖြင့် သေဆုံးသူ ၁၀၀၀ နီးပါးရှိလာပြီဖြစ်ကာ လူပေါင်း ၇၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများကဆိုသည်။

ထို့အတူ ဇူလိုင်တစ်လတည်း၌ပင် နိုင်ငံအနှံ့တွင် စစ်ကောင်စီနှင့် ၎င်းတို့ကို ဆန့်ကျင်သူများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်မှုပေါင်း ၃၅၅ ခုအထိရှိကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာန က ယမန်နေ့(ဩဂုတ်၉)တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီကို ဖြုတ်ချရန် NUG က ပြည်သူ့တပ်မတော် (PDF)ကို ဖွဲ့စည်းထားသည့်နည်းတူ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များလည်း နိုင်ငံအနှံ့တွင် ပေါ်ပေါက်လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသအခြေစိုက် PDF များက စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည့်နည်းတူ ဗုံးခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

Show More

Related Articles

Back to top button