အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီပဲယင်းမှ ရွာများကို စစ်တပ်က နှစ်ရက်ဆက် စီးနင်းလုယက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ဘက် ကျေးရွာများကို စစ်တပ်က နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်းနေရာ နများရွာနှင့် မရကန်ရွာ၌ မွှေနှောက်ကာ နေအိမ်များကို ရှာဖွေနေသဖြင့် ထောင်နှင့်ချီသည့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံသုံးဦးက Myanmar Now ကို ယနေ့ သြဂုတ် ၉ တွင် ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ည တွင် ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ပြန်ကျရွာအနီး စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာများအတွင်း ဆက်တိုက်ဝင်ရောက်နေရာ မရကန်အုပ်စု၊ ညောင်လှအုပ်စု၊ နများအုပ်စုတို့မှ ရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ  ဒေသခံ ထောင်ဂဏန်းခန့် ထွက်ပြေးနေရသည်။ 

“သူတို့ တောတွေထဲပါ ဆင်းရှာရင်တော့ မလုံခြုံဘူးပေါ့။ ပြေးစရာ ကွင်းပြင်ကြီးပဲ၊ ချုံတွေဘာတွေ မရှိဘူး။ ပြေးရမယ်ဆိုရင် လယ်တွေထဲ၊ ရေတွေထဲပဲ ဒီလိုပဲ ပြေးရမှာပဲ” ဟု တိမ်းရှောင်နေရသည့် မရကန်ရွာသားတစ်ဦးက ပြောသည်။

အနီးအနားကျေးရွာများက ကိုဗစ်ကူးစက်ခံရမည်ကို ကြောက်သဖြင့် တိမ်းရှောင်လာသူတို့ကို လက်မခံကြဟု ဆိုသည်။ အများစုမှာ ယာတောများ၊ ငှက်ပျောတောနှင့် လျှော်ဖြူတောများတွင် ရောက်နေကြသည်ဟု သိရသော်လည်း  တိမ်းရှောင်လာသူဦးရေ အတိအကျနှင့် အခြားအသေးစိတ်အခြေအနေများကို အတည်မပြုနိုင်သေးပေ။

 ဝဲကြီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းမှစ၍ နများရွာနှင့် မရကန်ရွာ နှစ်ရွာအတွင်း နှစ်ဖွဲ့ခွဲ ဝင်ရောက်လာသည်ဟု ဒေသခံတို့က ပြောသည်။

“အခုတော့ ရွာနဲ့ မလှမ်းမကမ်းကနေ ကြည့်နေတာ။ မီးရှို့ဖျက်ဆီးတာတော့ မတွေ့ရပေမယ့် အိမ်တွေကတော့ တော်တော်များများ ဝင်ကြတယ်။ သူတို့လိုချင်တဲ့ပစ္စည်းတွေလည်း ယူသွားကြတာပေါ့” ဟု တိမ်းရှောင်သူ နများရွာခံတစ်ဦးက ပြောသည်။

ထို့အတူ တစ်ချိန်တည်းနည်းပါးပင် ဝင်စီးခံရသည့် မရကန်ကျေးရွာတွင် ဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က မီးရှို့သွားကြောင်း၊ နေအိမ် ၁၀လုံးနီးပါးကို ဝင်ရှောက်မွှေနှောက်ခဲ့ကြောင်း၊ ငွေကျပ် ၈ သိန်းဝန်းကျင်နှင့် ရွှေကဲ့သို့ အဖိုးတန်ပစ္စည်းအချို့ ယူဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

“ဘာအကြောင်းမှမရှိဘဲနဲ့ ရွာထိပ်က ကုန်စုံဆိုင်ကို ရစရာမရှိအောင် အကုန်လုံးဖျက်ဆီးတာ။ ဓာတ်ဆီပန့်ခ်လိုဟာမျိုးတွေ၊ ပစ္စည်းတွေ အကုန်လုံးရှို့သွားတာ။ တကယ့်ကိုရစရာမရှိဘူး။ အဲဒီဒီဆိုင်ဆို ဖွင့်တာ သိပ်မကြာသေးဘူး ”ဟု တိမ်းရှောင်နေရသည့် အထက်ပါ မရကန်ကျေးရွာ ဒေသခံက ပြောသည်။

မရကန်ကျေးရွာအတွင်း ဈေးဆိုင်အား မီးရှို့ဖျက်ဆီးခဲ့သည်ကို ဩဂုတ် ၉ မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

မရကန်ကျေးရွာသား နောက်ထပ်တစ်ဦးကလည်း ယနေ့နံနက်ပိုင်း၌ ဝဲကြီးရွာမှ မရကန်ရွာ ဘက်သို့ ထွက်လာသည့် စစ်တပ်က အရပ်သားနှစ်ဦးကို ကြိုးတုပ်၍ ခေါ်လာသည်ဟု မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။

“ဘာကြောင့်ခေါ်လာတာလဲတော့ မသိဘူး။ လူလတ်ပိုင်းအမျိုးသားနှစ်ယောက်ကို လက်နောက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတာ တွေ့လိုက်တယ်ကြားတယ်။ လမ်းပြအနေနဲ့ ခေါ်လာတာလား၊ ဓားစာခံအနေနဲ့ ခေါ်လာတာလားတော့ မသိဘူး။ အဖမ်းခံထားရတဲ့သူတွေက ဘယ်ရွာကလဲဆိုတာတော့ သေချာမသိရသေးဘူး။ စုံစမ်းနေတုန်းပဲ။ ကောက်စိုက်ပျိုးနုတ်ချိန်ဆိုတော့ တောထဲက ဖမ်းလာတာပဲ ထင်တယ်” ဟု ဆိုသည်။

စစ်သားတို့ ရွာအတွင်း ဖမ်းဆီးခြင်း၊ လုယူခြင်းများနှင့် ပတ်သက်ပြီး Myanmar Now က စစ်ကောင်စီပြန်ကြားရေးအရာရှိများထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ယခင် လုယက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုခဲ့ဖူးသည်။

မရကန်ရွာမှ နေ့လယ်ပိုင်း၌ ထွက်ခွာသွားပြီဖြစ်သည့် စစ်တပ်သည် ဒိုင်းနက်ကျေးရွာအတွင်း ဝင်မွှေနေသည်ဟု ဒေသခံတို့က ပြောသော်လည်း အသေးစိတ်မသိရသေးပါ။

ဇွန်လဆန်းမှ စတင်ကာ ဒီပဲယင်းအတွင်း ကျေးရွာများကို စစ်ကောင်စီက ပစ်မှတ်ထားနေပြီး ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် စစ်တပ်က PDF နှင့် အရပ်သား ၃၀ကျော်ကို ပစ်သတ်ခဲ့သေးသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ တန့်ဆည်၊ ချောင်းဦး၊ ရွှေဘိုတို့တွင်လည်း စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သည်အထိ ပြုမူနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button