သတင်း

ပုဂ္ဂလိကဘဏ်များ ပြည်ပပညာရှင်ခန့်အပ်မှုကို စစ်ကောင်စီကန့်သတ်

စစ်အာဏာသိမ်းပြီးနောက် အကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားပညာရှင်ခန့်အပ်မှုကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ကန့်သတ်ထိန်းချုပ်လိုက်သည်။

နိုင်ငံခြားသားဝန်ထမ်းခန့်ထားရာတွင် လိုက်နာရမည့် အမိန့်ကြေညာစာတစ်စောင်ကို ဩဂုတ် ၂ တွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပြီး စာမျက်နှာ ၅ မျက်နှာ၊ အချက်ပေါင်း ၁၇ ချက်နှင့် ပိုဒ်ခွဲပေါင်းများစွာ ပါဝင်သည်။

အဓိကအားဖြင့် ဘဏ်အကြီးအသေးအလိုက် ခန့်အပ်ထားနိုင်မည့် နိုင်ငံခြားသားဝန်ထမ်းဦးရေကို ကန့်သတ်ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဘဏ်ကြီးဖြစ်လျှင်ပင် ၂၅ ဦးထပ်ပိုမခန့်ရန်၊ ဘဏ်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌနေရာကို နိုင်ငံခြားသားများကို မခန့်ရန်၊ ဘဏ်အမှုဆောင်အရာရှိချုပ်နေရာကို နိုင်ငံခြားသားကို ခန့်ပါက ဒုအမှုဆောင်အရာရှိချုပ်အဖြစ် မြန်မာနိုင်ငံသားကို ခန့်အပ်ရမည်ဟု ပါဝင်သည်။

ထို့အပြင် ခန့်အပ်မည့် နိုင်ငံခြားသား၏ လုပ်ငန်းအတွေ့အကြုံနှင့် အခြားအထောက်အထားများအပြင် နိုင်ငံရေးကင်းရှင်းကြောင်းကိုပါ ဗဟိုဘဏ်ထံ ပူးတွဲတင်ပြ၍ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ၎င်းတို့ အကဲဖြတ်ပြီးမှသာ အစမ်းခန့်နှင့် အတည်ခန့်ကို နှစ်ကာလသတ်မှတ်ခွင့်ပြုမည်ဟု ဆိုထားသည်။ 

စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးနယ်ပယ်တွင် နိုင်ငံခြားသားပညာရှင်များပါသည်ကို မနှစ်မြို့သည့်ပြင် ယခုကန့်သတ်ချက်သည် ပြည်တွင်းဘဏ်များကို ပိုမိုထိန်းချုပ်လိုသည့် သဘောဖြစ်ကြောင်း အမည်မဖော်လို့သည့် ဘဏ္ဍာရေးကျွမ်းကျင်ပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အဲ့ဒီလို Control လုပ်တာ (ထိန်းချုပ်တာ) ပိုများလို့ရှိရင် ပုဂ္ဂလိကဘဏ်တွေ လုပ်ရကိုင်ရတာ ပိုပြီးတော့ ကျပ်တည်းသွားနိုင်တယ်။ ပြောချင်တာက အရည်အချင်းရှိတဲ့လူ မရဘူးပေါ့ဗျာ။ အဲဒီသဘောမျိုးပဲဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းမှုကြောင့် အဘက်ဘက်မှ ယိုယွင်းနေသည့် နိုင်ငံတွင် ထူးချွန်ထက်မြက်သည့် ဘဏ်ပညာရှင်များ လာရောက်လုပ်ကိုင်နိုင်ခြေ နည်းပါးနိုင်သည်ဟုလည်း ထိုသူက ခန့်မှန်းသည်။

အများအားဖြင့် ဘဏ္ဍာရေးနယ်ပယ်၌ ထူးခွန်ထက်မြက်သူများသည် အနောက်နိုင်ငံများ၊ ဂျပန်နိုင်ငံကဲ့သို့ ဒီမိုကရေစီထွန်းကားသော အာရှနိုင်ငံများမှဖြစ်သဖြင့် စစ်ကောင်စီက ထိုနိုင်ငံသားများကို လိုလိုလားလားမရှိနိုင်ကြောင်း ၎င်းက ဆက်၍ သုံးသပ်သည်။

လက်တွေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ဩစတေးလျနိုင်ငံသား မစ္စတာရှောင်တာနဲကို စစ်ကောင်စီက ဖမ်းဆီးထားသည့် ဖြစ်စဉ်ရှိသည်။

ထို့အပြင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ဧပြီလဆန်းတွင် တရားစွဲဆိုထားပြီးဖြစ်သည်။

အာဏာသိမ်းယူလိုက်ပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်ဦးဆောင်သည့် စစ်ကောင်စီက ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ကို ဖယ်ရှားခဲ့သည့်ပြင် ဘဏ်လုပ်ငန်းကျွမ်းကျင်သူအဖြစ် ဘဏ်အသိုင်းအဝိုင်းက ချီးကျူးလေ့ရှိသည့် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကိုပင် ဖမ်းဆီးထားခဲ့သည်။

ထို့အတူ ၂၀၁၈ တွင် သမ္မတက အမည်စာရင်းတင်သွင်းခန့်အပ်ခဲ့သည့် ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ စစ်အစိုးရခေတ်နှင့် ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသူ ဦးသန်းညိန်းနှင့် စစ်ကောင်စီက အစားထိုးလိုက်သည်။ ဒါရိုက်တာအဖွဲ့ကိုလည်း စစ်တပ်ကျောထောက်နောက်ခံရှိသူများဖြင့် ဖွဲ့စည်းထားသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့သစ်သည် အတွေ့အကြုံများရှိသော်လည်း ဘဏ်များကို ပိုမိုတင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းချုပ်သွားဖွယ်ရှိပြီး ထိုသက်ရောက်မှုကြောင့် ဘဏ်များ လုပ်ရကိုင်ရ ပိုမိုခက်ခဲသွားနိုင်ကြောင်း အထက်ပါ ဘဏ္ဍာရေးကျွမ်းကျင်သူကပင် သုံးသပ်သည်။

“ဒါပေမယ့် အခုချိန်မှာက ဘဏ်တွေလည်း သိပ်မလှုပ်ရှားနိုင်တဲ့အတွက်ကြောင့် လောလောဆယ်အားဖြင့် ဘာမှ ထိခိုက်ဦးမှာမဟုတ်ဘူး။ ကိုဗစ်နည်းနည်းငြိမ်သွားလို့ စီးပွားရေးလုပ်ငန်း‌တွေ ဖွံ့ဖြိုးလာလို့ရှိရင်တော့ တင်းကျပ်တဲ့စည်းကမ်းတွေလုပ်တာဟာ အဲ့ဒီဘဏ်တွေရဲ့ လုပ်ငန်းကိုင်ငန်းကို ထိခိုက်လာနိုင်စရာရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ဘဏ်ဥက္ကဋ္ဌနေရာများကို ဘဏ်တည်ထောင်သည့် သူဌေးကြီးများနှင့် မိသားစုဝင်များက အဓိကယူထားကြပြီး ဌာနအကြီးအကဲများနှင့် စီမံခန့်ခွဲမှုဌာန အမှုဆောင်အရာရှိချုပ်နေရာများတွင် နိုင်ငံခြားသားများကို ခန့်အပ်ထားကြသည်။

ဘဏ်များ၌ နိုင်ငံခြားသားဝန်ထမ်းများခန့်ထားမှုသည် ယခုသတ်မှတ်ချက်များနှင့် မကိုက်ညီပါက ပြင်ဆင်ရန်၊ သတ်မှတ်ဦးရေထက်ပိုပါက လျှော့ချရန်နှင့် ထိုဝန်ထမ်းများအနေဖြင့် ဥပဒေနှင့်အညီ သင့်လျော်စွာပြုမူနေထိုင်ရန် ဘဏ်ဘက်က တာဝန်ယူရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Show More

Related Articles

Back to top button