သွေးကင်ဆာဝေဒနာသည် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ ကျန်းမာရေးအခြေအနေချို့ယွင်းမှုကြောင့် အိုးဘိုထောင်ဆေးရုံတွင် ကုသမှုခံယူနေရသည်ဟု အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ဆရာတော်တစ်ပါး၊ မိသားစုနှင့် နီးစပ်သူတစ်ဦးတို့က ပြောသည်။
ဩဂုတ် ၂ တွင် အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသူ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသက အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို ဇူလိုင် ၃၀၊ ၃၁ ရက်နေ့ခန့်က ဆေးရုံသို့ ပို့ထားရသည်ဟု အကျဉ်းထောင်အတွင်း ကြားခဲ့ရကြောင်း ပြောသည်။
“သူတို့ကျတော့ ချုပ်ချယ်မှုတွေများတယ်လို့ ဘုန်းကြီးတို့ သိတာပဲ။ ကျန်းမာရေးနဲ့ လိုအပ်တဲ့အခြေအနေတွေကို လုံးဝ တော်တော်မရှိသလို ဖြစ်နေတယ်။ မကောင်းဘူးပေါ့ဗျာ”ဟု တပ်မတော်ကို ဝေဖန်သဖြင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ခြောက်လကျခဲ့သူ ဆရာတော်က မိန့်သည်။
ဒေါက်တာဇော်မြင့်မောင်၏ မိသားစုကလည်း အလားတူ သိထားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“နှာစေး၊ ချောင်းဆိုးဖြစ်လို့ ထောင်ဆေးရုံပို့ထားရတယ်လို့ ကြားရပါတယ်။ အခု သက်သာပြီလို့လဲ ပြောတယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းကတည်းက ဖမ်းသွားပြီး အိုးဘိုထောင်အတွင်း သီးသန့်တစ်နေရာ၌ ရှိသည့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေကို တစ်ဆင့်စကား၊ တဆင့်ကြားဖြင့်သာ သိရသဖြင့် အသေးစိတ် အတည်မပြုနိုင်ဟု ၎င်းက ဆက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်၏ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို မိသားစုနှင့် နီးစပ်သူထံ မေးမြန်းသည့်အခါ“ထိုက်သင့်သလောက်ရနေသည်”ဟုသာ ပြန်ဖြေသည်။
သို့သော် “ကိုဗစ်ကာကွယ်ဆေးကတော့ လုံးဝကို မထိုးရသေးဘူး”ဟု ၎င်းက ပြောသည်။
ယနေ့(ဩဂုတ်၃)ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် အိုးဘိုထောင်၌ အသက် ၆၀ နှင့်အထက် အရွယ်များကို ဦးစားပေး၍ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၆၀၀ ကို ယမန်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးခဲ့သည်ဟု သတင်းထုတ်ပြန်သော်လည်း ထိုစာရင်းတွင် နိုင်ငံရေးအရ ၎င်းတို့ ဖမ်းဆီးထားသူများ ပါဝင်ခြင်းရှိမရှိ ရှင်းလင်းစွာမသိရပေ။
“သွေးကင်ဆာဖြစ်နေတဲ့ အခြေအနေပေါ် မူတည်လိမ့်မယ်။ တကယ်က ကင်ဆာသမားတွေဆို ပိုပြီး ထိုးကိုထိုးရမှာပေါ့။ ဒါပေမယ့် သွေးကင်ဆာ အရမ်းဆိုးနေပြီး အခြေအနေက ကိုယ်ခံအားကော ခံနိုင်အား အရမ်းနည်းနေရင်တော့ မထိုးကြဘူး။ အရမ်းမဆိုးရင်တော့ ကူးစက်နိုင်ခြေများတဲ့ ထောင်ထဲမှာဆို ထိုးသင့်တာပေါ့”ဟု စစ်ကောင်စီအပေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသည့် ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ ဇူလိုင် ၂၅ သတင်းထုတ်ပြန်ချက်အရ နိုင်ငံအနှံ့ အကျဉ်းထောင်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် အကျဉ်းသားဦးရေ ၅၆၆ ဦးရှိပြီး ၉ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
သေဆုံးစာရင်းတွင် အင်းစိန်အကျဉ်းထောင်အတွင်း ကိုဗစ်ကူးစက်ခံရပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူစဉ် ဇူလိုင် ၂၀ တွင် ဆုံးပါးသွားရသည့် NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းလည်း ပါဝင်သည်။
လက်ရှိ၌ မန္တလေး အိုးဘိုထောင်အတွင်းတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာဇော်မြင့်မောင် အပြင် NLD ပါတီနှင့် အစိုးရအဖွဲ့ဝင်အချို့လည်း ရှိနေသည်။
အိုးဘိုထောင်မှ ပြန်လွတ်လာသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့၏ ကျန်းမာရေးမကောင်းဟု ကြားသိခဲ့ရကြောင်း မိန့်သည်။
ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသည့် အသက် ၇၀ ကျော်အရွယ် မန္တလေးတိုင်း NLD ဒုဥက္ကဋ္ဌ၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည့် ဒေါ်ဝင်းမြမြ၏ ကျန်းမာရေးအခြေအနေမှာမူ ကောင်းမွန်သည်ဟု ကြားရကြောင်း ၎င်း၏ တူဖြစ်သူ ကိုစိုးမိုးအောင်က ပြောသည်။
“စာပေးစာယူကလည်း အပြင်က ပေးရင် ထောင်ထဲကို နှစ်ပတ်နေမှ ရောက်တယ်။ ထောင်ထဲက ပြန်ပေးရင်လည်း နှစ်ပတ်နေမှ အပြင်ကို ပြန်ရောက်တယ်။ အဲဒီတော့ လွတ်လာတဲ့သူတွေ ပြောတာလောက်ပဲ သိရတယ်။ သတင်းတွေက အမြဲနောက်ကျပါတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အိုးဘိုထောင်အတွင်း အစားအသောက်ပို့ဆောင်ခွင့်ရပြီဖြစ်သော်လည်း ကိုဗစ်ကာလအတွင်း ကျန်းမာရေးအခြေအနေကို အချိန်နှင့်တစ်ပြေးညီ တိတိကျကျသိနိုင်မည့် အခွင့်အလမ်းကို စစ်ကောင်စီက ပေးထားခြင်းမရှိသေးကြောင်း၊ ကိုဗစ်ကာလ ရုံးပိတ်ရက် ဩဂုတ် ၈ နောက်ပိုင်း တရားရုံးချိန်းများကိုသာ မျှော်လင့်နေရကြောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါ်ဝင်းမြမြတို့၏ မိသားစုဝင်များက ပြောသည်။