
ယမန်နေ့ (ဇူလိုင် ၃၁) နေ့လယ်ပိုင်းက မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ခြုံးရွာ၌ စစ်ကောင်စီတပ်က နေအိမ် ၁၅ လုံးခန့်ကို မွှေနှောက်ဖျက်ဆီးပြီး နေအိမ် ၂ လုံးကို မီးရှို့ခဲ့သဖြင့် ရွာသားတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဝန်ခြုံးရွာမြောက်ပိုင်း နေအိမ် ၂ လုံးကို ရဲ၊ စစ်တပ်နှင့် ပင်တောင်ရွာ ပျူစောထီးအဖွဲ့တို့က မီးရှို့ခဲ့ရသည်ဟု ကနဦး သိရှိရပြီးနောက် တခြားနေအိမ်များကိုလည်း ထိုကဲ့သို့ ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ပြောက်ကျားလှုပ်ရှားသော ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရွာထဲမှာ ရိုက်ဖျက်ဆီးသွားတယ်။ တီဗီတွေ၊ ဈေးဆိုင်တွေ တော်တော်များများကို ဖျက်ဆီးသွားတယ်။ တချို့အိမ်တွေမှာ ဆိုင်ကယ်တွေ ဖျက်ဆီးသွားတယ်။ ရွာသားတွေကတော့ ဟိုကောင်တွေ ပြန်လာမှာစိုးလို့ ထွက်ပြေးနေတုန်း”ဟု ၎င်းက ရွာအခြေအနေကို တွေ့မြင်ခဲ့ရသည့် ရွာသား ၅ ဦးကို ကိုးကား၍ ယနေ့ (ဩဂုတ် ၁) တွင် ပြောသည်။
ဒေသခံတို့မှာ ရွာအနီးရှိ တောတောင်များတွင် တိမ်းရှောင်နေရပြီး တချို့မှာ နီးစပ်ရွာကျေးရွာများတွင် ခိုလှုံနေကြရကြောင်း ၎င်းထံမှ သိရသည်။
ယမန်နေ့ နံနက် ၇ နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ပင်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး စစ်တပ်နှင့် ရဲက ရောက်လာကြောင်း၊ ရွာချင်းကပ်ရက်ဖြစ်သော ဝန်ခြုံးရွာအနီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရွာအတွင်း ထိုသို့ ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စစ်တပ်က ဝန်ခြုံးရွာအရှေ့မြောက်ဘက် ၂ မိုင်အကွာရှိ ပင်တောင်ရွာ၌ တပ်စွဲထား၍ ရွာသို့ အချိန်မရွေး ပြန်လာနိုင်သည်ဟုသော စိုးရိမ်ချက်ဖြင့် ဆက်လက်တိမ်းရှောင်နေကြရသည့် အရေအတွက် ၁၂၀၀ ခန့် ရှိသည့်ဟု ဝန်ခြုံးရွာသားတစ်ဦးက ပြောသည်။
“အိမ်တံခါးတွေ ဖျက်ဆီးပြီး အိမ်ထဲက ပစ္စည်းတွေပါ ရိုက်ခွဲခဲ့တာ။ တော်တော်များများက လုပ်ခဲ့တာ။ မနေ့က ညနေက သွားကြည့်ဖြစ်တယ်။ မီးလောင်တဲ့အိမ်တွေကတော့ အပေါ်ထပ်၊ ဘေးထပ် လောင်သွားတယ်။ အောက်ထပ်က အုတ်နဲ့ဆိုတော့ မလောင်ဘူး။ လိုတဲ့ဟာလေးတွေ ယူပြီး ပြန်ထွက်လာခဲ့တာ။ ပင်တောက်က ပျူစောထီးတွေများတော့ ပြန်လာမှာ ကြောက်လို့”ဟု အထက်ပါ ရွာသားက ဆက်ပြောသည်။
စစ်ကောင်စီတပ် ရွာသို့ ရောက်လာပြီး အိမ်တချို့ကို ဖျက်ဆီးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ထံမှ တုံ့ပြန်ချက်ရရှိရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ ဒဏ်ရာရ သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့က ဆိုသည်။
သေဆုံးသွားသည့် ပင်တောင်ရွာအုပ်ချုပ်ရေးမှူး အသက် ၃၀အရွယ် ဦးထီမြိုကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် ဇွန် ၁၅ ရက်က စစ်ကောင်စီတပ်က မီးတင်ရှို့ခံရသည့် ကင်းမရွာသားများကို မကူညီရန် အမိန့်ထုတ်သူဖြစ်ကြောင်း PDF ဘက်က ပြောဆိုခဲ့သည်။
သို့သော်လည်း တခြား သတင်းရင်းမြစ်များထံမှ အတည်ပြချက်မရသေးပေ။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်အားပေးများ သတ်ဖြတ်ခံရပါက စစ်တပ်က စီးနင်းဝင်ရောက်ပြီး မွှေနှောက်ဖျက်ဆီးခြင်း၊ PDF သံသယဖြင့် ဖမ်းဆီးပစ်သတ်ခြင်းများ ပြုလုပ်တတ်သောကြောင့် ရွာများမှာ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ကြရပြီး အထူးသဖြင့် လက်နက်ကိုင်ခုခံသော စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသည် အဆိုပါဒဏ်ကို အပြင်းအထန်ခံစားနေရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သာယာအေးရွာတွင် ဒလန်ဟု ယူဆရသူတစ်ဦး ဇူလိုင်၂၈ ညပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် နောက်နေ့မနက်တွင် ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးနေရသည်။
ဇူလိုင်လဆန်းမှစ၍ ကနီ၊ ယင်းမာပင်နှင့် ဒီပဲယင်းမြို့နယ်များကို စစ်တပ်က ဖိနှိပ်နေ၍ ဒေသခံများ တိမ်းရှောင်နေရပြီး လူဦးရေ သောင်းဂဏန်းခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။