သတင်း

ကိုဗစ်ဆေးရရန် ပြည်ပအကူအညီကိုသာ တိုင်းရင်းသားအဖွဲ့များ မျှော်လင့်

စစ်တပ်က အာဏာသိမ်းထားပြီး ကိုဗစ်နိုင်တင်းတတိယလှိုင်း အပြင်းအထန်ရိုက်ခတ်ခံနေရချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လှုပ်ရှားနယ်မြေများ၏ ကပ်ရောဂါ ကာကွယ်ရေး၊ ကုသရေးအတွက် နိုင်ငံရပ်ခြားအကူအညီဖြင့်သာ ရုန်းကန်ဆောင်ရွက်နေရကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်တွင်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များက ၎င်းတို့ထိန်းချုပ်သည့် ဒေသတွင် နေထိုင်သော ပြည်သူများကို တရုတ်နိုင်ငံထုတ် ကိုဗစ်နိုင်တင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကူးစက်မြန်ရောဂါကို ရင်ဆိုင်နေရသည်ဟု ပြောကြသည်။

KIA

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လိုင်ဇာ၊ မိုင်ဂျာယန်ရှိ လူဦးရေ တစ်သောင်းဝန်းကျင်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှ ရရှိသော Sinovac ကာကွယ်ဆေး ထိုးနှံထားကြောင်း၊ လူဦးရေ သုံးသိန်းအထိ ထိုးပေးနိုင်ရန် မျှော်မှန်း လုပ်ဆောင်နေကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ ကြိုးစားပြီးတော့ ကာကွယ်ဆေးရရှိမှုအပေါ်မှာ မူတည်ပြီးတော့မှ ထပ်ထိုးသွားဖို့ရှိပါတယ်။ ကာကွယ်ဆေးကတော့ တရုတ်ပြည်ဘက်က ကြက်ခြေနီအသေးလေးပေါ့နော်၊ သူတို့ကူညီတဲ့ ကာကွယ်ဆေးကိုပဲ အခြေခံပြီး အဓိက  သုံးနေတယ်ဆိုတော့ သူတို့ဘက်က ဘယ်လောက်ကူညီပေးနိုင်မလဲပေါ့နော်၊ အဲဒီပေါ်မူတည်ပြီးတော့မှ ကျွန်တော်တို့ကဆက်လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

စစ်ဆေးမှုရလဒ်များအရ လိုင်ဇာမြို့တွင် ပိုးတွေ့လူနာမရှိသေးသော်လည်း မိုင်ဂျာယန်တွင် လူပေါင်း ၅၀၀ ခန့် ပိုးကူးစက်ခံခဲ့ရကြောင်း၊ ၎င်းတို့ထဲမှ ၁၅၀ ကျော်မှာ ပျောက်ကင်းသက်သာသွားပြီဖြစ်ကာ မြို့ကိုလည်း အသွားအလာကန့်သတ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။

KIA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်နိုင်တင်းရောဂါနှင့် သေဆုံးသည့် လူနာမရှိသေးသလို အဝင်အထွက်များကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ဆို့ကာ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အထူးအာရုံစိုက် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

UWSA

မြန်မာပြည်၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကလည်း လွန်ခဲ့သော သုံးလခန့်မှစ၍ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူ ငါးသိန်းနီးပါးကို ထိုးနှံပေးပြီးဖြစ်ကြောင်း လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

သို့သော် မည်သည့်နိုင်ငံထုတ်၊ မည်သည့်အမှတ်တံဆိပ်ဆေးဖြစ်သည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။ အတည်မပြုနိုင်သေးသည့် သတင်းများအရ ‘ဝ’ဒေသအတွင်းထိုးနှံပေးသည့် ကိုဗစ်ကာကွယ်ဆေးမှာ KIA က သုံးစွဲနေသည့် တရုတ်ထုတ် Sinovac ဆေးပင်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်နယ်နဲ့တစ်နယ် ကူးလူးဖို့အတွက် ကျန်းမာရေးလက်မှတ်တွေလုပ်ထားပေးတယ်နော်။ နှစ်ပတ်တစ်ကြိမ်ဆေးစစ်ဖို့ ပြုလုပ်တယ်။ ဆေးစစ်လို့အောင်တဲ့သူပဲ သွားလာခွင့်ရှိတယ်ပေါ့။ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ပါတယ်။ ပိုးတွေ့လူနာမရှိပါဘူး”ဟု ၎င်းက Myanmar Now ကို ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ဒေသအတွင်း ခိုးဝင်လာသည့် လူအချို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ထိန်းသိမ်းကုသပေးခဲ့ရသေးသည်ဟု ဦးညီရန်းက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရပါ။ 

SSPP/SSA

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ်တည်ရှိသည့် ဝမ်ဟိုင်းနယ်မြေတွင် လူဦးရေတစ်ထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က Myanmar Now ကို ပြောသည်။

“ဌာနချုပ်မှာရှိနေတဲ့ လူကြီးတွေရယ်၊ ပြီးရင် နီးစပ်ရာ သက်ကြီးရွယ်အိုတွေရယ် ဒါကို ထိုးပြီးသားဖြစ်တယ်။ အနည်းဆုံး လူငါးသိန်းလောက် ထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ အောက်စီဂျင်စက်တွေက နီးစပ်ရာမြို့တွေ လိုအပ်တဲ့နေရာကူညီသွားနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

SSPP/SSA အဓိကလှုပ်ရှားသည့် မြို့နယ်များဖြစ်သည့် မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်း၊ သီပေါ စသည့်မြို့နယ်များအပြင် လားရှိုး၊ ကျောက်မဲ၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း မြို့နယ်များတွင် ထပ်မံထိုးနှံနိုင်ရန် စီစဉ်နေသည်ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

သို့သော် ကာကွယ်ဆေးရရှိနိုင်မှုအခြေအနေကို မခန့်မှန်းနိုင်သေး၍ လုပ်ငန်းစဉ်ဆိုင်ရာ အချိန်ကာလသတ်မှတ်ချက်ကို ပြော၍ မရသေးကြောင်း၊ ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ်ဆေးဝါးဟုသာ အတည်ပြုနိုင်သေးပြီး မည်သည့်အမှတ်တံဆိပ်ဖြစ်သည်ကိုမူ ထုတ်ပြောနိုင်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ SSPP/SSA က ထိုးနှံပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံ Cansino Bio ကုမ္ပဏီမှ ထုတ်လုပ်သည့် Adenovirus ဆေးဖြစ်သည်ဟု သိရသည်။

အသံတိတ်နေဆဲအဖွဲ့များ

တရုတ်နယ်စပ်တစ်လျှောက်ရှိ အခြားလက်နက်ကိုင်များဖြစ်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ အထူးဒေသ(၄) မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA) တို့၏ ထိန်းချုပ်ဒေသများတွင်လည်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံနေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Myanmar Now က ထိုအဖွဲ့များကို  ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ထို့အတူ အထက်ပါအဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်ဖွဲ့၍ လှုပ်ရှားနေသည့် ရှမ်းပြည်နယ်အခြေစိုက် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်ပြည်နယ်တွင် ခြေကုပ်ရယူထားသည့် ရက္ခိုင့်တပ်တော်(AA)တို့နှင့်လည်း ၎င်းတို့ နယ်မြေဒေသများအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို မေးမြန်းခွင့်မရသေးပေ။

သို့သော် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း အသွားအလာကန့်သတ်ခြင်း၊ ကိုဗစ်နိုင်တင်းကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရန် TNLAနှင့် AA တို့က ထုတ်ပြန်ကြေညာထားသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ကိုဗစ်ထိန်းချုပ်ရေးသတိပေးချက်ကို ရခိုင်လူထုက လိုက်နာလျက်ရှိသည်ဟု ဒေသခံများက ပြောကြားထားသည်။ (ဓာတ်ပုံ − CJ) 

KNU

မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ ထိုင်းနယ်စပ်တွင် အခြေစိုက်သည့် ကရင်မျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင်မူ ကိုဗစ်နိုင်တင်းကာကွယ်ဆေးရရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပူးပေါင်း၍ Covid-19 Test Force ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပဒိုမန်းမန်းက ပြောထားသည်။

KNU တပ်မဟာ ၅ နှင့် Covid-19 Test Force တို့တွင် ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသည့် ပဒိုမန်းမန်းက မည်သည့်အဖွဲ့၊ မည်သည့်နိုင်ငံအကူအညီဖြင့် မည်သည့် အမှတ်တံဆိပ်ကာကွယ်ဆေးရရန် ဆောင်ရွက်နေသည်ကို တိကျစွာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သို့သော် ၎င်းတို့နယ်မြေအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရေး၊ ကုသရေးလုပ်ငန်းများကို အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ရန်မရှိဘဲ တတိယအဖွဲ့အစည်း(ကြားခံ)ဖြင့် တာဝန်ယူလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေညှိနှိုင်းနေကြောင်း ပဒိုမန်းမန်းက ဇူလိုင် ၂၅ တွင် အင်တာနက်မှတစ်ဆင့် NUG နှင့် ပူးပေါင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အခိုင်အမာပြောထားသည်။

“(စစ်ကောင်စီကို) ဘယ်လိုမှ ယုံကြည်လို့မရနိုင်ဘူး။ စိတ်ချလို့ မရနိုင်ဘူးပေါ့နော်”ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button