
အင်းစိန်ထောင်ဆန္ဒပြမှုတွင် လူသေဆုံး၊ ဒဏ်ရာရသည်အထိ ဖြိုခွင်းခံရကြောင်း ထွက်ပေါ်နေသည့် သတင်းများကို အစဉ်တစိုက်ငြင်းပယ်နေသည့် အကျဉ်းဦးစီးအာဏာပိုင်များက မိသားစု၏ ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ပိတ်ပင်ထားဦးမည်ဟု အတည်ပြုသည်။
ကိုဗစ်နိုင်တင်းတတိယလှိုင်းနှင့် ကြုံရချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၁ ရက်အထိ ရုံးဌာနများကို ပိတ်ထားရန် ကြေညာထားသလို ယင်းကာလကျော်လွန်ချိန်တွင် အထက်ပါကိစ္စများ ပြန်လည်ခွင့်ပြုရန် ဖြစ်နိုင်ခြေမရှိသေးကြောင်း ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဇူလိုင် ၂၅တွင် Myanmar Now ကို ပြောသည်။
“ကိုဗစ်ကလည်း သိတဲ့အတိုင်းပဲ။ အပြင်မှာ တအားများနေတာလေ။ အဲဒါလေးတွေကတော့ လောလောဆယ် ဆက်ပိတ်ထားရဦးမှာပေါ့။ မဖြစ်နိုင်သေးဘူးပေါ့” ဟု ၎င်းက ပြောသည်။
ထို့အတူ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က ယမန်နေ့(ဇူလိုင်၂၄)တွင် တောင်းဆိုသော အကျဉ်းထောင်များအတွင်း ဝင်ရောက်လေ့လာခွင့်ပြုရန်ကိစ္စအပေါ် ပြည်ထဲရေးဝန်ကြီးဌာနထံမှ ညွှန်ကြားချက်တစ်စုံတစ်ရာ လက်ခံရရှိခြင်းမရှိသေး၍ ခွင့်ပြုမပြု မပြောနိုင်သေးကြောင်း ဦးဇော်ဇော်က ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးထားသူတို့ကို အစားအစာသွင်းခွင့်ပေးသော်လည်း မိသားစုနှင့်တွေ့ခွင့် မပေးသေးပေ။
နိုင်ငံရေးပုဒ်မများတပ်ကာ ဖမ်းခံထားရသူတို့၏ မိသားစုဝင်နှင့် ရှေ့နေအချို့ကမူ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြပြီးနောက် အမှန်တကယ်ဖြစ်ပွားခဲ့သည့် အခြေအနေများကို သိနိုင်ရန် ရုံးချိန်းနှင့် ထောင်ဝင်စာတွေ့ခွင့် အမြန်ဆုံးပြန်ရလိုကြောင်း ပြောသည်။
“ရုံးချိန်းတွေရှိမယ်ဆိုရင်တော့ အင်းစိန်ထောင်ထဲဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး နည်းနည်းသိနိုင်တာပေါ့နော်။ အထဲဝင်မရဘူးဆိုတော့ ကျွန်မတို့ သတင်းက အတိအကျမသိရဘူးဖြစ်နေတာပေါ့” ဟု နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသူများဘက်မှ အမှုကို အခမဲ့လိုက်ပါဆောင်ရွက်နေသည့် အဖွဲ့တစ်ခုမှ ရှေ့နေတစ်ဦးက ပြောသည်။
ဆန္ဒပြမှုဖြစ်ပွားပြီးနောက် စစ်တပ်က ဝင်ရောက်စီးနင်းကာ အင်းစိန်ထောင်ကို အုပ်ချုပ်နေသည်၊ သေနတ်သုံး၍ ဖြိုခွင်းသဖြင့် လူ ၂၀ ခန့်သေဆုံးကာ အများအပြားဒဏ်ရာရသည်၊ တိုက်ပိတ်ပြစ်ဒဏ်ချခံရသူများရှိသည်၊ ဆန္ဒပြမှုအတွင်း ဝန်ထမ်းများပါ ပါဝင်သည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
၎င်းတို့၏ မိသားစုဝင်နှင့် အမှုသည်တို့ တိုက်ပိတ်ခံထားရသည်မှာ သေချာကြောင်း ဇူလိုင် ၂၅ မွန်းလွဲပိုင်းက Myanmar Now ကို အတည်ပြုလာသူ နှစ်ဦးရှိသည်။
ထောင်ဒဏ် ၃နှစ်အထိချခံရနိုင်သည့် မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အင်းစိန်ထောင်၌ ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်သော ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဇော်ထက်နိုင်(ခ) ဆစ်နိုင်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြည်စိုးမိုးတို့ တိုက်ပိတ်ခံထားရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ပုံမှန်အချိတ်အဆက်ရှိသည့် ထောင်ဝန်ထမ်းတချို့ထံမှ ကြားသိရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် တိုက်ပိတ်ထားသည်၊ ထိခိုက်ဒဏ်ရာရမှုနှင့် ကျန်းမာရေးအခြေအနေ စသည့်အသေးစိတ်ကိုမူ အတည်မပြုနိုင်ဟု သတင်းပေးလာသူတို့က ဆိုကြသည်။
“တိုက်ပိတ်ခံထားရတယ်။ ငါးယောက်လောက်ပါတယ်။ အဲဒါလေးပဲ သိထားတာပါ။ ရိုက်နှက်ခံရတာ၊ ထောင်ထဲကို ဝင်ရိုက်ခံရတယ်ဆိုပြီးတော့ ကြားရတယ်။ သူနဲ့ အတူနေတဲ့သူတွေ သူ့အဆောင်ကသူတွေ ဒဏ်ရာပြင်းထန်စွာ ရထားတယ်လို့ သိထားရပါတယ်”ဟု ကိုလေပြည်စိုးမိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ရိုက်နှက်ခံရသလို တိုက်ပိတ်ခံထားရသည်ဟု သတင်းထွက်နေသော ကိုအေးအောင်၏ အခြေအနေအတိအကျကို စုံစမ်းရခက်နေကြောင်း ဇနီးဖြစ်သူက Myanmar Now ကို ပြောသည်။
“ကိုအေးအောင် ကျန်းမာတယ်လို့ ကြားတယ်။ တိုက်တောင်မပိတ်ဘူး ကြားတယ်။ (တိုက်)ပိတ်တာတော့ အမှန်လို့လည်း ကြားတယ်။ တိုက်ပိတ်တာထက် နှိပ်စက်တာတွေရှိမှာပဲ (စိတ်)ပူတာ”ဟု ၎င်းက ပြောသည်။
ဆန္ဒပြမှုအပြီး အင်းစိန်ထောင်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် ချုပ်နှောင်ခံရသူများစွာ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံး၊ ပြစ်ဒဏ်ချခံရသည်ဆိုသော ကိစ္စများနှင့် စပ်လျဉ်း၍ “သတင်းတွေက အမှားတွေကြီးပဲ၊ တစ်ခုမှမမှန်ဘူး”ဟု ဦးဇော်ဇော်က ငြင်းသည်။ သို့သော် အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ အသေးစိတ်ကိစ္စများကိုမူ ၎င်းက ထုတ်ဖော်မှတ်ချက်ပြုခြင်းမရှိပေ။
အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကလည်း သတင်းထွက်ပေါ်နေသည့် မည်သည့်ကိစ္စမျှ အင်းစိန်ထောင်၌ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ဇူလိုင် ၂၅တွင် ငြင်းထားသည်။
“အကျဉ်းထောင်အတွင်းကို လက်နက်ကိုင်ဆောင်ပြီး ဝင်လို့မရဘူးဆိုတာ ဥပဒေမှာ တစ်ခါတည်း ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်တာ ရှိပါတယ်။ သူတို့ကို မတရားတွေရိုက်နှက်တာ၊ မတရားတွေ တိုက်ပိတ်လိုက်တာ ဒါမျိုးတွေတော့ တစ်ယောက်မှ မရှိပါဘူး။ လုပ်လည်းမလုပ်ပါဘူး” ဟု ၎င်းက ဆိုထားသည်။
ဆန္ဒပြမှုဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် အင်းစိန်ထောင်အတွင်း စစ်တပ်ဝင်စီးကြောင်း၊ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ ၄၈ နာရီကျော်လာချိန်အထိ မည်သည့်သတင်းမျှ အတိအကျစုံစမ်း၍ မရတော့ကြောင်း ယမန်နေ့(ဇူလိုင် ၂၅)က Myanmar Now ကို ပြောသည်။
အင်းစိန်ထောင်ဖြစ်စဉ်အပေါ် ငြိမ်းငြိမ်းချမ်းချမ်းကိုင်တွယ်ဖြေရှင်းရန် အမေရိကန်အပါအဝင် ၁၅ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများကလည်း အခင်းဖြစ်သည့်နေ့ (ဇူလိုင် ၂၃)တွင်ပင် တောင်းဆိုထားသည်။