သတင်း

စစ်တပ်က PDF လိုက်ရှာနေသော ဧရာဝတီတွင် ဒေသခံတချို့ တိမ်းရှောင်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်များအတွင်း ရခိုင်ရိုးမနှင့် ထိစပ်နေသော ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ သင်တန်းပေးနေသည်ဟု စစ်တပ်က ယူဆပြီး ရှာဖွေဖမ်းဆီးနေသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွသူ ဒေသခံတချို့ တိမ်း‌ရှောင်နေကြသည်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ မြန်အောင်မြို့မှ မိုင် ၄၀ ကျော်အကွာ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်သားရာဂဏန်း တပ်စွဲထားပြီး အနီးဝန်းကျင်တွင် နေ့စဉ် ရှာဖွေနေခြင်းဖြစ်သည်။

ယမန်နေ့ (ဇူလိုင် ၂၂) မနက် ၈ နာရီခန့်တွင် သရက်ကုန်းရွာမှ ၃ မိုင်ခန့်အကွာရှိ ငှက်ကြီးကွင်းရွာကို စစ်တပ်က အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းကာ အသက် ၃၀ အရွယ်ရှိ ကိုထွန်းထွန်းဆိုသူ ရွာသားတစ်ဦးကို လက်လုပ်မိုင်း ပြုလုပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးသွားသည်။

“ဒလန်တွေက သတင်းပေးတာထင်တယ်။ PDF အဖွဲ့ရှိတယ်ဆိုပြီး သူတို့ (စစ်တပ်) က ရှာတာ။ ပြီးခဲ့တဲ့လကလည်း တစ်ခေါက်လာရှာသေးတယ်။ PDF ဆိုပြီး ဒေသခံ ၆ ယောက် ဖမ်းသွားပြီးတဲ့နောက်ပိုင်း ခဏခဏ ဒီအနီးပတ်ဝန်းကျင်တွေကို လာနေတာ။ ခု ပိုဆိုးလာတာ” ဟု အသက် ၃၀ အရွယ် ငှက်ကြီးကွင်းရွာသားတစ်ဦးက ပြောသည်။ 

“ငှက်ကြီးကွင်းရွာအုပ်စုထဲမှာ ရွာပေါင်း ၂၀ ကျော်အထိ ရှိတယ်။ ဒလန်တွေက သတင်းပေးနေလို့ အဲဒီရွာတွေက တက်ကြွလှုပ်ရှားသူတွေက တိမ်းရှောင်နေရတယ်ဗျာ။ ဆန္ဒပြပွဲမှာ တက်တက်ကြွကြွပါခဲ့တဲ့သူက မနေရဲကြတော့ဘူး ။ အဆင်ပြေရာနေရာကို ရှောင်နေရတာ”  

ပြီးခဲ့သည့် ဇူလိုင် ၁၆ တွင် လေကြောင်းဖြင့် လာရောက်စစ်ဆေး ထောက်လှမ်းခဲ့သည်ဟု သူက ပြောသည်။

“ရဟတ်ယာဉ်တစ်စီးတည်း လာတာ။ မနက်အစောပိုင်းကတည်းက သွားလိုက်ပြန်လိုက်နဲ့ မောင်းနေတာ။ ရခိုင်ရိုးမခြေရင်းမှာ PDF သင်တန်းပေးနေတာကို လာရှာတာလို့ ပြောတယ်။ တောဘက်ဆိုတော့ လူကြီးတွေက လန့်တာပေါ့” ဟု အထက်ပါ ငှက်ကြီးကွင်းရွာသားက ဆက်ပြောသည်။

ပုသိမ်-မုံရွာကားလမ်းမအပါအဝင် ငှက်ကြီးကွင်းအနောက်မြောက် ၁၆ မိုင်အကွာတွင် ရှိသော သံတောင်အနီး ရဟတ်ယာဉ်ဖြင့် အဓိကရှာဖွေကြောင်း သက်လတ်ပိုင်းအရွယ် အင်ပင်ရွာဒေသခံကတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့အပတ်က သံတောင်မှာ PDF လူငယ်တွေ တပ်စွဲမယ်ဆိုပြီး ပွနေတဲ့သတင်းတွေရှိတယ်။ အမှန်ကတော့ PDF တွေ တပ်စွဲတာတော့ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ပုဒ်မကပ်ခံရတဲ့ကလေးတွေ နေကြစားကြတဲ့နေရာဗျာ။ သွားရင်းလာရင်းတွေ့တဲ့သူတွေက ဒလန်လုပ်ကြတာပေါ့ဗျာ”ဟု ၎င်းက ဆက်ပြောသည်။

ဇွန် ၁၂ က မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနီး တောတွင်းကို စစ်တပ်က တောနင်းရှာဖွေခဲ့ရာ PDF ၆ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိသည်ဟုဆိုကာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

၎င်း ၆ ဦးမှာ ဒေသခံအလုပ်သမားများသာဖြစ်ကြောင်း ငှက်ကြီးကွင်းဒေသခံက ပြောသည်။

“သစ်ခြံထဲမှာတွေ့တဲ့ဟာတွေကို PDF ပါ ဆိုပြီး ဖမ်းသွားတာ။ ဘယ်ကရတဲ့သေနတ်တွေမှန်းလည်း မသိဘူး။ ဓာတ်ပုံတွေနဲ့ ရိုက်ပြီး အမှုတွေကပ်တာ။ တကယ်လုပ်လို့ တကယ်ခံရတာ ကျွန်တော်တို့ ဘာမှမပြောလိုဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၅ တွင်လည်း ကျုံပျော်မြို့နယ်၊ လှေဆွဲကျရွာတွင် ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းရာမှ စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံအမျိုးသား ၃ ဦး သေဆုံးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အားကောင်းသော ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း မြို့ရွာများတွင် အပြင်းအထန်ဆန္ဒပြခဲ့ကြသည်။

လက်နက်ကိုင်တော်လှန်နေသော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်း ဖိနှိပ်လျက်ရှိရာမှ ဧရာဝတီတိုင်းဒေသရှိ ရခိုင်ရိုးမအစပ် ကျေးရွာများကိုပါ ဝင်ရောက်စီးနင်းရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ 

Show More

Related Articles

Back to top button