
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို မြို့ပေါ်စစ်ရှောင်စခန်းများသို့သာ ပေးဝေရန် စည်းကမ်းသတ်မှတ်ထားကြောင်း မြို့မိ၊ မြို့ဖများထံမှ သိရသည်။
“ဖြန့်ဝေရေးက ဒီနေ့စပြီ။ စခန်းမှာရှိနေတဲ့ မိသားစုကိုပဲ ပေးရမယ်လို့ ကာနယ်ကြီး (ဗိုလ်မှူးကြီး)ရဲ့ လမ်းညွှန်ချက်ပေါ့။ အဲဒါနဲ့ စခန်းမှာရှိနေတဲ့ မိသားစုတွေပဲပေးရတယ်” ဟု မင်းတပ်မြို့၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ မြို့မိမြို့ဖတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်၏ ဖိနှိပ်မှုကို လက်နက်ကိုင်၍ အစောဆုံးတွန်းလှန်ခဲ့သည့် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရထားချိန်၌ UNHCR ၏ စစ်ရှောင်များအတွက် ထောက်ပံ့ရေးပစ္စည်းများမှာ ယမန်နေ့ (ဇူလိုင် ၁၉) ရက်တွင် မင်းတပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
စစ်ကောင်စီ၏ သဘောတူညီမှုဖြင့် မင်းတပ်မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်း ၁၀ ခုရှိသော်လည်း တိုက်ပွဲများရပ်စဲထားချိန်တွင် ခိုလှုံသူအများစု နေရပ်ပြန်သွားသဖြင့် အကူအညီပေးရေးပစ္စည်းများ ရောက်လာချိန်၌ ဦးရေအနည်းငယ်သာကျန်တော့ကြောင်း အထက်ပါ မြို့မိမြိုဖကပင် ပြောသော်လည်း အတိအကျကို မသိရပေ။
UNHCR ၏ ထောက်ပံ့ပစ္စည်းများကို မင်းတပ်မြို့ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် ဗဟိုဘုန်းကြီးကျောင်းတွင် ခိုလှုံနေဆဲဖြစ်သည့် စစ်ဘေးရှောင် အိမ်ထောင်စု ၅၀ ခန့်အတွက် ယနေ့ (ဇူလိုင် ၂၀)တွင် စတင်ဖြန့်ဝေနိုင်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။
“လုံခြုံရေးအရ တောထဲတောင်ထဲမှာ သွားခွင့်မပေးဘူး။ တောထဲတောင်ထဲမှာ ရွာမှာရှိနေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ခွင့်ရဖို့က မလွယ်ဘူးထင်တယ်” ဟု ထိုသူကပင် မှတ်ချက်ပြုသည်။
ဒေသတွင်း အမှန်တကယ်အကူအညီလိုအပ်နေသူများစာရင်းတွင် မြို့ပေါ်အပြင် အနီးတဝိုက်ကျေးရွာများရှိ လူဦးရေကိုးထောင်ကျော်သည်လည်း အပါအဝင်ဖြစ်သော်လည်း စစ်ကောင်စီက ကန့်သတ်ထားသဖြင့် အခက်ကြုံနေရသည်ဟု မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
“ကျေးရွာမှာနေတဲ့လူထုကလည်း စစ်ရှောင်တွေကဲ့သို့ပဲ ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့ရတဲ့အတွက်ကြောင့် စစ်ရှောင်ကဲ့သို့ပဲ သတ်မှတ်ပြီးတော့ ရိက္ခာစုဆောင်းဝယ်ယူပြီးထောက်ပံ့ပေးရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သို့သော် ဆန်နှင့်ဆေးဝါး အဓိကလိုအပ်နေသည့် ကျေးရွာနေဒေသခံများကို ထောက်ပံ့ကူညီနိုင်ရေးတွင် စစ်ကောင်စီ၏ သတ်မှတ်ချက်က အဟန့်အတားဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။
“စားနပ်ရိက္ခာလိုတာကတော့ ရေရှည်စားသုံးနိုင်မယ့် ဆန်လိုအပ်တယ်။ အသီးအရွက်ကတော့ မိုးရာသီဖြစ်တော့ စိုက်ခင်းက အသီးအရွက်လေးတွေ စားသုံးလို့ရပါတယ်။ ဆေးဝါးလိုအပ်ပါတယ်။ ဆေးဝါးကို လုံးဝအဖြတ်မခံပါဘူး။ တွေ့တာနဲ့ (စစ်ကောင်စီက) တန်းဖမ်းပါတယ်။ ဆိုတော့ နေမကောင်းတဲ့လူတွေအတွက် ဆေးဝါးတွေက အရမ်းလိုအပ်နေပါတယ် ” ဟု အထက်ပါ ကော်မတီတာဝန်ရှိသူက ပြောသည်။
ထိုသို့သော စစ်ဘေးရှောင်များအတွက် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကအလှူရှင်များ၏ထောက်ပံ့မှုဖြင့်သာ ကူညီနေရကြောင်း၊ စစ်ကောင်စီ၏ လုံခြုံရေးအကြောင်းပြ ကန့်သတ်မှုများကြောင့် UNHCR ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“အာဏာရှင်တစ်ယောက်ရဲ့လုပ်ရပ်တွေအတွက် သူတို့ဘက်ကလည်း ပြန်ပေးဆပ်ရမယ်” ဟု သူက မှတ်ချက်ပြုသည်။
လက်ရှိတွင် မင်းတပ်မြို့၌ ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်မှုများ ရှိလာနေပြီဖြစ်သဖြင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများ ပံ့ပိုးကူညီမှုကို အရေးတကြီးလိုအပ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“တောမှာရှိတဲ့သူသော်လည်းကောင်း၊ မြို့မှာရှိတဲ့သူသော်လည်းကောင်း အားလုံးကို ညီတူညီမျှရစေချင်တာပေါ့။ ဒါပေမဲ့ တာဝန်ရှိပုဂ္ဂိုလ်များရဲ့စီမံခန့်ခွဲမှုထဲမှာ မြို့ပေါ်ပဲရတော့၊ တောမှာမရဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့” ဟု မင်းတပ်မြို့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင် မြို့မိမြို့ဖကလည်း ပြောသည်။
မင်းတပ်မြို့ပေါ်၌ ဖြန့်ဝေသည့် အကူအညီပေးရေးပစ္စည်းများတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကာကွယ်ရေး တစ်ကိုယ်ရေသုံးပစ္စည်း၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ ပါဝင်ကြောင်း၊ လူဦးရေငါးထောင် (အိမ်ထောင်စုတစ်ထောင်) စာ ဖြစ်ကြောင်း UNHCR က ဇူလိုင် ၁၉တွင် ထုတ်ပြန်ထားသည်။
ထို့အတူ စစ်ဘေးရှောင်များ၏ လိုအပ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို ပိုမိုသိရှိစေနိုင်ရန် ရပ်ရွာလူထု၊ ဘာသာရေးအုပ်စုများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်၌ ဆိုထားသော်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့ ကန့်သတ်မှုအပေါ် သီးခြားမှတ်ချက်ပြုမှု မရှိသေးပေ။
မနက်ဖြန်(ဇူလိုင်၂၁)တွင်မှ အကူအညီလိုအပ်နေသူများကို ထပ်မံပေးဝေနိုင်ခြင်းမရှိလျှင် ယာဉ်တန်းပါပစ္စည်းများကို ပခုက္ကူဘက်သို့ ပြန်မည့် ကျေးရွာများထံ ဖြန့်ဝေခွင့်ရရန် စစ်ကောင်စီနှင့် ထပ်မံညှိနှိုင်းဦးမည်ဟု UNHCR ဘက်မှ ကြားသိထားကြောင်း အထက်ပါ မြို့မိမြို့ဖက ပြောသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဒေသခံတို့၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိများကို မေးမြန်းလိုသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရ သေးပေ။