သတင်း

စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်နေဟု KNU တပ်မဟာအချို့သတင်းထုတ်ပြန် 

အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်တိုက်ခိုက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာအချို့က ယနေ့ (ဇူလိုင် ၁၇) သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၆) က KNU တပ်မဟာ (၅) နှင့် တပ်မဟာ (၁) ထိန်းချုပ်ရာနယ်မြေများ၌ စစ်ကောင်စီတပ်က ၎င်းတို့တိုက်ခိုက်ခံရပြီးနောက် ရပ်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာတွင် လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ (၁) က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ဘိုက္ကားကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ လှည်းလမ်းကူးကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာမစိုးရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ညနေပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ အဆိုပါတပ်စခန်းက ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“သူတို့တွေက လက်နက်ကြီးကို ရွာထဲကို ပစ်ချတာရှိတယ်။ အဲဒါက သူတို့ရဲ့တပ်စခန်းကို ဝင်မပစ်ရအောင် အဲဒီလိုလုပ်တာပေါ့။ တစ်ခုခုပစ်ခတ်လို့ရှိရင် အဲဒီရွာသားတွေ ထိခိုက်အောင် သူတို့ လက်နက်ကြီးတွေ ပစ်ချတယ်၊ အဲဒီလို” ဟု KNU တပ်မဟာ(၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖာပွန်မြို့နယ် ကူးဆိပ်ကျေးရွာအနီးတွင်လည်း ယမန်နေ့က ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအပြီးတွင် စစ်တပ်က ကူးဆိပ်ရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံများ၏ နေအိမ်လေးလုံးပျက်စီးခဲ့သည်ဟု KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။ 

“တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ အကျအဆုံးတော့ရှိတယ်။ တိုက်ပွဲဖြစ်ပြီးတော့ စစ်အုပ်စုတွေက ကူးဆိပ်ကို ရောက်သွားတာ။ အဲဒီမှာ အိမ်တွေကို မီးရှို့လိုက်တာ။ ရှို့မီးလို့ ပြောရမှာပေါ့၊ လက်နက်ကြီးထိတာတော့ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၃ ရက်တွင်လည်း ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရခဲ့သည်။ 

ထို့ပြင် ဇူလိုင် ၁၀ ရက်ကလည်း သထုံခရိုင်၊ လေးကေကျေးရွာအတွင်း တပ်စွဲထားသည့် BGF စခန်းက လက်နက်ကြီးလက်နက်ငယ်များဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ တိရစ္ဆာန်အချို့နှင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင် ၁ ရက်ကလည်း ဘားအံမြို့နယ်အတွင်း၌ စစ်ကောင်စီနှင့် BGF ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ညောင်းကုန်းကျေးရွာရှိ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။

လတ်တလောတွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းအဖွဲ့သည် KNU တပ်မဟာထိန်းချုပ်ရာ နယ်မြေများအတွင်း စစ်အင်အားတိုးမြှင့် ဝင်ရောက်လာ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားသည်။ ​

ဖေ​ဖော်ဝါရီလမှ ဇူလိုင်လလယ်ပိုင်းအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၆၀၀ ကျော်သေဆုံးခဲ့သည်ဟု တပ်မဟာ (၅) က ဆိုသည်။ 

KNU သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူလူထုကိုလည်း အကူအညီပေးလျက်ရှိသည်။ 

Show More

Related Articles

Back to top button