အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့ပစ်ခတ်မှုတွင် ၅  နှစ်သမီး ဦးခေါင်းဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် လဆန်းပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းဒဏ်ရာရသွားသည့် ၅ နှစ်သမီး ဆေးကုသမှုခံယူရန် ကြိုးစားနေသည်ဟု ယနေ့ (ဇူလိုင် ၁၆) တွင် ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းက အိမ်အနီး လက်နက်ကြီးကျည် ပေါက်ကွဲခဲ့သည်ဟု ကလေး၏ဖခင် ဦးဖြိုးဝေအောင်က ဆိုသည်။

“ညကိုးနာရီလောက်မှာ ပစ်ခတ်နေကြတာပေါ့။ နောက်တော့ ကျွန်တော်တို့နားမှာ လက်နက်ကြီးကျည်က နှစ်လုံးဆက်တိုက် ကျလာတယ်။ တစ်လုံးကတော့ မထိဘူး။ တစ်လုံးကတော့ အိမ်ဘေးနားက နံရံကို မှန်ပြီးတော့ ထိသွားတာ။ အပေါက်ကနေ ကျည်စတွေက ဝင်လာတာဗျ” ဟု ဦးဖြိုး‌‌ဝေအောင်က ဆိုသည်။

ကလေးငယ်၏ နားထင်ကို ဖောက်ဝင်သွားသည့် ကျည်စဟု ယူဆရသော အပိုင်းအစတစ်ခုသည် ဦးခေါင်းအတွင်း၌ ရှိနေသေးသည်ကို ဓာတ်မှန်ရိုက်ကူးပြီး ထွက်လာသည့် ရလဒ်တွင် တွေ့နေရကြောင်း၊ ကလေးငယ်၏ ခြေထောက် လှုပ်ရှား၍ မရခြင်းမှာ ခေါင်းအတွင်း ဝင်ရောက်နေသည့် ထိုအပိုင်းအစကြောင့်ဖြစ်နိုင်ကြောင်း ကလေးငယ်ကို ကြည့်ရှုပေးသည့် ဆရာဝန်က ပြောဆိုခဲ့သည်ဟု ဖခင်ဖြစ်သူက ရှင်းပြသည်။ 

“နားထင်ကနေ ငယ်ထိပ်ကို ဖောက်ဝင်သွားတဲ့ပုံစံပေါ့။ ခွဲရမလား ဘယ်လိုလုပ်ရမလဲ‌တော့ မသိဘူး။ မန္တလေးသွားကြည့်မှပဲ သိမှာပဲ။ ရိုးရိုးဓာတ်မှန်နဲ့ မရဘူးတဲ့၊ ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်ရမယ်ဆိုလား ဆရာဝန်က ပြောတယ်” ဟု ဦးဖြိုး‌‌ဝေအောင်က ဆိုသည်။

ရေတွင်းတူးသည့်လုပ်ငန်း လုပ်ကိုင်သူ ဦးဖြိုး‌‌ဝေအောင်က အထွေထွေအကျပ်အတည်းဖြစ်နေသော အခြေအနေတွင် ငွေရေးကြေးရေးအဆင်မပြေမှုကြောင့် မန္တလေးသို့  ကလေးငယ်ကို ပို့ဆောင်ကုသရန် ခက်ခဲနေကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်အသည်းအသန်လူနာ အများအပြားရှိနေရာ အကူအညီလိုအပ်သူ များပြားလွန်းသဖြင့် ၅ နှစ်သမီး အကူအညီရရန်လည်း မလွယ်ကူသေးပေ။

ခရီးထွက်ရန် အကူအညီရပြီးပါကလည်း ကိုဗစ်ကပ်ဘေးသင့်နေသော မန္တလေးမှ သင့်လျော်သည့်နေရာတွင် ကုသမှုခံယူနိုင်ရန် ကြိုးစားရဦးမည်ဖြစ်သည်။ 

အိမ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ်က မိခင်ဖြစ်သူလည်း ခါးကို ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ရာ ယခုအခါ သက်သာသွားပြီဟု မိသားစုထံမှ သိရသည်။

ထိုည ပစ်ခတ်မှုများဖြစ်ပွားရာမှာ ပေါ်ထွက်လာသည့် ပေါက်ကွဲသံများကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး နှလုံးခုန်ရပ်ပြီး သေဆုံးခဲ့ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button