သတင်း

မန္တလေးစာသင်တိုက်တစ်ခုတွင် သံဃာ ၄၀ ကျော် ကိုဗစ်ကူးစက်နေ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ သံဃာ  ၃၀၀ ကျော်ရှိသည့် စာသင်တိုက်တစ်ခုတွင် သံဃာ ၄၂ ပါး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း မန္တလေးအခြေစိုက် ရင်ဘတ်တူညီနောင် ပရဟိတအသင်းထံမှ သိရသည်။

ရန်ကုန်-မန္တလေးကားလမ်း တံခွန်တိုင်ဈေးနှင့် မျက်နှာချင်းဆိုင်ရှိ  ပြိုင်စံကင်းရှားကျောင်းတိုက်အတွင်းမှ တန့်ကြည်တောင် (ပုဂံကျောင်းတိုက်) တွင် ဖြစ်ပွားခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်က ဦးဇင်းတစ်ပါးဖျားလို့ စစ်ဆေးကြည့်တော့ ကိုဗစ်ဖြစ်နေတာ၊ အဲ့ဒါနဲ့ အပါး ၈၀ လောက် စစ်လိုက်တော့ ၄၂ ပါးမှာ ပိုးကူးခံထားရတာတွေ့တယ်။ အပါး ၃၀၀ လုံးကို စစ်ဖို့လိုတယ်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနက မစစ်ရသေးတဲ့ ဦးဇင်းတွေကို စစ်ဖို့လိုရင် စစ်ပေးမယ်ဆိုပြီး ပြောထားပါတယ်” ဟု ရင်ဘတ်တူညီနောင်အသင်းတည်ထောင်သူ ဦးဝေဖြိုးဟန်က ပြောသည်။

“ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ဆွမ်းကပ်တာတွေကို PPE (ကာကွယ်ရေးဝတ်စုံ) နဲ့ ကပ်ဖို့နဲ့၊ ဆေးရုံပို့ဖို့ လိုလာတဲ့အခါကျရင် ပို့ဆောင်ရေးကို တာဝန်ယူထားပါတယ်”

ကူးစက်ခံထားရသူတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး အခြားဝေယျာဝစ္စများကို ရင်ဘတ်တူညီနောင်အသင်းနှင့် အခြားမိတ်ဖက်လူမှုကယ်ဆယ်ရေးအသင်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကူးစက်ပျံ့နှံ့မှု ထပ်မဖြစ်စေရေးအတွက် ကျောင်းတိုက်ကို အဝင်အထွက်ကန့်သတ်ထားကြောင်း သိရသည်။

လူမှုကူညီရေးအသင်းများက ကူးစက်သံဃာ ၄၂ ပါးကိုသာ ဆွမ်း၊ ကွမ်း၊ ဆေးကိစ္စများ ကူညီနိုင်ကြောင်း၊ ကူညီရာတွင်လည်း ဆေးဝါးအပါအဝင် ဆွမ်းအလှူရှင်များ လိုအပ်လျက်ရှိကြောင်း၊ ဆေးစစ်ထားခြင်းမရှိသည့် ကျန်သံဃာအပါး ၂၅၀ ကျော်အတွက် ကျောင်းတွင်းနေ ဒါယကာတချို့က ဆွမ်းကိစ္စဆောင်ရွက်ပေးလျက်ရှိသော်လည်း အခက်အခဲများရှိနေကြောင်း ဦးဝေဖြိုးဟန်က ပြောသည်။

မန္တလေးတွင် ပြီးခဲ့သည့် ဇွန်လအတွင်း မစိုးရိမ်စာသင်တိုက် (တိုက်သစ်) မှ သံဃာ ၁၁ ပါးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဖူးသော်လည်း ယခုကဲ့သို့ အပါး ၄၂ ကျော် ကူးစက်ခံရသည်မှာ ပထမဆုံးဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ထိုသို့ အစုလိုက်အပြုံလိုက်ကူးစက်မှုများထဲတွင် ဇူလိုင်လဆန်းအတွင်း ဧရာဝတီတိုင်းရှိ မြို့နယ်တချို့ရှိ ဒေသခံများနှင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သို့ ပြောင်းရွှေ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကူးစက်မှုလည်း ပါဝင်သည်။ 

မေလဆန်းမှစ၍ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုတတိယလှိုင်းကို ရင်ဆိုင်လာကြရပြီး ကူးစက်မှုနှုန်းမြန်ဆန်ခြင်း၊ ရောဂါလက္ခဏာပြင်းထန်ပြီး သေဆုံးမှုများပြားခြင်းများကို ရင်ဆိုင်လာကြရသည်။

ယမန်နေ့ ဇူလိုင် ၁၄ တစ်နေ့တည်းတွင် ရန်ကုန်မြို့၌ ကိုဗစ်နှင့် ပိုးကူးစက်သံသယဖြင့် သေဆုံးသူ ရာနှင့်ချီ ရှိခဲ့သည့်အပြင် မန္တလေးမြို့တွင် သေဆုံးသူ ၆၀ အထိ ရှိကြောင်း၊ ယနေ့ ဇူလိုင် ၁၅ မွန်းလွဲ ၃ နာရီ အချိန်အထိ သေဆုံးသူ ၃၀ အထိ ရှိနေပြီဖြစ်ကြောင်း မန္တလေးပရဟိတအသင်းများ၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီကျန်းမာရေးဌာန၏ ဇူလိုင် ၁၄ ထုတ်ပြန်ချက်တွင် ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြု လူနာ ၇,၀၈၃ ဦး တွေ့ရှိရပြီး အတည်ပြုလူနာ စုစုပေါင်း ၂၀၈,၃၅၇ ဦး ရှိပြီဟု ဖော်ပြထားသည်။ 

Show More

Related Articles

Back to top button