အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းစည်ပင်ပိုင် ဆီဘောက်ဆာတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရဟုဆို 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မော်တော်ယာဉ်ဌာနတွင် ယနေ့ (ဇူလိုင်) နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဆီသယ်ယာဉ် (ဆီဘောက်ဆာ) တစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု တာဝန်ရှိသူက အတည်ပြုသည်။

“ရိုးရိုး မီးမတော်တဆလောင်တာတော့ မဟုတ်ဘူး။ လက်လုပ်ဗုံးကွဲတာလို့ ယူဆရပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေးနေတုန်းပါ။ ဒီမှာက ဝန်ထမ်းကလည်း ၆၀၀၀ ကျော်လောက်ရှိတယ်။ အဝင်အထွက်ကလည်း ရှုပ်တော့ ဘယ်သူက ဘယ်လိုလုပ်တာလဲဆိုတာတော့ ပြောရခက်ပါတယ်” ဟု စည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးတစ်ဦးက ပြောသည်။ 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြားရှိ စည်ပင်သာယာရေးကော်မတီ၏ မော်တော်ယာဉ်ဌာနအတွင်း ယနေ့ နံနက် ၆ နာရီခန့်က ဆီဘောက်ဆာကားတစ်စီး မီးလောင်ပြီး ပေါက်ကွဲသံများဆူညံနေခဲ့ကြောင်း ထိုပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ 

“ပေါက်ကွဲသံတွေ အကျယ်ကြီးတွေ အရင်ကြားရတာ။ ချက်ချင်းပဲ မီးခိုးတွေ အများကြီးထွက်လာတာ။ နောက်မှ သိရတာက ဆီဘောက်ဆာကားမှာ ဗုံးထောင်ထားပြီး ကွဲတာလို့သိရတာ။ အသံတွေကတော့ အကျယ်ကြီးတွေ၊ ဆီဘောက်ဆာဖြစ်တဲ့အတွက် အဲ့ဒါကွဲပြီး ထွက်တာထင်တယ်” ဟု လမ်း ၆၀ အနီး ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် တွေ့ရှိရသည့် ဗီဒီယိုတစ်ခုတွင် ဆီဘောက်ဆာကာ မီးလောင်ခဲ့ပြီး အဆိုပါအဆောက်အအုံအတွင်းရှိ အခြားယာဉ်များ လောင်ကျွမ်းခြင်းမရှိသည်ကို တွေ့ရသည်။ 

မီးလောင်ပေါက်ကွဲရာသို့ မီးသတ်တပ်ဖွဲ့က အင်အားအများအပြားဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ဆီဘောက်ဆာကားနှင့် အဆောက်အအုံပျက်စီးသွားသည်ကိုလည်း တွေ့ရှိရသည်။ 

မန္တလေးမြို့ရှိ စည်ပင်သာယာရေးကော်မတီရုံးအပါအဝင် မော်တော်ယာဉ်ဌာနသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးရုံးများနည်းတူ လုံခြုံရေးအကာအရံ ထူထပ်သည့် နေရာများဖြစ်သည်။ 

အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် ရာနှင့်ချီသော အရပ်သားပြည်သူများ သေဆုံးခဲ့ရပြီး နိုင်ငံတစ်ဝန်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိသည်။

မြို့ကြီးများနှင့် ဒေသအချို့တွင် စစ်ကောင်စီသတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရမှုများပေါ်ပေါက်ခဲ့သည့်နည်းတူ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအတွင်းရှိ အခြေခံအဆောက်အအုံများ ဗုံးခွဲတိုက်ခိုက်ခံရခြင်းများလည်း ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button