
ကရင်အမျိုးသားများ သွေးစည်းညီညွတ်ရေးကို မလိုလားသော စစ်ကောင်စီ၏ သွေးထိုးခြင်းကို နားမယောင်ရန် သတိပေးနှိုးဆော်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ယနေ့ (ဇူလိုင် ၁၄) တွင် ထုတ်ပြန်သည်။
KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို ရာထူးမှ ယာယီဆိုင်းငံ့ကြောင်း KNU ကာကွယ်ရေးဌာနက ဇူလိုင် ၈ ရက်တွင် ဆုံးဖြတ်ပြီးနောက် ထွက်ပေါ်လာသည့် စာတစ်စောင်နှင့် ပတ်သက်၍ KNDO က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်က လုပ်ကြံဖော်ပြထားသည့် စာတစ်စောင်တွင် KNU ခေါင်းဆောင်များကို လုပ်ကြံရန် KNDO က စီစဉ်နေသည်ဟူသော သတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်း၊ စစ်ကောင်စီက သွေးထိုးနေခြင်းသာဖြစ်ကြောင်း KNDO ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNDO ရည်ညွှန်းသည့် စစ်ကောင်စီထုတ်ပြန်သည်ဆိုသောစာတွင် NCA ပါ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို သင်တန်းပေးနေသည့် စောနယ်ဒါးမြဦးဆောင်သည့် အဖွဲ့ကို လက်ဦးမှုရယူချေမှုန်းနိုင်ရေး အသင့်ပြင်ထားရန် စစ်ကောင်စီတပ်များကို ညွှန်ကြားထားဟု ပါရှိသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ဟု အဆိုပါစာမှာ စစ်ကောင်စီထုတ်ပြန်သည့် စာဟုတ်မဟုတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မေလကုန်ပိုင်းက မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေးကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ ၄၇ ဦးကို ဖမ်းဆီးပြီးနောက် ၂၅ ဦးကို KNDO က သတ်ဖြတ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်အပေါ် KNU က စုံစမ်းစစ်ဆေးနေချိန်တွင် အဆိုပါစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
KNDO ခေါင်းဆောင်ကို ယာထူးမှ ယာယီရပ်ဆိုင်းခြင်းက အဖွဲ့အတွင်း ပြဿနာကြီးကြီးမားမားမဖြစ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးခြင်း၊ လူချင်းတွေ့၍ ဆွေးနွေးခြင်းများဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယခုထွက်ပေါ်နေသည့် စာသည်လည်း ကရင်လက်နက်ကိုင်အချင်းချင်း သွေးကွဲစေနိုင်သည့် ရန်သူ၏ သွေးထိုးမှုသာဖြစ်ကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုက ကိုယ့်အချင်းချင်း ပြန်တိုက်ရမယ့်အချိန် မဟုတ်ဘူး။ အခုက ရန်သူကို တိုက်ရမယ့်အချိန်။ ရန်သူဆိုတာ စစ်အစိုးရကို တိုက်ရမယ့်အချိန်။ အချင်းချင်းနားလည်မှု ရှိရမယ်။ ပြည်သူလူထုနဲ့ ပူးပေါင်းရမယ်” ဟု အဆိုပါ KNU တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးကာလ နှစ်ပေါင်း ၇၀ အတွင်း ရန်သူ၏ သွေးထိုးမှု၊ သွေးခွဲမှုများကို ကြိမ်ဖန်များစွာ ကြုံခဲ့ရပြီးဖြစ်ရာ သတိထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အခုတည်ထောင်လာတဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) တို့ကိုလည်း သူတို့(စစ်ကောင်စီ) သွေးထိုးမှာပဲ။ အဲဒါ သတိထားရမှာပဲ။ သတိရှိရှိနဲ့ နားလည်မှုရှိရမယ်” ဟု KNU တာဝန်ရှိသူက ဆက်လက ပြောကြားသည်။
ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီသည် အချက်အလက်အမှားများအသုံးပြု၍ KIA နှင့် ပြည်သူလူထုအကြား၊ တိုင်းရင်းသားအချင်းချင်းအကြား သပ်သျှိုသွေးခွဲမှုများ လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။
မကြာသေးမီက ကချင်အမျိုးသားအစည်းအရုံး(KNO)က ထုတ်ပြန်သည်ဆိုသည့်စာကို စစ်ကောင်စီက အချက်အလက်အမှားများအသုံးပြုကာ ဗန်းမော်မြို့ရှိ ရပ်ကွက်များတွင် လိုက်လံကပ်ခဲ့သည်။
စစ်ကောင်စီက လုပ်ကြံဖော်ပြထားသည့် အဆိုပါစာတွင် KIA ထောက်ပံ့သည့် လက်နက်ခဲယမ်းများ သပိတ်ကျင်းမြို့အနီးဖမ်းခံရမှုမှာ သူလျှိုများကြောင့်ဖြစ်ကြောင်း၊ စိမ့်ဝင်နေသည့် စစ်တပ်သူလျှိုများကို ဖော်ထုတ်ပြီး စစ်ဆေးအပြစ်ပေးရန် တိုက်တွန်းကြောင်း စသည့် အချက်အလက်အမှားများ အသုံးပြုထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များနှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသော ကချင်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ပြည်သူလူထုက အမြင်လွဲမှားစေနိုင်သည့် အချက်အလက်အမှားများဖြင့် စစ်ကောင်စီက လုပ်ကြံဖန်းတီးနေသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများက ယူဆနေသည်။