သတင်း

တိုင်းရင်းသားဒေသများတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဆက်ဖြစ် 

ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်၊ ဝိုင်းမော်မြို့နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အရှေ့ဘက်တွင် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP/KA)နှင့် ယမန်နေ့ ဇူလိုင် ၁၃ တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

KNPP က ၎င်းတို့လှုပ်ရှားနယ်မြေ ဒေါတဟေးရွာနှင့် ကွန်နားတောင်ပေါ်ရွာအကြားတွင် အာဏာသိမ်းစစ်တပ်များ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောသည်။

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာခြင်းမရှိပါက တိုက်ပွဲများဆက်ဖြစ်နိုင်ကြောင်းလည်း ၎င်းတို့၏ သတင်းနှင့်ပြန်ကြားရေးဌာန KNIC က သတင်းထုတ်ပြန်သည်။

ယခုတိုက်ပွဲသည် ဇူလိုင်လအတွင်း ၅ ကြိမ်မြောက်တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။ 

ဇူလိုင် ၂ရက်က လွိုင်ကော် – ရှားတောလမ်းပိုင်း ပွန်ချောင်းအနီး၌ တစ်ကြိမ်၊ ဇူလိုင် ၃ရက်က လွိုင်ကော်မြို့ တောင်ဘက်၌ မိုင်အနည်းငယ်အကွာတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီတပ်က လွိုင်ကော်နှင့် ရှားတောဒေသရှိ KNPP ထိန်းချုပ်လှုပ်ရှားဒေသများသို့ အင်အားတိုးချဲ့လာ၍ တိုက်ပွဲဖြစ်ပွားကြောင်း KNIC က သတင်းဖော်ပြသည်။

ယမန်နေ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများသော  စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းလည်း Karenni Army Center က ၎င်းတို့၏ Facebook စာမျက်နှာတွင် ယမန်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ထိုစာမျက်နှာတွင် ဇွန်လအတွင်း တိုက်ပွဲကျသည့် ၎င်းတို့အရာရှိတစ်ဦး၏ နာရေးသတင်းလည်း တင်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဘက်က ကယားပြည်နယ်တိုက်ပွဲအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဆက်သွယ်မေးမြန်း၍လည်း မရသေးပေ။

ယခင်က တိုက်ပွဲမရှိသလောက်နည်းပါးသည့် ကယားပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၂၀ရက်မှစ၍ တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ 

ထိုဖြစ်ရပ်များအနက် မေလအတွင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများလည်း ပါဝင်သည်။

ကချင်နှင့် ရှမ်းမြောက်

မတ်လမှစ၍ တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်ဘက်တွင်လည်း ဇူလိုင် ၁၁ရက် ညပိုင်းက ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်။

“ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်နားမှာ ဂိတ်ရှိတာကိုး။ အဲဒီမှာ သွားသွားလာလာ အရမ်းစစ်တာ။ အဲဒီမှာ ဖမ်းခံရတာလည်း ခဏခဏ ဖြစ်တဲ့အခါကျတော့ KIA က လာပစ်တယ်ပြောတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝိုင်းမော်မြို့နယ်မှ ကချင်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါတပ်စခန်းတွင် အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏လက်အောက်ခံ ပြည်သူ့စစ်(ရှမ်းနီ) တို့ ပူးပေါင်းနေထိုင်ခြင်းဖြစ်သည်။

ထိုစခန်းအခြေအနေနှင့် ပတ်သက်ပြီး တိတိကျကျ စုံစမ်း၍ မရသေးပေ။

ထို့ပြင် ယမနေ့ ဇူလိုင် ၁၂ရက် နံနက်ပိုင်းတွင်လည်း ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ကို KIA က မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖားကန့်မြို့မှ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယူမာကျေးရွာစာသင်ကျောင်းအနီးတွင် တိုက်ခိုက်မှုတွင် ပေါက်ကွဲသံနှစ်ချက်ကြားလိုက်ရကြောင်း ထိုရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ နေအိမ်အပြင်မထွက်ရဲသဖြင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသရှိ KIA တပ်မဟာ နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) နယ်မြေ ၊ တပ်မဟာ(၄) နယ်မြေနှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားကြောင်း၊ တပ်မဟာ(၈) ရွှေကူမြို့နယ် မြို့လှကျေးရွာ၌ ဇူလိုင် ၉ရက်က ဖြစ်သည့် တိုက်ပွဲ၌ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဖော်ပြသည်။

တပ်မဟာ(၄)နယ်မြေ နမ့်ဘာချီကျေးရွာ အနီး၌ တိုက်ပွဲပြင်းထန်သကဲ့သို့ KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆) နယ်မြေတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု သတင်း၌ ပါရှိသည်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေများကို ဖော်ပြမထားပေ။

တပ်မဟာ(၈)နယ်မြေ မြို့လှကျေးရွာအနီးတိုက်ပွဲတွင် KIA နှင့်အတူ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း KPDFက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဒေသတွင် ဇူလိုင် ၅ရက်မှ ၉ရက်အတွင်း တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ ထက်မနည်း သေဆုံးခဲ့သည်ဟု KPDF က သတင်းထုတ်ပြန်ထားသည်။ အဆိုပါသေဆုံးမှုများ၊ တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကရင်ပြည်နယ်

ကရင်ပြည်နယ် ဖာပွန်ဒေသ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေတွင်လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

အဆိုပါ တပ်မဟာ(၅)နယ်မြေတွင် ဇွန်လက တိုက်ပွဲရာချီဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ KNU တပ်မဟာ(၅)သည်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ ချုံခိုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

Show More

Related Articles

Back to top button