စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းသည် ယမန်နေ့(ဇူလိုင် ၉) ညနေ ၄နာရီခွဲခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု မျက်မြင်သက်သေများကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။
“အပြင်သွားရင်းနဲ့ ဖြစ်တာနေမှာပါ။ ဆိုင်ကယ်နဲ့ တောင်ကနေပြန်လာခဲ့တာလား မြောက်ကနေသွားတာလားတော့ မသိဘူးဗျ။ ထုတ်ချင်းပေါက်တယ်လို့ ကြားတယ်။ ကျောဘက်ကို ထိတာလို့လည်း ပြောတယ်။ ဗိုက်ကိုထိတာလို့လည်း ပြောတယ်။ သူက ပွဲချင်းပြီးသေသွားတာ”ဟု ၎င်းက ဆိုသည်။
အသက် ၆၀ ဝန်းကျင်ရှိ ဦးကျော်လင်းမှာ ရွာတောင်ပိုင်း၊ သုသာန်အနီးရှိ ကွေ့တစ်ခု၌ အရေအတွက်အတည်မပြုနိုင်သေးသူ လူတစ်စုက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုသို့ဖြစ်ပွားအပြီး ရွာသို့ စစ်ကောင်စီတပ်ဖွဲ့များရောက်လာကာ လျှပ်စစ်မီးများဖြတ်တောက်၍ ပြန်လည်ထွက်ခွာသွားကြောင်း၊ ယနေ့(ဇူလိုင် ၁၀) နံနက် ၁၀နာရီခန့်တွင်မှ စစ်ကားနှစ်စီး၊ ရဲကားတစ်စီး၊ ဆိုင်ကယ်သုံးစီးဖြင့် ထပ်မံရောက်ရှိလာကာ အမျိုးသမီးငါးဦးကို ဖမ်းသွားကြောင်း အဆိုပါဒေသခံက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရွာခံမိသားစုလေးစုမှ ဒေါ်ညွန့်စိန်၊ ဒေါ်မယ်စိန်၊ ဒေါ်ကြည်ဌေး၊ ဒေါ်ဝင်းနှင့် သူ၏ မြေး(အသက်အရွယ်အတည်မပြုနိုင်သေး)တို့ ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးသည်ဟူသော သတင်းနှင့် ဖမ်းဆီးရသည့် အကြောင်းရင်းသိရန် သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းနှင့် ကြုံတွေ့နေရသည့်ကြားမှ ဇွန်လဆန်း၌ ကျောင်းများဖွင့်ချိန်တွင် ကျေးရွာအလယ်တန်းကျောင်းဖွင့်လှစ်မှုကို ဆန္ဒပြကြသည့် ကျေးရွာသူ၊ ရွာသားများနှင့် ဦးကျော်လင်းတို့အကြား ပြဿနာတက်ခဲ့ဖူးသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
“စစ်ကျွန်ပညာရေးစနစ် အလိုမရှိဆိုပြီး ရွာက သံပုံးတီးတဲ့ကိစ္စနဲ့ ဖြစ်တာပေါ့။ အဲဒီလိုတွေဖြစ်လိုက်တော့ (ဦးကျော်လင်းက) ရဲခေါ်တော့ ရွာထဲမှာ သေနတ်ဖောက်ပြီးပြန်သွားတာ”ဟု ၎င်းက ဆိုသည်။
ထိုစဉ်က ပြဿနာမှာ ထိုမျှနှင့်မပြီးဘဲ ဦးကျော်လင်း၏ အိမ်ရှေ့တွင် ရွာရှိလူငယ်များက ဆန္ဒထပ်ပြရာတွင် ရဲနှင့် စစ်တပ်ရောက်လာ၍ အချို့ကို ခေတ္တဖမ်းဆီးသွားသည်အထိ ဖြစ်ခဲ့ရဖူးကြောင်း ၎င်းက ဆက်ပြောသော်လည်း နေ့ရက်နှင့်ဖြစ်စဉ်အတိအကျကိုမူ အသေးစိတ်စုံစမ်း၍ မရသေးပေ။
“ညနေကျတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ထိုသူက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူကိုပင် သက်ညှာမပေးသည့် စစ်ကောင်စီ၏ ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးမှုများကို ပြန်လည်ခုခံနိုင်ရန် ပြည်သူတို့က ဒေသကာကွယ်ရေးတပ်များဖွဲ့စည်းရာတွင် ကန့်ဘလူသည် ရှေ့တန်းမှပါဝင်သည့် မြို့နယ်များအနက် တစ်ခုဖြစ်သည်။
ကန့်ဘလူမြို့အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ ဝါးညိုတောင်အနီး၌ ဇွန် ၂ရက်ကပင် ရဲနှင့် စစ်ကားလေးစီးကို ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့၍ ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့သည်။
ထို့အတူ ကန့်ဘလူမြို့နယ်အတွင်းတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၏ လက်နက်ကိုင်ရမ်းကားမှုများလည်း ရှိနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများ နေအိမ်ဖျက်ဆီးခံရ၊ ရန်ပြုခံရသည့် ဇွန် ၁၆ ရီထွေးကျေးရွာဖြစ်စဉ်မှာ ထင်ရှားသည်။



