အတွေးအမြင်

ပြည်သူ့တော်လှန်ရေးက မွေးထုတ်ပေးမည့် နိုင်ငံရေးယဉ်ကျေးမှုနှင့် နိုင်ငံသစ်

တော်လှန်ရေးကာလအတွင်း အာဏာသိမ်းသည့်ရက်မှစ၍ ယနေ့ထိတိုင် စစ်ကောင်စီကို ဆန့်ကျင်ဖြုတ်ချနေသည့် ဒီမိုကရေစီနှင့် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးဆိုင်ရာ အမြင်မတူမှု၊ အငြင်းပွားမှု၊ ပဋိပက္ခဖြစ်မှုတို့ကို မကြာခဏ မြင်ကြရသည်။ ဤသို့အမြင်ကွဲပြားမှုကြောင့် ဘုံရန်သူကို ချေမှုန်းရာတွင် အင်အားနည်းမည်ကို စိုးရိမ်သူများရှိသလို၊ ဘုံရန်သူကို ထိရောက်စွာအမြစ်ဖြုတ်ဖို့ဆိုလျှင် အငြင်းပွားမှုများက မဖြစ်မနေလိုအပ်သည့် အဆင့်တစ်ခုဖြစ်သည်ဟု ယုံကြည်သူများလည်း ရှိပေသည်။ မည်သို့ပင်ဆိုစေ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နေသည့် အချိန်ကာလဖြစ်သည့်အားလျော်စွာ ပြည်သူလူထုအနေနှင့်လည်း အဆိုပါ နိုင်ငံရေးအငြင်းအခုံများတွင် အင်အားစုအားလုံးကို သတိ၊ ဉာဏ်ပညာနှင့်ယှဉ်၍ တော်လှန်ရေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့် တည့်မတ်ပေးနိုင်ရန် အရေးကြီးပါသည်။ တော်လှန်ရေးကို ဦးဆောင်သူများအနေဖြင့်လည်း ပြည်သူ့အသံနှင့် ခံစားချက်ကို စဉ်ဆက်မပြတ် နားစွင့်၊ ရင်ဖွင့်ကာ နားလည်ကြဖို့ လိုအပ်ပေသည်။ 

နိုင်ငံရေးအငြင်းပွားမှုဆိုတာ

နိုင်ငံရေးအငြင်းပွားမှုဆိုသည်မှာ နိုင်ငံ၊ တိုင်းပြည်တည်ဆောက်ရာတွင် ဘယ်လိုဘယ်ပုံ၊ ဘယ်စနစ်နှင့် တည်ဆောက်ကြသင့်သည်ကို ငြင်းခုံရမှုမျိုးဖြစ်သည်။ အငြင်းပွားမှုသည် လစ်ဘရယ်ဒီမိုကရေစီစနစ်၏ အဓိကကျသော အစိတ်အပိုင်းလည်းဖြစ်သည်။ ငြင်းခုံဆွေးနွေးခြင်းသည် မိမိ၏ ခံယူချက်၊ တင်ပြချက်ကို အမြင်မတူသူများအကြား မှတ်ကျောက်တင်ကာ ပိုမိုကောင်းမွန်သည့် အဖြေများကို ရှာဖွေရသည့် မရှိမဖြစ်လုပ်ငန်းစဉ်သာဖြစ်သည်။ မိမိ၏ ခံယူချက်အပေါ် မေးခွန်းထုတ်ခြင်းမခံရသော နိုင်ငံရေးနယ်ပယ်ဆိုသည်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးသော လူ့အဖွဲ့အစည်းများတွင် တွေ့ရလေ့မရှိပါ၊ အာဏာရှင်အုပ်စိုးသည့် လူ့အဖွဲ့အစည်းများတွင်သာ အမြင်မတူမှု၊ ငြင်းခုံမှုတို့ကို အပြည့်အဝဖိနှိပ်ထားနိုင်ပေသည်။ ထို့ကြောင့် နိုင်ငံရေးအငြင်းပွားမှုများဖြစ်ပေါ်နေလျှင် မိမိတို့လူ့အဖွဲ့အစည်းတွင်း၌ ဒီမိုကရေစီစနစ်တည်ဆောက်ရန် လုံလောက်သည့် အခြေခံကောင်းများ ရှိနေသေးပေသည်ဟု အကောင်းမြင်ကြည့်နိုင်သည်။ တစ်နည်းအားဖြင့် လူထုရော ခေါင်းဆောင်များပါ အငြင်းပွားမှု နတ္ထိဖြစ်နေသည့် စစ်အာဏာရှင်တို့ မြင်ထားသည့် လူ့အဖွဲ့အစည်းကို ငြင်းဆန်နေခြင်းပင်ဖြစ်သည်။ 

စစ်အာဏာရှင်များအတွက်မူ အရပ်သားနိုင်ငံရေးခေါင်းဆောင်တို့၏ အဆိုပါငြင်းခုံမှုများသည် ၎င်းတို့ ပြည်သူ့အာဏာကို မတရားသိမ်းယူရခြင်းအတွက် မဟာအကြောင်းပြချက်ဖြစ်သည်။ ဖဆပလ နှစ်ခြမ်းကွဲခြင်းနှင့် ပါလီမန်အစိုးရလက်ထက် ပြည်တွင်းစစ်မီး မငြှိမ်းသတ်နိုင်ခြင်းကို အပြစ်တင်အကြောင်းပြ၍ ၁၉၆၂ တွင် စစ်တပ်က ပြည်သူရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ အာဏာကို လုယူခဲ့သည်။ ထိုသို့အကြောင်းပြခဲ့ကြသော်လည်း စစ်အာဏာရှင်လက်အောက် ပြည်တွင်းစစ်မှာ နှစ်ပေါင်း ၇၀ တိုင်သည်အထိ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တစ်ခုအဖြစ် စံချိန်ဝင်ခဲ့ရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာလည်း ပိုမိုအနုတ်လက္ခဏာဆောင်သွားခဲ့သည်မှာ အများအသိပင်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံရေးနည်းလမ်းများအရ ပြည်သူထောက်ခံတင်မြှောက်ထားသည့် နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ထောက်ခံမှုမရှိသည့် စစ်တပ်က နိုင်ငံရေးပဋိပက္ခမှ အရင်းခံပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများကို လက်နက်ဖြင့်သာ ဖြေရှင်းခြင်းကြောင့်ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန်လည်း ပြည်သူလူထု၏ ထောက်ခံမှုမရရှိသည့်အတွက် ပြည်သူ့ကိုယ်စားဆောင်ရွက်နိုင်ခြင်းမရှိချေ။ ဤသို့နှင့်ပင် နိုင်ငံရေးအငြင်းအခုံများလည်း ၁၉၆၂ မှ ၂၀၁၀ အထိ နှစ်ပေါင်း ၅၀ ခန့် ဆိတ်သုဉ်းသွားခဲ့ရတော့သည်။ 

နိုင်ငံရေးအငြင်းအခုံများ ပြန်လည်အသက်ဝင်လာခြင်း

စစ်အာဏာရှင်တို့သည် ၁၉၈၈ လူထုတော်လှန်ရေးကို အစွမ်းကုန်ဖိနှိပ်ခဲ့သော်လည်း နှစ်ပေါင်း ၂၀ ခန့်ကြာ ၂၀၀၇ ခုနှစ်ထိ လူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို မချိုးနှိမ်နိုင်သည်ကို စိုးရိမ်လာ၍ ၂၀၀၈ ခုနှစ်တွင် အချိန်ဆွဲရေးဆွဲနေခဲ့သည့် အခြေခံဥပဒေကို အတည်ပြုကာ ပြုပြင်ပြောင်းလဲ အာဏာတည်မြဲရေးကို ဦးတည်လာခဲ့ကြသည်။ ၎င်းခြေဥအရ စစ်ယူနီဖောင်းချွတ် စစ်ဗိုလ်များနှင့် ဖွဲ့စည်းထားသည့် အရပ်သားတစ်ပိုင်းအစိုးရဖြင့် ဆက်လက် အာဏာထိန်းထားခဲ့သည်။ အဆိုပါ နိုင်ငံရေးအခင်းအကျင်းအသစ်နှင့်အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အကန့်အသတ်နှင့် ခွင့်ပြုလာခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်း ၅၀ ကျော်မျှ အသံတိတ်နေခဲ့ရသော ပြည်သူ့အသံများလည်း ပြန်လည်ကြားခွင့်ရလာကြသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အရပ်သားတစ်ပိုင်းအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို အားပေးလာချိန်တွင်တော့ လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပိုမိုအင်အားကောင်းလာသည်။ ထို့အပြင် မိုဘိုင်းအင်တာနက် ကျယ်ကျယ်ပြန့်ပြန့်သုံးလာခြင်းနှင့်အတူ အွန်လိုင်းလူမှုကွန်ရက် အထူးသဖြင့် Facebook အသုံးပြုမှု တစ်ဟုန်ထိုး မြင့်မားလာသောအခါ လုံးဝဆိတ်သုဉ်းနေခဲ့သော ပြည်သူ့အသံကို စက္ကန့်မလပ် ကျယ်လောင်စွာကြားလာရတော့သည်။ 

လွတ်လပ်လာမှုနှင့်အတူ အခက်အခဲများ၊ အတွေးအခေါ်မတူညီမှုများ၊ အငြင်းပွားမှုများကိုလည်း လူထုအကြား စတင်ကြုံတွေ့လာသည်။ စစ်အာဏာရှင်လက်အောက်တွင် စစ်တပ်ထောက်ခံသူနှင့် ဒီမိုကရေစီတော်လှန်ရေးအင်အားစုများဟုသာ အကြမ်းဖျင်းသတ်မှတ်မှုနှင့် လူထုက အသားကျနေခဲ့သည်။ တစ်နည်းအားဖြင့် အဖြူမဟုတ်လျှင် အမည်း၊ အမည်းမဟုတ်လျှင် အဖြူဟုသာ မှတ်ယူလိုသည်။ တွေးခေါ်ဝေဖန်ဆန်းစစ်မှုကို အားမပေးသော အလွတ်ကျက်ပညာရေးစနစ်၊ တစ်သွေးတစ်သံတစ်မိန့်နှင့် နေရသည့် လုပ်ငန်းခွင်၊ ငြင်းခုံအဖြေရှာခြင်းဓလေ့တို့နှင့် အကျွမ်းမဝင်သော ပြည်သူများအနေဖြင့် အတွေးအမြင်သစ်များနှင့် အသားကျစေရန် အားထုတ်နေကြရဆဲဖြစ်သည်။ အထူးသဖြင့် စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသည့် အင်အားစုများအကြား ကွဲပြားသောအမြင်များကို ရုတ်ခြည်းတွေ့ကြုံရသောအခါ နားလည်ဖို့ ခက်ခဲလာကြသည်။ မတရားမှုကို တွန်းလှန်ကြရာတွင် လွတ်လပ်သောလူ့အဖွဲ့အစည်းတစ်ခုအနေနှင့် နည်းလမ်းပေါင်းစုံ၊ အတွေးအခေါ်အယူအဆပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ရှိနေနိုင်မည်ကို သတိမမူခဲ့မိကြချေ။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ သမိုင်းကြောင်းရှည်လျားပြီး၊ လူမျိုး၊ ဘာသာ၊​ ယဉ်ကျေးမှုကစ၍ နေထိုင်ရာ သဘာဝပထဝီဝင် ဒေသများထိ များစွာကွဲပြားသော နိုင်ငံသည် အတွေးအခေါ်အယူအဆ အရောင်အသွေးစုံလင်လှပေသည်။

ဥပမာအားဖြင့် ၁၉၆၂ ကတည်းက ရှိနေခဲ့သည့် နှစ် ၆၀ ကြာ စစ်အာဏာရှင်ကို တော်လှန်ရာတွင် အစုအဖွဲ့အင်အားစုများ၏ သမိုင်းကြောင်းများ ထပ်တူမကျနိုင်ပေ။ လွတ်လပ်ရေးတိုက်ပွဲနှင့်အတူ ပေါ်ပေါက်လာပြီး အာဏာရှင်အဆက်အဆက်ကို တော်လှန်ခဲ့ကြသော ကျောင်းသားသမဂ္ဂများ၊ ၎င်းတို့၏မျိုးဆက်များ ရှိနေသည်။ စစ်အာဏာရှင်များ စတင်မပေါ်ပေါက်မီကတည်းက တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဖက်ဒရယ်အရေးအတွက် နှစ်ပေါင်း ၇၀ ကြာ တိုက်ပွဲဝင်နေသော လူနည်းစု၊ လူမျိုးစုနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အင်အားစုများလည်း ရှိပေသည်။ ထို့အတူ ၁၉၈၈ လူထုတော်လှန်ရေးမှ မွေးထုတ်ပေးလိုက်ပြီး ပြည်တွင်းရော နိုင်ငံတကာပါ တစ်ခဲနက်ထောက်ခံကြသည့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ NLD ကဲ့သို့ ပါတီမျိုးလည်းရှိထားသည်။ ဤသို့အကြီးမားဆုံးအင်အားစုများအပြင် ဒီမိုကရေစီစနစ်၏ ဒေါက်တိုင်များဖြစ်သော လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အခြားပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေးအဖွဲ့အစည်းများစွာလည်း ပြီးခဲ့သည့် ဆယ်စုနှစ် ဒီမိုကရေစီတစ်ပိုင်းနိုင်ငံရေးစနစ်တွင် အားကောင်းလာခဲ့သည်။ ဤသို့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ များပြားခြင်းသည် ရှုပ်ထွေးခြင်းဟု ရှုမြင်သည်ထက် တော်လှန်ရေးအင်အားစုများအဖြစ် ရှုမြင်ကြရန် အင်မတန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် အာဏာရှင်များက ၎င်းအရောင်အသွေးစုံလင်မှုကို ပြဿနာအဖြစ် နားလည်ကြပြီး အာဏာရှင်ရှိမှသာ စုစည်းနိုင်မည့်ပမာ ဝါဒဖြန့်တတ်သည်။

စည်းလုံးခြင်းနှင့် လွတ်လပ်မှု ဝိရောဓိ

စစ်အာဏာရှင်တို့နှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများအကြား မြန်မာနိုင်ငံကို အခြေခံရှုမြင်ပုံ လွန်စွာကွာခြားပေသည်။ စစ်အာဏာရှင်တို့က “မြန်မာနိုင်ငံသည် မတူကွဲပြားမှု များလွန်းသည့်အတွက် တစ်သွေးတစ်သံတစ်မိန့်ဖြင့် စုစည်းထားဖို့လိုသည်။ ပြည်သူများ၊ ပါတီနိုင်ငံရေးသမားများသည် မစုစည်းကြ။ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် မထိုက်တန်သေး။ ထို့ကြောင့် လွတ်လပ်မှုထက် စစ်တပ်၏ အတွေးအခေါ်တစ်ခုတည်းအောက်တွင် စည်းလုံးထားဖို့လိုသည်” ဟု ရှုမြင်ကြသည်။ 

ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများသည်ကား ဆန့်ကျင်ဘက်ဖြစ်သည်။ “မြန်မာနိုင်ငံသည် မတူကွဲပြားမှုများရှိသည့်အတွက် အားလုံးကို လေးစား၊ တန်းတူထားနိုင်သည့် လွတ်လပ်၍ တရားမျှတသော၊ မခွဲခြားသောစနစ်လိုသည်။ ပြည်သူများသည် မွေးရာပါလွတ်လပ်ခွင့်ကို ပိုင်ဆိုင်သည်။ မတူကွဲပြားမှုများကို ငြင်းခုံခြင်းများရှိသော်လည်း ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်သည့် စနစ်ကို ပိုမိုလိုအပ်သည်။ လက်နက်နှင့် ဖိနှိပ်ထားသည့် စနစ်အောက်မှ စည်းလုံးမှုမျိုးဖြင့် အမှန် တကယ်ညီညွတ်မှု ရမရကို နှစ် ၇၀ ကြာ ပြည်တွင်းစစ်က သက်သေဖြစ်သည်။ အပြန်အလှန်လေးစားမှုရှိမှသာ စစ်မှန်သည့် စည်းလုံးမှုကို ရရှိနိုင်မည်” ဟု ယုံကြည်ကြသည်။ 

ယခုကဲ့သို့ ပြည်သူ့အသက်ရာပေါင်းများစွာ သေကျေပျက်စီးပြီး သန်းပေါင်းများစွာသော ပြည်သူတို့ အတိဒုက္ခရောက်နေချိန်တွင် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးကျေလည်မှုမရရှိသေးခြင်းကို စိတ်ပျက်အားလျော့စရာအဖြစ် မြင်သူ အများအပြားရှိသည်။ သို့သော်လည်း အဆိုပါ ဆွေးနွေးငြင်းခုံမှုများသည် နှစ်ပေါင်းများစွာ လှိုက်စားနေ‌သော ပြည်တည်နာကြီးကို ဖောက်ထုတ်ရသကဲ့သို့ နာကျင်ခက်ခဲသော အဆင့်ဖြစ်သည်။ အဆိုပါ ပြည်တည်နာကြီးကို ဖောက်မထုတ်ဘဲ စစ်တပ်က ဆောင်ရွက်နေသလို မညီညွတ်မှုဟုသာ ရှုမြင်ပြီး ဖုံးဖိဖို့သာ ကြိုးစားပါက ပိုမိုပြင်းထန်ခက်ခဲလာမည်သာဖြစ်သည်။ 

အထက်တွင် တင်ပြခဲ့သလို သမိုင်းကြောင်းမတူညီသော အစုအဖွဲ့များ၏ အငြင်းပွားမှုများကို အလွန်အမင်းပြစ်တင်ဝေဖန်ခြင်းများ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို ထိခိုက်စေရန် တံဆိပ်ကပ်ခြင်းများ မပြုမိကြဖို့ လွန်စွာအရေးကြီးလှပေသည်။ မိမိရပ်တည်ချက်သဘောထားနှင့် တိုက်ဆိုင်မှုမရှိသည်နှင့် တစ်ဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို ရန်သူ့ဘက်က ရပ်တည်သူများအဖြစ် ပြည်သူများနားယောင်စေရန် ပြုမိပါက မိမိတို့၏ တော်လှန်ရေးမဟာမိတ်များကို အားနည်းစေရုံမက ယုံကြည်မှုတည်ဆောက်ရန်ပါ ခက်ခဲမည်ဖြစ်သည်။ 

မတူညီသော အလုပ်တာဝန် ဝတ္တရားများ

အိမ်ထောင်စုတစ်ခုကဲ့သို့ မိဘ၊ သားသမီးဝတ္တရားများ မတူညီသကဲ့သို့ တော်လှန်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း မတူညီသော အလုပ်တာဝန်များ အသီးသီးရှိကြပေသည်။ ပြည်သူတို့သည် အုပ်ချုပ်သူအစိုးရကို တာဝန်ခံမှုရှိစေရန် ထိန်းကျောင်းရန် တာဝန်ရှိသကဲ့သို့၊ အစိုးရသည်လည်း ပြည်သူကို အလုပ်အကျွေးပြုရန် တာဝန်ရှိပေသည်။ ဒီမိုကရေစီစနစ်ဖြစ်သည့်အလျောက် လူအများစု ရွေးကောက်ပွဲတွင် မဲပေးရုံနှင့် မပြီး၊ လူအနည်းစု၏ သဘောထား၊ အမြင်များကိုလည်း အစိုးရက လေးစားလိုက်နာရန် လိုအပ်ပါသည်။ အများစုထောက်ခံမှုကို အလွန်အမင်းအားပြုကာ၊ လူနည်းစုများအသံနှင့် အခွင့်အရေးကို လျစ်လျူမရှုမိဖို့ လိုပါသည်။ 

ပြည်သူလူထုက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အသက်နှင့် ဘဝကို ပေးအပ်၍ တိုက်ပွဲဝင်နေသလို နိုင်ငံရေးခေါင်းဆောင်တို့မှာလည်း နိုင်ငံရေးလုပ်ငန်းစဉ်များကို အာရုံစိုက်ကြိုးစားနေသည်။ ထို့အတူ အခြားတော်လှန်ရေးအင်အားစုများဖြစ်သည့် လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများကလည်း အစိုးရကို တည့်မတ်ပေးခြင်း၊ ပြည်သူလူထုကို အသိပညာနှင့် သတင်းအချက်အလက်များပေးခြင်းဖြင့် အားထုတ်လျက်ရှိသည်။ ထိုမတူညီသော လုပ်ငန်းတာဝန်များကို ရောထွေးစဉ်းစားပြီး အလွန်အမင်းဝေဖန်ပြစ်တင်ခြင်းမျိုး ရှောင်ရှားသင့်သည်။ ဥပမာအားဖြင့် နိုင်ငံရေးခေါင်းဆောင်များအားလုံး စစ်မတိုက်နိုင်သကဲ့သို့၊ သာမန်ပြည်သူများအနေနှင့်လည်း ရှုပ်ထွေးလှသည့် ညှိနှိုင်းမှုများလုပ်ဆောင်ရန် အခြေအနေမပေးချေ။ အလားတူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများနှင့် အစိုးရကို တည့်မတ်ပေးရသည့် လူထုအခြေပြုအဖွဲ့အစည်းများ၊ ပြည်သူကို သတင်းမှန်ပေး၊ အစိုးရကို ထိန်းကျောင်းပေးရသည့် မီဒီယာများသည်လည်း နိုင်ငံရေးသမားများကဲ့သို့ လူထုကြား ရေပန်းစားချင်မှ စားပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံရေးသမားများကို မြေပြင်မှာ တိုက်ပွဲမဝင်၍ ဝေဖန်ပြစ်တင်ခြင်း၊ လူမှုအဖွဲ့အစည်းများကို ရွေးကောက်တင်မြှောက်ခံသူများမဟုတ်၍ ဝေဖန်ပြစ်တင်ခြင်း စသည်တို့သည် တီးဝိုင်းတစ်ခုမှ တူရိယာတီးမှုတ်သူကို သီချင်းဆိုမကောင်း၍ ပြစ်တင်ခြင်းကဲ့သို့ ဖြစ်နေမည်ဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုများအချင်းချင်း မိမိတို့တိမ်းညွတ်ရာအဖွဲ့အစည်းအပေါ်လိုက်၍ လေးစားထောက်ခံရာတွင် အခြားပြည်သူများလေးစားလိုက်နာသည့် အဖွဲ့အစည်းများအပေါ် ထိခိုက်မှုမရှိစေရန် အထူးသတိပြုရပေမည်။ 

သမိုင်းသစ်

ယခုအချိန်သည် သမိုင်းတွင် အလွန်အရေးပါသည့် တော်လှန်ရေးကာလဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များသာမက ပြည်သူတစ်ဦးချင်းစီ၏ ရင့်ကျက်မှု၊ သဘောထားကြီးမှု၊ အခက်အခဲကြား ကြံ့ကြံ့ခံနိုင်မှုတို့အားလုံး စုပေါင်းပြီး သမိုင်းသစ်၊ နိုင်ငံသစ် ပေါ်ပေါက်လာမည်ဖြစ်သည်။ တော်လှန်ရေးဟုဆိုရာဝယ် စစ်အာဏာရှင်ကို တော်လှန်နေခြင်းမဟုတ်။ စစ်တပ်က ပြည်သူ့အာဏာကို အကြမ်းဖက်လုယူကာ ပြည်သူ့အစိုးရကို ပုန်ကန်နေသည့်အတွက် ပြည်သူက ပုန်ကန်မှုကို ရှိသည့်အင်အားနှင့် ပြန်လည်တုံ့ပြန်ရခြင်းသာဖြစ်သည်။ တော်လှန်ရေးသည်ကား လွတ်လပ်ရေးရသည်မှစ၍ ယနေ့တိုင် တန်းတူညီမျှမှုမရှိခဲ့သည့်၊ မတူကွဲပြားမှုများကို ဖိနှိပ်ခဲ့သည့်၊ အပြန်အလှန်လေးစားရန် ပျက်ကွက်ခဲ့ကြသည့် လူမျိုးကြီးဝါဒ၊ အာဏာရှင်စိတ်ဓာတ်များကို အမြစ်ပြတ်တော်လှန်နေကြခြင်းဖြစ်သည်။ စစ်ကောင်စီပြုတ်ကျရုံဖြင့် အဆိုပါဝါဒနှင့် စိတ်ဓာတ်များ ပြောင်းလဲမလာနိုင်သေးဟု ဆိုနိုင်သော်လည်း တန်းတူညီမျှမှုကို ကာကွယ်သည့်၊ မတူကွဲပြားမှုများကို လေးစားသည့်၊ အပြန်အလှန်နားလည်သည့် တော်လှန်ရေးစိတ်ဓာတ်များဖြင့် ပေါ်ပေါက်နေသော၊ လာလတ္တံ့သော အာဏာရှင်စနစ်မှန်သမျှ မြန်မာ့မြေပေါ်မှ အပြီးတိုင် သုတ်သင်နိုင်မည်ဖြစ်ပါသည်။ 

Show More

Related Articles

Back to top button