မင်းအောင်လှိုင် သမ္မတဖြစ်ချင်လွန်းတာကြောင့် အာဏာသိမ်းမှု ကျူးလွန်ပြီး ၂၀၂၆ သမ္မတလမ်းကြောင်းကို ဖန်တီးတာလို့ပဲ ပြောရင် မပြည့်စုံပါဘူး၊ အဲ့ဒီဆန္ဒအတွက် တိုင်းပြည်တစ်ခုလုံးကို ဓားစာခံလုပ်ခွင့်ပေးတဲ့ စနစ်ရှိနေတာကြောင့်လို့ ဆိုမှသာ ပြည့်စုံပါမယ်။
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရလို့ အရပ်သားအစိုးရ ရလာတဲ့အာဏာဟာ အစစ်မဟုတ်ဘဲ စစ်တပ်က ခွင့်ပြုထားသလောက်သာ လှုပ်ရှားခွင့်ရတဲ့ အစိုးရတစ်ခုလို ဖြစ်နေခဲ့တယ်။ မဲရလဒ်နဲ့ အရပ်သား အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေက စစ်တပ်ရဲ့ သတ်မှတ်ဘောင်ကျော်သွားတဲ့ အချိန်မှာ အဲ့ဒီစနစ်က သူ့ရဲ့ နဂိုပုံစံအတိုင်း ပြန်လည်အလုပ်လုပ်လာတာပဲ။ ၂၀၂၁ အာဏာသိမ်းမှုက အဲ့ဒီ စစ်အဆောက်အဦ၊ စစ်စနစ်ရဲ့ ယုတ္တိဗေဒ ကျကျ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
အခု ၂၀၂၆ မှာ ဗိုလ်မင်းအောင်လှိုင်က စစ်ဝတ်စုံချွတ်ပြီး သမ္မတလမ်းကြောင်းထဲ ဝင်လာတာကိုလည်း အဲ့ဒီလိုပဲ မြင်ရပါမယ်။ ဒီဟာက ၂၀၁၀ တုန်းက အရပ်သား ပညာရှင်တချို့ အကောင်းမြင် ဆိုကြတဲ့ (ဆယ်နှစ်အကြာမှာ မှားကြောင်း ပေါ်ခဲ့တဲ့) စစ်တပ်က သိက္ခာ ရှိရှိနောက်ဆုတ်ခြင်း (gracefully retreat) မဟုတ်ပါဘူး။ စစ်တပ်က အရပ်ဝတ်နဲ့ အာဏာထပ်သိမ်းတာပါပဲ။
ဒီ စစ်ဓလေ့စနစ် အခြေခံကို မဖျက်နိုင်သရွေ့ “မင်းအောင်လှိုင်” တစ်ယောက်ပျောက်သွားရင်တောင် သူလိုလူ နောက်တစ်ယောက် ထပ်ပေါ်လာမှာပါ။ စစ်တပ် သမိုင်းစဉ် ဓလေ့အရ သူလိုလူက သူ့ထက်တောင် ပိုဆိုး နိုင်ပါတယ်။ အခု ဗိုလ်မင်းအောင်လှိုင်က သူ့လက်ရင်း လူယုံ ဗိုလ်ရဲဝင်းဦးကို တင်ပေမယ့် နှောင်းလူကလည်း အရင်လူအပြီး သူ့ခေတ်ရောက်ရင် စစ်စနစ် အမွေခံကာ ပိုဆိုးဖို့ပဲရှိပါတယ်။
ဒါကြောင့် ဒီပြဿနာကို “မင်းအောင်လှိုင် ပြဿနာ” လို့ပဲ မခေါ်သင့်ပါဘူး။ “တပ်မတော်စနစ် ပြဿနာ” လို့ ခေါ်ရပါမယ်။ လူတစ်ယောက် သမ္မတရူးလို့ တိုင်းပြည်ပျက်သွားတာမှန်ပေမယ့်၊ အဲဒီလူတစ်ယောက်ကို တိုင်းပြည်နဲ့ လူထုဘဝတွေအပေါ် စိတ်ကြိုက် ကစားခွင့်ပေးတဲ့ စစ်တပ်နိုင်ငံရေးစနစ်က ပိုကြီးတဲ့ တရားခံဖြစ်တယ်။ အနာဂတ် ပြည်ထောင်စုသစ်ကို တည်ဆောက်မယ်ဆိုရင် စစ်အာဏာရှင်တစ်ဦးချင်းကိုသာ ဖယ်ရှားရုံမဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပြန်မွေးထုတ်နိုင်တဲ့ အခြေခံထောက်တိုင်နဲ့ ပေါင်းကူးတံတားတွေကိုပါ အကုန်ဖြိုပစ်ဖို့ လိုတယ်။ မဟုတ်ရင် သမ္မတအိပ်မက်တစ်ခုက အဆုံးသတ်သွားရင်တောင် နောက်ထပ် စစ်ဗိုလ်တစ်ယောက်ရဲ့ အိပ်မက်ဆိုးက ပြည်သူတွေအပေါ် ပြန်ကျလာဖို့ ရှိကြောင်း ‘ငြိမ်းချမ်းအေး’ ရဲ့ အတွေးအမြင်ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



