ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ရှေ့တန်းနယ်မြေသို့ ရောက်လာသူများထဲမှ ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဌာနချုပ်နယ်မြေ လိုင်ဇာနှင့် မိုင်ဂျာယန်တို့ကို အဝင်အထွက်ပိတ်ထားကြောင်း KIO ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိမ်းဝေါင်က ပြောကြားသည်။
ပြည်တွင်း၌ ဗီဇပြောင်း၊ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ပြီဟု သတင်းရကတည်းက ၎င်းတို့ဒေသ၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး လူစုလူဝေးမှု တားမြစ်ခြင်းကဲ့သို့သော စည်းကမ်းများ ပြန်လည်ချမှတ်ကာ စိစစ်ကြပ်မတ်ထားသည်ဟု ၎င်းကဆိုသည်။
“အဝေးက ရောက်လာတဲ့ ဧည့်သည်တွေပါ။ ကျွန်တော်တို့က သူတို့ကို ပြန်ပြီးတော့ ပိုးစစ်လိုက်တော့ အဲဒီလို တွေ့သွားတာပါ” ဟု ဗိုလ်မှူးကြီး ဟိမ်းဝေါင်က ပြောသည်။
KIA နယ်မြေတွင် ပြီးခဲ့သည့် ၄ လအတွင်း အတည်ပြုလူနာ ၂၀ ခန့် ရှိသည်ဟု သိရသည်။
ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာ၍ ဗဟိုဌာနချုပ်နယ်မြေသို့ ပြင်ပမှ ဝင်လာသူ မည်သူ့ကိုမဆို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese ကလည်း သတင်းဖော်ပြခဲ့သည်။
ပြင်ပမှ ခိုးဝင်မှုမရှိစေရေးအတွက် လုပ်အားပေးများ၊ KIO အရာရှိများ ပူးပေါင်းကာ အထူးစိစစ် ကြပ်မတ်နေကြောင်း၊ သွင်းကုန်ပစ္စည်းများကိုလည်း ဆေးဖျန်းပြီးမှ သွင်းခွင့်ပြုထားကြောင်း သတင်းတွင်ပါရှိသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေသော KIA နယ်မြေတွင် COVID-19 ကာကွယ်ဆေးထိုးပြီးသူ နှစ်သောင်းကျော်ရှိသည်။
လုံခြုံရေးအရအဝင်အထွက် တင်းကျပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေများတွင် ကျန်းမာရေးဘက်ဆိုင်ရာဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူကို စစ်ဆေးတွေ့ရှိလျှင် သီးသန့်နေထိုင်စေပြီး ကုသမှုပေးနေသည်ဟု သိရသည်။