သတင်း

မန္တလေး၊ စဉ့်ကိုင်တွင် ၁၂ နှစ်သား အပါအဝင် ၇ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က ဇူလိုင် ၆ ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ အုန်းပင်ခြံရွာမှ လက်ဖက်ရည်ဆိုင်မှ ၇ ဦးကို သွားရောက်ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် ဆိုင်ရှင်၏သား အသက် ၁၂ နှစ်အရွယ် ကလေးလည်း ပါဝင်သည်ဟု ဒေသခံတို့က ပြောသည်။

ထိုနေ့နံနက်အစောပိုင်းတွင် တံတားဦးလေဆိပ်အနီး ပစ်ခတ်မှုဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ စစ်သား ၁ ဦး သေဆုံးပြီး စဉ့်ကိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင် ၁ ဦး အဖမ်းခံရသည်ဟု သိရကြောင်း၊ များမကြာမီ ထိုရွာထဲမှ နေအိမ်တစ်အိမ်ကို သွားရောက် ရှာဖွေစစ်ဆေးရာမှ “ရွှေကြယ်စင်” လက်ဖက်ရည်ဆိုင်တွင် ရှိသူတို့ပါ အဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“နာရီဝက်အတွင်းပဲ အဲဒီအိမ်ကို သွားဖမ်းတယ်။ အနီးက လက်ဖက်ရည်ဆိုင်ကိုပါ ဖမ်းတယ်။ မဆိုင်တဲ့ ကလေးတွေရော၊ ဆိုင်ကလူတွေရောအတွက် တကယ်စိတ်မကောင်းပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

လက်ဖက်ရည်ဆိုင်ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ရှင်၏ သားဖြစ်သူ ၁၂ နှစ်အရွယ် မောင်အောင်စွမ်းပြည့်၊ ဆိုင်ပိုင်ရှင် အသက် ၃၂ နှစ်အရွယ် ကိုမင်းသူထွန်းနှင့် ဇနီး မတင်နွယ်လှိုင်၊ မတင်နွယ်လှိုင်၏ မောင်နှင့် စားပွဲထိုး ၃ ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းဆီးသွားသည်။ 

ဆိုင်ရှင်သည် အိမ်ငှားနေထိုင်လိုသူကို ကူညီခဲ့ဖူးကြောင်း၊ ထိုအိမ်ကို စစ်ကောင်စီက သွားရောက်စစ်ဆေးရာမှ မသက်ဆိုင်သူအများအပြား အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

“အိမ်လာငှားတော့ သူ့ဆိုင်အနီးမှာ အိမ်ငှားပေးထားတာ။ အဲဒီအိမ်ကနေ ပစ္စည်းတွေ မိသွားတာ။ သူက အရမ်းကူညီတတ်တော့ သူတို့ဆိုင်နဲ့ မဆိုင်ဘဲ ဖမ်းခံရတာ သနားစရာဗျာ” ဟု သူက ဒေသခံ အမျိုးသားက ပြောသည်။

“မိန်းမရော၊ အသက်မပြည့်တဲ့ကလေးရော၊ စားပွဲထိုးတွေရော ဖမ်းတာက လွန်တာပေါ့ဗျာ” 

အဖမ်းခံရသူများထဲမှ တချို့ကို ဆက်လက်စစ်ဆေးနေသည်ဟု ကြားသိရကြောင်း ၎င်းတို့အမှုကို လိုက်ပါကူညီပေးမည့် ရှေ့နေတစ်ဦးက ဆိုသည်။

၎င်းတိုထံမှ အများစုကို စဉ့်ကိုင်ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း သူက ဆက်ပြောသည်။ 

“ရုံးချိန်းခေါ်ထားတာက ကလေးကို ဇူလိုင် ၁၂ ရက်နေ့၊ လူကြီးတွေကို ဇူလိုင် ၁၆ ရက်နေ့။ ပုဒ်မတွေက ဘာပုဒ်မတပ်မလဲ မသိရသေးဘူး”ဟု အဆိုပါရှေ့နေက ဆိုသည်။

၁၂ နှစ်ကလေးအပါအဝင် ထိန်းသိမ်းခံနေရသူများအကြောင်း မေးမြန်းရန် ကြိုးစားသော်လည်း သက်ဆိုင်ရာ ရဲစခန်းနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

မြို့နယ်တချို့တွင် အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ထားသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၂ နံနက် ၈ နာရီ၌ မန္တလေး၊ တံတားဦးမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးအား တားဆီးရာ လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒူးတွင် ဒဏ်ရာရခဲ့ကြောင်း၊ အသက် ၂၀ အရွယ် ဇင်မောင်မောင်ကျော်ထံမှ  ဗုံး ၃ လုံး၊  ဓားမြှောင် ၁ ချောင်း ဖမ်းမိကြောင်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။

မြို့အများအပြားတွင် စစ်ကောင်စီတပ်က ဒေသခံတို့ကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိရာ အဖမ်းခံရသူများထဲတွင် ကလေးများလည်း ပါဝင်နေတတ်သည်။

မိုးကုတ်မြို့ မိသားစုတစ်ခုကို ဖမ်းဆီးရာတွင် အသက်မပြည့်သူ ၂ ဦး ပါတင်ရာ တစ်ဦးသာ ပြန်လွတ်လာသေးသည်။

ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်းနှင့် မိသားစုဝင်တချို့ ဖမ်းဆီးခံထားရရာ ထိုအထဲတွင် ၇ နှစ်သား အောင်သုခမိန်လင်းလည်း ပါဝင်သည်။  

ထိုကလေးကို မည်သည့်အတွက်ဖမ်းခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

Show More

Related Articles

Back to top button