အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှည်းကူးတွင် သားကို မတွေ့၍ ဖခင်ကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် လူငယ်တစ်ဦးကို ယမန်နေ့ (ဇူလိုင် ၆) ၌ စစ်တပ်က လာရောက်ဖမ်းဆီးရာ မတွေ့ရှိသဖြင့်  အသက် ၅၀ ကျော်အရွယ် ဖခင်ကို ဖမ်းဆီးသွားကြောင်း လှည်းကူးမြို့ခံများက ပြောသည်။ 

လှည်းကူးမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ခန့်ဘုန်းကို နေအိမ်တွင် သွားရောက် ရှာဖွေရာမှ ထိုသို့ ဖမ်းသွားခြင်းဖြစ်သည်။ 

စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူ သုံးဦး ပစ်ခတ်ခံရပြီးနောက် ဇူလိုင် ၆ ညနေမှစ၍ စစ်တပ်က ထိုသို့ ဆက်တိုက်ဖမ်းဆီးနေခြင်း ဖြစ်သည်။

၁၀ ဦးခန့် ဖမ်းဆီးခံထားရပြီး ထိုအထဲတွင် ငါးဆူတောင်၊ အင်ကြင်းမြိုင်ကျောင်းတိုက်မှ ဘုန်းကြီးတစ်ပါး၊ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးမောင်မောင်တို့ ပါဝင်သည်ဟု ‌ဒေသခံများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ (ဇူလိုင် ၇)တွင်လည်း အဖမ်းအဆီးရှိသည်ဟု သိရသည်။ 

“အရင်ရက်က အရပ်ဝတ်တွေနဲ့ လာရှာတယ်။ မတွေ့တော့ ဒီနေ့မနက် စစ်ကား ၁၂ စီးနဲ့လာပြီး ဖမ်းသွားတယ်။ ဘာလို့ဖမ်းတာလဲဆိုတာလည်း မသိရသေးဘူး”ဟု မိတ်ဆွေတစ်ဦး အဖမ်းခံထားရသည်ဟူသော ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးခံထားရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရှိရဘဲ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ဆိုသည်။ 

“မြို့ထဲမှာ အခုထက်ထိ အရပ်ဝတ်တွေနဲ့ လုံခြုံရေးတွေ ဆိုင်ကယ်နဲ့ ပတ်နေတယ်။ လှည်းကူးတံတားပေါ်မှာလည်း လုံခြုံရေးချထားတယ်။ လက်ဖက်ရည်ဆိုင်နားတွေမှာလည်း အရပ်ဝတ်လုံခြုံရေးတွေ ချထားတယ်”ဟု လှည်းကူးဒေသခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၃ ညနေက လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရန်ကင်း (၆)လမ်း၊ ရာအိမ်မှူး ဦးအောင်ဌေးလှိုင် သေနတ်ဖြင့် ပစ်ခတ်ခံရသည်။ ထိုပစ်ခတ်မှုမှာ လှည်းကူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်း၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဇူလိုင် ၄ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (USDP) ရှေ့၌ လှည်းကူးမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရုံးအကူ ကိုအောင်အောင်၊ ဇူလိုင် ၅ ညနေတွင် ရိပ်သာရပ်ကွက် USDP ဥက္ကဋ္ဌတို့ သေနတ်ဖြင့် ပစ်ခတ်ခံရသည်။ 

အပစ်ခံရသည့် အဆိုပါ သုံးဦးစလုံး ဒဏ်ရာအသီးသီး ရသွားကြသည်။  

လှည်းကူးဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မကြာသေးမီရက်ပိုင်းအတွင်း စစ်ကောင်စီက အကျဉ်းသား ရာနှင့်ချီ လွှတ်ပေးခဲ့သည်။

စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ကောင်စီက ချုပ်နှောင်ခံထားရသူ ၅၀၉၄ ဦး အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button