မေးမြန်းခန်း

“တိုက်ပွဲမှာကျတာ နှစ်ယောက်သုံးယောက်ပဲ။ စစ်ကြောင်းထိုးရင်းနဲ့ ပစ်သတ်သွားတာချည်းပဲ” 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးတစ်ဝိုက်တွင် ဇူလိုင် ၂ ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများပါ အသုံးပြုတိုက်ခိုက်ခဲ့ရာ တူမီးသေနတ်အားကိုးဖြင့်သာ ခုခံကြရသော ဒေသခံ PDF အဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့သည်။ ဆပ်ပြာကျင်းရွာတိုက်ပွဲနှင့် ပတ်သက်၍ ဒီပဲယင်းဒေသခံ အမျိုးသားတစ်ဦးကို ယမန်နေ့ (ဇူလိုင် ၄) တွင် ဆက်သွယ်မေးမြန်းထားသည်။ 

မေး – ဒီပဲယင်းမှာ PDF တွေ ကျဆုံးမှုတွေများတယ်လို့ ထုတ်ပြန်တာတွေ့ရပါတယ်။ သတင်းတွေအရ ၃၀ ကျော်လို့ပြောကြတာ မှန်ပါသလားခင်ဗျ။ 

ဖြေ − ဟုတ်တယ်ဗျ။ စစချင်း ပထမနေ့က သိတာက ၉ ယောက်။ အဲဒီညနေမှာ ထပ်တွေ့တာ ၉ ယောက်ဆိုတော့ ၁၈ ယောက်။ ဒီနေ့ (ဇူလိုင် ၄) မနက်မှာ ၆ ယောက်ထပ်တွေ့တော့ ၂၅ ယောက်ပေါ့။ ၂၅ ယောက်ကနေ ထပ်ပြီးတွေ့တော့ ၃၀ ကျော်သွားပြီလို့ ပြောတယ်။ အဲဒီသတင်းမှန်ပါတယ်။

မေး − အခုဖြစ်တဲ့နေရာက ဒီပဲယင်းရဲ့ ဘယ်နားလောက်မှာပါလဲ။

​ဖြေ – ဆပ်ပြာကျင်းရွာအကျော် ကျွန်းတောကြီးနဲ့ ဆပ်ပြာကျင်းကြားမှာဖြစ်တာ။

မေး – ပစ်ခတ်မှုစဖြစ်ပွားခဲ့ရတဲ့ အခြေအ​နေကို ပြောပြပေးပါလား။ 

ဖြေ − သူတို့ (စစ်ကောင်စီတပ်) ဝင်လာတယ်။ သူတို့ဝင်လာတဲ့သတင်းကြားတော့ ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ မရှိတဲ့အချိန်မှာ ရွာသားတွေပုန်းခိုနေတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒီအချိန် မှာ PDF တွေဝိုင်းပြီး ပြန်ခုခံကြတာ။ အခုကျတာက ဆပ်ပြာကျင်းတစ်ခုတည်းမဟုတ်ဘူး။ ကျေးရွာပတ်ချာလည်က PDF တွေပါတယ်။ ဆပ်ပြာကျင်းက များတယ်။ ကျန်တဲ့ကျေးရွာတွေကလည်း ပါတယ်။

မေး − ဒေသခံ PDF တွေ အထိအခိုက်များသွားတာ ဘယ်ကြောင့်လို့ သုံးသပ်မိပါသလဲ။

​ဖြေ – အဓိကတော့ အင်အားမမျှတာပေါ့။ အင်အားမမျှဆိုတာ လက်နက်အင်အားမမျှတာ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထုတယ်။ ပြီးတော့ မြေပြင်အနေအထားလည်းပါတာပေါ့။ မြေပြင်အနေအထားက ကျွန်တော်တို့ဘက်မှာ မြေပြန့်တွေပဲရှိတာ။ သူတို့က ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝင်စီးထားတဲ့အခါမှာ သူတို့မှာ ကျည်ကွယ်မျက်ကွယ်ရသွားတယ်။ ပြည်သူကကျတော့ ဘေးမှာ လယ်ကွင်းတွေပဲရှိတဲ့အချိန်မှာ ဘာမှ အကာအကွယ်မရှိတဲ့အချိန်မှာ ပစ်တယ်။ အဲဒီလိုမျိုးတွေကြောင့် အထိအခိုက်များတာ။ ပြီးတော့ တိုက်ပွဲအတွင်းမှာ အထိအခိုက်က အရမ်းကြီးမဟုတ်ဘူး။ သူတို့က တိုက်ပွဲပြီးတဲ့အချိန်မှာ စစ်ကြောင်းထိုးပြီးတော့ ဒဏ်ရာရလို့ မပြေးနိုင်တဲ့သူတွေတို့ ပုန်းခိုနေတဲ့သူတွေတို့ကို ပစ်သတ်သွားတာ များတယ်။

ဒီပဲယင်းမြို့နယ် ဆပ်ပျာကျင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ဆန်တစ်ခု။ (ဓာတ်ပုံ − Supplied) 

မေး − ဓာတ်ပုံတွေ တွေ့ရပါတယ်။ ဦးခေါင်းတွေပွင့်နေတာက အစပေါ့။ အဲဒီလို ဒဏ်ရာရတဲ့အခြေအနေမှာ ပစ်သတ်ခံရတာ ဘယ်နှဦးလောက်ရှိပါသလဲ။

​ဖြေ – အဓိကတော့ တိုက်ပွဲတွင်းမှာ ကျတာက နှစ်ယောက်သုံးယောက်ပဲရှိတာ။ ကျန်တဲ့သူတွေက စစ်ကြောင်းထိုးရင်းနဲ့ ပစ်သတ်သွားတာချည်းပဲ။

မေး – ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပြီးပြီလား ခင်ဗျ။

​ဖြေ – ရုပ်အလောင်းတွေကိုတော့ တွေ့ရာနေရာမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြတာပေါ့။ ရပ်ရွာအစီအစဉ်နဲ့ ရပ်ရွာကတော့ ပြေးနေပြီ။ အလောင်းကောက်တဲ့သူတွေကပဲ အဖွဲ့လေးတွေက တွေ့ရာနေရာနဲ့ မနီးမဝေးမှာ မြေမြှုပ်သင်္ဂြိုဟ်လိုက်ရတယ်။

မေး – အခု​ရော အာဏာသိမ်းစစ်​ကောင်စီတပ်က အဲမှာ ဆက်ရှိနေလား။

​ဖြေ – ရှိတယ်။ ဒီနေ့ (ဇူလိုင် ၄) နေ့လယ်အထိကို ရွာတွေကို သူတို့သတင်းရတဲ့နေရာ၊ PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ နေရာတွေကို စစ်ကြောင်းထိုးနေတုန်းပဲ။

​မေး – စစ်​ကောင်စီတပ်ကို ခုခံတဲ့ ဒေသခံတွေကိုင်စွဲတဲ့ လက်နက်အခြေအနေက ဘယ်လိုရှိပါသလဲ။

​ဖြေ – ဒေသခံတွေကတော့ ဘာရှိမှာလဲ။ လက်လုပ်တူမီးပဲရှိမှာ။ သူတို့က လက်လုပ်တူမီးနဲ့ ပစ်တာကို သူတို့က (စစ်တပ်) သေနတ်တွေနဲ့တင်မကဘူး။ RPG တွေရှိတယ်၊ ပြီးရင် မော်တာတွေနဲ့ ထုတယ်။ မော်တာတွေနဲ့ ပစ်တယ်။ အဲဒီပုံစံနဲ့ ပြည်သူတွေစုစု ရှိတဲ့ဘက် မော်တာနဲ့ပစ်တယ်။ အဓိက ထိခိုက်ဒဏ်ရာရတာက မော်တာကျည်အစ မှန်တာတွေ ထိခိုက်ဒဏ်ရာရတာ။ သေနတ်မှန်လို့ ဒဏ်ရာရတယ်ဆိုတာ နှစ်ယောက်သုံးယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက မော်တာအစ မှန်ပြီးတော့ ဒဏ်ရာရတဲ့သူတွေချည်းပဲ။ အဲဒါကိုမှ မပြေးနိုင်လို့ တစ်နေရာရာမှာ ခိုအောင်းနေတဲ့အချိန်မှာ သူတို့ စစ်ကြောင်းထိုးပြီး တွေ့တဲ့အချိန်မှာ ပစ်သတ်သွားတာ။

မေး – အရင်ကရော အခုလို ဖြစ်တာမျိုးတွေရှိခဲ့သလား။

​ဖြေ – ဒီဘက်မှာ အရင်တုန်းက မရှိခဲ့ဘူး။ လမ်းမှာ ဘာမှမဟုတ်တဲ့ ပြည်သူကို ပစ်သတ်သွားတာမျိုးတော့ရှိတယ်။ ဒီလို ထိပ်တိုက်တွေ့တဲ့အချိန်မှာ ကျဆုံးတာမျိုးတော့ မရှိဘူး။

မေး – ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူ​တွေကို ဘာများ​ပြောချင်ပါလဲ။

​ဖြေ – ကျွန်တော်တို့ဒေသက အခြားဒေသတွေနဲ့ ပထဝီအနေအထားက မတူဘူး။ ပြီးရင် ကိုယ့်မှာလဲ ပြန်လည်ခုခံနိုင်စွမ်းလည်း မရှိဘူး။ စိတ်ဓာတ်နဲ့ပဲ ပြန်လည်ခုခံနေကြရတာ။ အဲဒီကျတော့ နောက်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့လည်း သင်ခန်းစာယူဖို့ပေါ့။ ဒီလိုမျိုးထိပ်တိုက်မတွေ့ဘဲနဲ့ တခြားနည်းနဲ့ တော်လှန်ကြဖို့ပေါ့။ ဒီပဲယင်း PDF ဆိုတာကလည်း သင်တန်းတွေဆင်းလာပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ရပ်မဟုတ်ဘူးလေ။ အဲဒီတော့ ဒီလိုမျိုး ကိုယ့်ဘက်က ဘာမှ ပြည့်စုံမှုမရှိသေးတဲ့အခါမှာ ကာကွယ်ရုံလောက်ကလွဲပြီး ဘာမှ ထိပ်တိုက်တွေ့ဆုံမှု မဖြစ်စေချင်ဘူး။

Show More

Related Articles

Back to top button