အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီ ကြီးစိုးသည့်  လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပ  

အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများအပြီးတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံတွင် စတင်ကျင်းပခဲ့သည်။

အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများအပြီးတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံတွင် စတင်ကျင်းပခဲ့သည်။ 

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘာပတိအဖြစ် ဦးနန္ဒကျော်စွာ က ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးတွင် ၃၇၃ ဦးလုံး တက်ရောက်ခဲ့ရာ အစည်းအဝေး အထ မြောက်သည်ဟု လွှတ်တော်သဘာပတိ ဦးနန္ဒကျော်စွာက ကြေညာခဲ့သည်။

ဆက်လက်၍ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြု  ကျမ်းသစ္စာ ကျိန်ဆို​ကာ လက်မှတ်ရေးထိုးခဲ့သည်။ 

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့ နှစ်ဦးကို ရွေးကောက် တင်မြှောက်ခဲ့သည်။

ဦးခင်ရီသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်တွင် ရဲချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်တွင် စစ်ကော်မရှင်၏ လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဖြစ်လာခဲ့ပြီး  ကြံ့ခိုင်ရေးခေါင်းဆောင် အပြောင်းအလဲမလုပ်မီ နှစ်လခန့်အလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးမှ နုတ်ထွက်စေ၍ ပါတီသို့ ပြန်ပို့ထားခြင်းဖြစ်သည်။

ဦးမောင်မောင်အုန်းသည် စစ်အာဏာသိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး  ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

ဦးမောင်မောင်အုန်းသည် စစ်တပ်၏ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွေးကောက်ပွဲ ရလဒ်ကို အပြီးသတ်ကြေညာခဲ့ရာ စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၃၃၉ နေရာအထိ ရရှိထားသည်။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၀၈ နေရာ ရရှိထားပြီး ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် ၃၃၉ နေရာအထိ အနိုင်ရရှိထားခြင်းဖြစ်သည်။ 

ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦး ရှိသည့်အနက် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၃၉ ဦး အထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုအရေအတွက်သည် အရပ်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၈၁ ရာခိုင်နှုန်းအထိရှိနေပြီး စစ်တပ်လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ၏ ဆန္ဒမဲ မပါဘဲ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်သည့် အရေအတွက် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button