တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝတပ်စခန်းမှ ဆုတ်ခွာသွားသော စစ်ကော်မရှင်တပ်သည် အနီးဝန်းကျင်ရွာများမှ ဒေသခံ ပြည်သူခုနစ်ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အရပ်သားငါးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ဒေသခံများ၊ စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဝင်းဝကျေးရွာ၏ အနောက်ဘက် အဖြောင့်တိုင်းတာပါက လေးမိုင်ကျော်အကွာ ဂုံညှင်းဆိပ်ကျေးရွာမှ စစ်ကော်မရှင်တပ်သားများ ဆုတ်ခွာသွားပြီးနောက် လမ်းခရီးတွင် တွေ့သော အရပ်သား အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ထိုသူများ၏ရုပ်အလောင်းများကို ဂုံညှင်းဆိပ်ရွာသားများက မတ်လ ၁၃ ရက်နေ့ ရာဘာခြံတစ်ခုအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“သူတို့ဖမ်းတာ ရိုးရိုးပြည်သူတွေပါဗျာ။ ဖမ်းပြီးလမ်းပြလုပ်ခိုင်းတယ်။ ပါတာအကုန်ယူတယ်။ ပြီးရင် သတ်တယ်။ ဒါဘယ်နိုင်ငံဥပဒေလဲဗျာ ။ ဘယ်အစိုးရက ကျင့်သုံးခိုင်းနေတာလဲပေါ့” ဟု ဂုံညှင်းဆိပ် ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဒေသခံ ခုနစ်ဦးကို စစ်တပ်က မည်သည့်အချိန်တွင် သတ်ဖြတ်ခဲ့သည်ကို တိတိကျကျ မသိရှိရသေးသလို သရက်ချောင်းဒေသအတွင်း မြေပြင်တိုက်ပွဲများ၊ ဖုန်းလိုင်း၊ အင်တာနက်အခက်ခဲများကြောင့် ထိုခုနစ်ဦး၏ အသေးစိတ်အချက်အလက်များအား မသိရှိရသေးပေ။
စစ်တပ်နှင့်ရဲ ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ သရက်ချောင်းမြို့နယ် တောင်ဘက် ဝင်းဝကျေးရွာရှိ ဝင်းဝရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီး မတ်လ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုစခန်းကျပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များဆုတ်ခွာချိန် ဝင်းဝရွာ မြောက်ဘက် လေးမိုင်ကျော်အကွာ ချောင်းဝပြင်ကျေးရွာမှ ဒေသခံအမျိုးသား ငါးဦးလည်း လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည်ဟု ဒေသခံများက ပြောသည်။
“ချောင်းဝပြင်ရွာထဲမှာ တွေ့တဲ့သူတွေဖမ်းသွားတယ်ဗျ” ဟု မြေပြင်အခြေအနေသိရှိသူ တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် ချောင်းဝပြင်၊ စုံစင်၊ ဂုံညှင်းဆိပ်၊ ဆိတ်တောစသည့် ရွာများမှ ဒေသခံအချို့ ပျောက်ဆုံးမှုများရှိနေပြီး စစ်ကော်မရှင်တပ်က လမ်းပြအဖြစ်ဖမ်းဆီးသွားသည်ဟု ယူဆနေပြီး သတ်ဖြတ်ခြင်းခံရမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။
ဝင်းဝ စခန်းသိမ်းတိုက်ပွဲအတွင်း ကလိန်အောင်အခြေစိုက်တပ်ရင်းများမှ စစ်ကူနှစ်ကြိမ်ထက် ပေးပို့ခဲ့စဉ် ၎င်းစစ်ကြောင်းများသည် သရက်ချောင်းမြို့တောင်ဘက် စုံစင်းဖျားကျေးရွာတွင် အရပ်သား ခုနစ်ဦးအား ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် သတ်ဖြတ်ခဲ့မှု ဖြစ်ပွားထားသည်။
ဝင်းဝစခန်းကို စစ်ကူလာသော စစ်တပ်စစ်ကြောင်းများသည် အရပ်သားပြည်သူ ဆယ်နှင့်ချီသတ်ဖြတ်ခဲ့သည်ဟု ကရင်အမျိုးအသားအစည်းအရုံး(KNU) ဘက်ကလည်း ယမန်နေ့တွင် ထုတ်ပြန်သည်။
အထက်ပါ သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၄) ပြန်ကြားရေးနှင့် တနင်္သာရီတိုင်း စစ်ဒေသတို့ထံ မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
သရက်ချောင်းမြို့နယ်မှ ဒေသခံအများစုသည် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရပြီး အချို့သည် ကျေးရွာများအတွင်းဆက်လက်နေထိုင်ခြင်းပြုလုပ်လျက်ရှိသည်ဟု အထက်ပါမြေပြင်စစ်ရေး သတင်းအရင်းအမြစ်က ဆက်ပြောသည်။
“ရွာသားတွေကစစ်ရှောင်နေကြတာကြာပြီ။ နည်းနည်းပါးပါးတော့ရှိတာပေါ့”ဟု ၎င်းက ပြောသည်။
ဝင်းဝစခန်းအား သိမ်းပိုက်ထားပြီးနောက် သရက်ချောင်းမြို့နယ်အတွင်း KNUနှင့် PDF ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေးလုပ်နေရာ ဆုတ်ခွာပြေးနေသော လက်ကျန် စစ်ကော်မရှင်တပ်များနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။
လက်ကျန်စစ်ကော်မရှင်တပ်သားများသည် ဂုံညှင်းဆိပ်နှင့် ဆိတ်တောကျေးရွာအနီးအနားရှိ ဓနိတော၊ ရာဘာ ခြံများတွင် ဝင်ရောက်ပုန်းအောင်းနေကြကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင်လည်း ဂုံညှင်းဆိပ်၊ ဆိတ်တော ကျေးရွာများအနီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ လေကြောင်း၊ ရေကြောင်းပစ်ကူများကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကော်မရှင်က Y-12 ထောက်ပို့လေယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ပြီး ထားဝယ်မြစ်ဝတွင်ရှိသော စစ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မတ်လ ၁၄ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂုံညှင်းဆိပ်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၄) နယ်မြေက ထုတ်ပြန်ထားသည်။
အလားတူ မတ်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲကလည်း ထွက်ပြေးနေသော စစ်ကော်မရှင် တပ်သားများကို လိုက်လံတိုက်ခိုက်စဉ် စစ်ကော်မရှင်တပ်သား ခုနစ်ဦး သေဆုံးပြီး MA-1 ငါးလက်၊ MA-3 သုံးလက်၊ MA- 4 တစ်လက်၊ G-3 တစ်လက် နှင့် လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း KNU က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုတွင် KNLA တပ်မဟာ (၄) ၏ တပ်ရင်း(၁၂)နှင့် အထူးကွန်မန်ဒိုတပ်ဖွဲ့၊ တပ်မဟာ (၆) ၏ တပ်ရင်း(၂၇) အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ် ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး ပေါင်းတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။
သရက်ချောင်းနှင့် ပလောက်မြို့ကြားရှိ ဝင်းဝရဲစခန်းသည် စစ်ရေးအရ အချက်အချာကျသလို KNU ထိန်းချုပ်ထားသည့် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် ထီးခီး၏ အနောက်ဘက် အဖြောင့်တိုင်းတာပါက မိုင် ၄၀ ကျော်အကွာတွင် တည်ရှိသည်။
သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲများ၊ ဒေသခံများသတ်ဖြတ်ခံရမှုအခြေအနေနှင့် ပတ်သက်ပြီး စစ်ကော်မရှင်က ယနေ့ မတ်လ ၁၆ ရက်နေ့နံနက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ရွေးကောက်ပွဲများပြီးကတည်းက KNU တပ်မဟာ (၄) နယ်မြေ၊ မြိတ်/ထားဝယ်ခရိုင်တွင် ပါဝင်သော တနင်္သာရီဒေသအတွင်း စစ်ကြောင်းများ ထိုးလာသော စစ်တပ်နှင့် ဒေသခံအဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသည်။
ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တပ်မဟာ (၄) နယ်မြေ၌ လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ် ရှိခဲ့ပြီး သရက်ချောင်းမြို့နယ်တစ်ခုတည်းတွင် ၄၈ ကြိမ်ရှိခဲ့သည်ဟု KNU ၏ မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်သူးလေနှင့် နိုင်ငံတဝန်း အရပ်သားများအပေါ် စစ်ရာဇ၀တ်မှုများ တိုးမြှင့်ကျူးလွန်မှုများ ရပ်တန့်ရေး အတွက် နိုင်ငံတကာမှ မြန်မာစစ်တပ်ကို အမြန်ဆုံး၊ အပြင်းထန်ဆုံးနှင့် ပြိုင်တူ ဖိအားပေးရန် KNU က တိုက်တွန်းကြောင်း အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။




