ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေနှစ်ခုတွင် စစ်တပ်က မတ်လ ၈ ရက်နေ့ကစတင်ပြီး သုံးရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၁၄ဦးသေဆုံးခဲ့ပြီး ၂၃ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
KNU နယ်မြေ အုပ်ချုပ်ရေးသတ်မှတ်ချက်အရ တပ်မဟာ (၅) နယ်မြေတွင်ပါဝင်သော ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လေးနေရာထက်မနည်း မတ်လ ၈ ရက်နေ့ ညနှင့် မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး စုစုပေါင်း ငါးဦးသေဆုံး၊ ရှစ်ဦးခန့် ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
မတ်လ ၈ ရက်နေ့ ည ၁၀နာရီခွဲရီခန့်တွင် မယ်ကော်လောရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး နော်လှရင်နှင့် မိခင်ဖြစ်သူတို့ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နှစ်နှစ် အရွယ်သမီး နော်လားရှီးဖော နှင့် ခင်ပွန်း အသက် ၂၇ နှစ်အရွယ် စောကျော်နိုင်တို့ ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသမီးအဖွဲ့ အစည်း (KWO) က ယမန်နေ့တွင် ထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော မတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားသော ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးမှုနှင့် ၎င်း၏ ကလေးငယ် ဒဏ်ရာရခဲ့သည်၊ အာဏာသိမ်းစစ်တပ်၏ တိုက်ခိုက်မှုသည် အပြစ်မဲ့အရပ်သားများအပေါ် ပစ်မှတ်ထားမှုကို ပြသနေသည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
ကရင်အမျိုးသမီးအဖွဲ့ အစည်း (KWO) ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်တပ်က တုံ့ပြန်ခြင်း မရှိသေးပေ။
အထက်ပါဗုံးကြဲမှုကြောင့် ဘုရားကျောင်း အပါအဝင် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ (မတ်လ ၉ ရက်) မွန်းလွဲ ၁ နာရီကလည်း တိုက်လေယာဉ်တစ်စီးသည် ဖာပွန်ခရိုင်ရှိ ကျေးရွာသုံးရွာကို ဗုံးခြောက်လုံး ကြဲချခဲ့ရာ အသက်သုံးနှစ်အရွယ် နော်စေးကပေါ်ဝါး ၊ အသက် ၅၂ နှစ် နော်လူဖော နှင့် ၇၀ အရွယ် နော်ဝါးဝါး သေဆုံးခဲ့သည်။
ထို့အပြင် အသက် ၂၂ နှစ် အရွယ် နော်မူးအယ် နှင့် ၂၅ နှစ်အရွယ် နော်အယ်စိုးဝါး ၊ ၁၇ နှစ်အရွယ် စောကလိုဘော၊ ၁၈ နှစ်အရွယ် စောဘို ၊ ၂၉ နှစ် အရွယ် စောနေကော်စိုး နှင့် အသက် ၇၀ အရွယ် စောညွန့်ထူး တို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၁ လုံး၊ ဘုရားကျောင်း နှစ်ခု ပျက်စီးခဲ့သည်။
“ ၈ ရက်နေ့ည ၁၁ နာရီဝန်းကျင်လောက်မှာပေါ့။ ဂျက်ဖိုက်တာတစ်စီးလာပြီး မယ်ကော်လောကျေးရွာကို ပစ်သွားတယ်။ မဲဝိုင်နဲ့ သိပ်မဝေးဘူး။ အဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် သေသွားတယ်။ သူ့ယောကျ်ားနဲ့ နှစ်နှစ်အရွယ် ကလေးတစ်ယောက် ဒဏ်ရာရသွားတယ်” ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“ ၉ ရက်နေ့မှာလည်းပဲ နေ့လယ်တစ်နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် လာပစ်သွား တယ်။ အဲမှာ ထိခိုက်သေဆုံးတာက သုံးယောက်ပေါ့။ ဒဏ်ရာရရှိတာက ခြောက်ယောက်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ တပ်မဟာ (၄) နယ်မြေတွင် ပါဝင်သော တနင်္သာရီတိုင်း၊ တကူကျေးရွာအတွင်း ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၇ မိနစ်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချခဲ့သောကြောင့် ကလေးအပါအဝင် လေးဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထံက သိရသည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရသူများနှင့်ပတ်သက်၍ အခြေအနေ အသေးစိတ် မသိရသေးပေ။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တဖီလေးခိုရွာကိုလည်း ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် စစ်လေယာဉ်တစ်စီးက ဗုံးနှစ်လုံး ကြဲချခဲ့သည်။
တဖီလေးခိုကျေးရွာအတွင်း ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး သုံးဦးထိခိုက်ဒဏ်ရာရရှိပြီး ၁၁ နှစ်အရွယ် ယောကျ်ားလေး နှစ်ဦး၊ ခြောက်နှစ် အရွယ် မိန်းကလေးတစ်ဦး နှင့် အသက် ၄၀ အရွယ် ဝန်းကျင်ဖြစ်သော အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
“ တဖီလေးခိုကျေးရွာကို နေ့လယ်အချိန်မှာ သူတို့ ဘုရားရှစ်ခိုးကျောင်းတစ်ကျောင်းကို ဗုံးလာကြဲတယ်။ ကြဲတဲ့အချိန်မှာ ကလေး သုံးယောက် ဆုံးတယ်။ ကလေး သုံးယောက် ဒဏ်ရာရတယ်။ လူကြီး နှစ်ယောက် ဆုံးတာပေါ့” ဟု KNU တပ်မဟာ (၄) နယ်မြေ မြိတ်/ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ယခင်က ဘုန်းကြီးကျောင်း၊ ဆေးရုံများကို ပစ်မှတ်ထားဗုံးကြဲခဲ့ပြီး ယခု ဘုရားရှိခိုးကျောင်းများကိုပါ ပစ်မှတ်ထားနေသည်ဟု သူက ဆိုသည်။
“ အခု တပ်မဟာ (၄) မြိတ်ထားဝယ်ခရိုင်မှာတော့ ဘုရားရှိခိုးကျောင်းကြဲတာ နှစ်ခါရှိပြီ။ ကျွန်တော်တို့ သုံးသပ်မိတာက စကစက အခု လေကြောင်းတိုက်ခိုက်မှုလုပ်လာတာ များတယ်။ ပြည်သူလူထု အဆောက်အအုံတွေ ၊ ကျေးရွာတွေကို လုပ်ဆောင်တာ များတာပေါ့။ ပြည်သူလူထုက တော်လှန်ရေး အဖွဲ့အစည်းကို မကူညီနိုင်အောင် ကြောက်လန့်အောင် လုပ်ဆောင်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
“ ဒီနေ့လည်း ဗုံးထပ်ကြဲတာတော့ရှိတယ်။ ဆက်တိုက်ဗုံးကြဲတယ်။ သရက်ချောင်းမှာလည်း ပြည်သူလူထု နေအိမ်တွေ ဗုံးကြဲတာရှိတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။
တနင်္သာရီမြစ်ကမ်းဘေး တဖီလေးခိုကျေးရွာ ဗုံးကြဲခံရချိန်သည် ဘုရားကျောင်းအတွင်း ကလေးများ ရောက်ရှိနေကြချိန်ဖြစ်သည်ဟု ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောသည်။
“ တဖီလေးခိုရွာကို ဗုံးလာကြဲတယ်။ ကြဲတဲ့နေရာက ဘုရားရှိခိုးကျောင်းပေါ့။ အဲမှာ ကလေးတွေ နွေရာသီ ကျောင်းပိတ်ရက် သင်တန်း ရှိတယ်။ သင်တန်းရှိတော့ ကလေးတွေ ထိခိုက်တယ်။ ထိခိုက်တာ သုံးယောက်၊ ဆုံးတာက သုံးယောက်၊ လူကြီးက နှစ်ယောက်ပေါ့။ အဆောက်အအုံက ပျက်တာပေါ့။ တိုက်ပွဲလည်းမရှိဘူး။ အဲဒီရွာမှာ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူး။ စကစက တမင်သက်သက် ဘုရားရှိခိုးကျောင်းကို လာဗုံးကြဲတာပေါ့” ဟု ထိုသူက ဆိုသည်။
“ဘာကြောင့်လာကြဲတာလဲတော့ ကျွန်တော်တို့ မသိဘူး။ စစ်ရာဇဝတ်မှု ကျူးလွန်တယ်။ ကျွန်တော်တို့ လက်ခံလို့မရဘူး”
ယခုနှစ် ဇန်နဝါရီလ ပထမပတ်မှ စတင်၍ သရက်ချောင်းမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာခဲ့ပြီး စစ်တပ်က မြေပြင်စစ်ကြောင်း ထိုးနေသလို သရက်ချောင်းမြို့အတွင်း မတ်လ ၁ ရက်နေ့ မှ ၈ ရက်နေ့အတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းဖြူသားကျေးရွာဘုန်းကြီးကျောင်း အဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ထားဝယ်- မြိတ် ပြည်ထောင်စုကားလမ်းဘေး စုံစင်ဖျားကျေးရွာအနီး စစ်ကြောင်းနှင့်တိုးသော ဒေသခံ ခုနစ်ဦး သတ်ဖြတ်ခံရသည်။
အာဏာသိမ်းတပ်သည် တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေပြီး အထူးသဖြင့် ယမန်နှစ် တည်းက လက်လွှတ်ထားရသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သော ထီးခီးနှင့် မောတောင်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲပြီးကတည်းက စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများပြင်းထန်နေသည်။
KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ ခုနစ်ခုရှိပြီး ကရင်၊ မွန်၊ ပဲခူးနှင့် တနင်္သာရီ ဒေသများတွင် အခြေစိုက်၍ စစ်ရေး၊ အုပ်ချုပ်ရေး၊ နယ်မြေစိုးမိုးရေးများ လုပ်ဆောင်နေသည်။
မတ်လ ၅ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အရှေ့ဘက် သုံးမိုင်ခွဲခန့်အကွာ ရေတွင်းကုန်းကျေးရွာတွင် စစ်ကော်မရှင်တပ်က အရပ်သား ၄၀ ထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ အဆိုပါနယ်မြေသည်လည်း KNU ၏ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ပါဝင်နေသည်။
ညောင်လေးပင်ခရိုင်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပြင်ယင်ရွာကို ဒရုန်း၊ တိုက်လေယာဉ် ၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် ဗုံးကြဲပစ်ခတ်ရာ ပြင်ယင်အလယ်တန်းကျောင်းနှင့် နေအိမ် နှစ်လုံး ပျက်စီးခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဒရုန်းများ၊ ပါရာမော်တာများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ခုနစ်လုံး နှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင် (ကရင်အခေါ် ခလယ်လွီထူးခရိုင်) က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ တိုက်ပွဲများကြောင့် KNU နယ်မြေများအတွင်း နေရပ်စွန့်ခွာရသူ ၁,၂၁၉,၀၉၂ ဦးခန့် ရှိပြီး ထိုအထဲမှ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်တွင် ၄၇၂,၅၀၀ ဦးဖြင့် အများဆုံး ဖြစ်ကာ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်တွင် ၁၇၆,၄၉၁ ဦးနှင့် တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်တွင် ၁၆၄,၁၄၂ ဦး ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ (Committee for Internally Displaced Karen People) က ယခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ထားသည်။




