အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းတွင် စစ်တပ်နှင့်တိုးသော ဒေသခံ ၇ ဦး သတ်ဖြတ်ခံရ

ဒေသတွင်း တိုက်ပွဲများပြင်းထန်နေစဉ် ဝင်းဝရွာရဲစခန်းကို စစ်ကူလာသော စစ်ကြောင်းတစ်ခုက အရပ်သား ခုနစ်ဦးကို သတ်ဖြတ်သွားသည်ဟု ဒေသခံများက ဆိုကြသည်။

တိုက်ပွဲများပြင်းထန်နေသည့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒေသခံ ခုနစ်ဦးသည် စုံစင်ဖျားကျေးရွာအနီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး ရာဘာတောတစ်ခုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

သေဆုံးသူများသည် စုံစင်ဖျားရွာ ဒေသခံများဖြစ်သော အသက် ၃၅ နှစ်ဝန်းကျင် ဇနီးမောင်နှံ နှစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ကျွဲမင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ဖြစ်ကြသည်။

သတ်ဖြတ်ခံရသူများအနက် စုံစင်ဖျားကျေးရွာ ဒေသခံ သုံးဦးသည် ထားဝယ်မြို့ပေါ်တွင် တိမ်းရှောင်နေရာမှ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်များထိခိုက်မှု ရှိမရှိ ပြန်လာကြည့်ရှုစဉ် စစ်တပ်နှင့်တိုးကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံ သုံးဦးထက်မနည်းက ပြောကြသည်။

 “၂၄ ရက်နေ့(ဖေဖော်ဝါရီ)က စုံစင်ဖျားကျေးရွာမှာ ဗုံးကြဲသွားတယ်လေ။ သူတို့ရဲ့ အိမ်တွေ ပျက်စီးသွားတဲ့အခါ ကြတော့ သူတို့က ထားဝယ်မြို့ပေါ်ကနေပြီးတော့ အိမ်ကို ပြန်ကြည့်မယ်ဆိုပြီးတော့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆင်းလာခဲ့တယ်။ စုံစင်ဖျားရွာနားမှာ အဖမ်းခံရတဲ့ သဘောမျိုးပေါ့ စစ်တပ်နဲ့သွားတိုးပြီးတော့” ဟု မြေပြင်အခြေအနေ သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို  ပြောသည်။

သရက်ချောင်းမြို့၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာဝေးတွင်ရှိပြီး မြိတ်- ထားဝယ် ကားလမ်းမကြီးဘေးတွင် တည်ရှိသော စုံစင်ဖျားကျေးရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  

စုံစင်ဖျားရွာ၏ တောင်ဘက် ငါးမိုင်ကျော်အကွာတွင် ကားဖြင့်သွားပါက ၁၃ မိနစ် အကွာအဝေးတွင် တော်လှန်ရေးပူးပေါင်းတပ်များ ယမန်နှစ်ဧပြီလကတည်းက စတင်တိုက်ခိုက်နေသော ဝင်းဝရွာရဲစခန်း တည်ရှိသည်။ 

ဝင်းဝရွာ ရဲစခန်းသို့ စစ်ကူပေးရန် ရောက်ရှိလာသော ကလိန်အောင်အခြေစိုက် အမှတ် (၄၀၉) ခြေလျင် တပ်ရင်းက ထိုဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄) နယ်‌မြေ ၊ မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်  ထုတ်ပြန်ထားသည်။ 

အသတ်ခံရသူ ခုနစ်ဦးအနက်မှ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ စုံစင်ဖျားရွာခံ အမျိုးသမီးတစ်ဦးသည် တစ်ဦးတည်း ဆိုင်ကယ်နှင့်သွားခဲ့စဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေ အမျိုးသမီးတစ်ဦး က ဆိုသည်။ 

“ကျွန်မ အသိ (သေဆုံးသူ) က ငါးခြောက်အထုပ်နဲ့ ဆိုင်ကယ်စီးလာတယ်။ အသိတွေက တခြားလမ်းက သွားဖို့ခေါ်ပေမယ့် ငါအသိတစ်ယောက်နဲ့ ချိန်းထားလို့ဆိုပြီး ကျန်နေခဲ့ပါတယ်။ ပြီးတော့ တစ်ယောက်တည်း ဆိုင်ကယ် မောင်းလာခဲ့ပါတယ်။ လမ်းမှာ အခုလိုဖြစ်တာပါပဲရှင်။ ဓာတ်ပုံတွေအရ ကျွန်မအထင် ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ထားတာလို့ပဲ ထင်ပါတယ်” ၎င်းက ပြောသည်။ 

အလားတူ သရက်ချောင်းမြို့တောင်ဘက် ၂၇ မိုင်ခန့်အကွာ ကျွဲမင်းကုန်းကျေးရွာသို့ ဦးတည်လာသော ဘေးတွဲမော်တော်ဆိုင်ကယ်တစ်စီးတွင် လိုက်ပါလာသော အသက် ၂၇ နှစ် ဝန်းကျင်ရှိ ယာဉ်မောင်းသူ အမျိုးသားတစ်ဦးနှင့် အသက် ၃၀ ခန့်အရွယ် အမျိုးသမီးသုံးဦးလည်း စုံစင်ဖျားကျေးရွာအနီး အထက်ပါ ဒေသခံ သုံးဦးနှင့်အတူသတ်ဖြတ်ခံရသည်ဟု သေဆုံးသူများနှင့် နီးစပ်သူများက ပြောသည်။

ကျွဲမင်းကုန်းကျေးရွာသည် သရက်ချောင်းမြို့၏ တောင်ဘက် ၂၇ မိုင်ခန့်အကွာအဝေးတွင်တည်ရှိပြီး မြိတ်- ထားဝယ်ကားလမ်းမကြီးဘေးတွင်တည်ရှိသော ပင်လယ်ကမ်းစပ် ကျေးရွာတစ်ရွာဖြစ်သည်။ 

ယခင်လ ပထမပတ်မှ စတင်၍ သရက်ချောင်းမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာမှုကြောင့် ထားဝယ်- မြိတ် ပြည်ထောင်စုကားလမ်းဘေး တစ်လျှောက် ကျေးရွာများမှ ဒေသခံ အများစု ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြစဉ် ထိုသို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများအရ ခြောက်ဦးသည် လမ်းမကြီးတစ်ခု၏ ဘေးဘက်ခြမ်းရှိ ရာဘာခြံတောအစပ်၌  ဦးခေါင်းသေနတ်ဒဏ်ရာများနှင့် သေဆုံးလျက်ရှိသည်ကို တွေ့မြင်ရသည်။ အသက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးသည် ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီး ကျန်ရုပ်အလောင်းများနှင့် မနီးမဝေး ကားလမ်းဘေးကပ်လျက် သေဆုံးလျက်ရှိသည်ကို တွေ့ရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် KNU တပ်မဟာ (၄) ၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းတို့အား ဆက်သွယ်မေးမြန်းထားသော်လည်း ယခုအချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ 

အဆိုပါအရပ်သား ခုနစ်ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စစ်တပ်ဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။ 

သရက်ချောင်းမြို့နယ် စစ်ရေးအခြေအနေပြမြေပုံ။ 

သရက်ချောင်းမြို့နှင့် ပလောက်မြို့ကြားရှိ ဝင်းဝကျေးရွာရဲစခန်းအား တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သည် ထားဝယ်မြို့ဘက်မှတဆင့် ခြေလျင်စစ်ကူများ နှစ်ကြိမ် ထက်မနည်း စစ်ကူအင်အားပေးပို့ခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးနီးကပ်ကပ်ရှိသော အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောသည်။

ဒေသတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေသောကြောင့် ဒေသတွင်းအဆက်အသွယ်များ ပြတ်တောက် နေသလို သတ်ဖြတ်ခံရသူများသည် ဓားစာခံအဖြစ် ဖမ်းဆီးခံရရာမှ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု သူက ယူဆသည်။ 

“အခုက ဖုန်းလိုင်းတွေမရှိတော့ အမှန်တိုင်းမသိကြရဘူး၊ မနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) ကဆို တနေကုန် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တယ်။ ပထမဆုံး (စစ်တပ်) စစ်ကြောင်းက ပိတ်မိပြီးမတိုးနိုင်တာ၊ ဒုတိယ စစ်ကြောင်း ထပ်လိုက်လာမှ ရှေ့ဆက်တိုးနိုင်ပြီးတိုက်ပွဲအပြင်းထန်ဖြစ်ပွားတာ။ အဲဒီချိန်ထဲမှာပဲ ဓားစာခံ ဖမ်းထားတဲ့ပြည်သူတွေသတ်ဖြတ်ပစ်ခဲ့တာ” ဟု ထိုသူက ဆက်ပြောသည်။ 

နှစ်ဖက်စစ်ရေးတင်းမာမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြိတ်-ထားဝယ် ကားလမ်းမကြီးအား ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ဖြတ်သန်းခွင့် ပိတ်လိုက်သည်။ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် KNU-တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်များက ဝင်းဝကျေးရွာရဲစခန်းအား စတင်တိုက်ခိုက်ခဲ့သည်။ 

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားရာ ဝင်းဝကျေးရွာအပြင် သရက်ချောင်းမြို့နှင့် ပလောက်မြို့အကြားရှိ  ကျေးရွာများဖြစ်သော သဲချောင်းကြီး၊ စုံစင်ဖျား၊ မင်းဒပ်၊ သိမ်ကုန်း၊ ချောင်းဝပြင်၊ ကနက်သီရိ၊ ပြင်းဖြူ သားနှင့် ဂုံညှင်းဆိပ် စသည့်ရွာများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း  လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်းဖြူသားကျေးရွာမှ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

ထိုဒေသမှ စစ်ရှောင်အများစုသည် ထားဝယ်၊ ပုလော၊ မြိတ် စသည့်မြို့များပေါ်တွင် စစ်ဘေးရှောင်ကြရပြီး အချို့သည် တောင်ယာ၊ ကားလမ်းမဘေးနှင့် ဥယျာဉ်ခြံများတွင် တဲထိုး၍စစ်ရှောင်လျက်ရှိကြသည်။ 

ထားဝယ်မြစ်ဝအနီးရှိပင်လယ်ပြင်မှ စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးနီးကပ်ကပ်ရှိသော အထက်ပါ အမျိုးသားက ပြောသည်။

“ရေတပ်ပစ်တယ်၊ အဆင်သင့် ရေထဲမှာနေရာယူထားတယ်။ ပစ်တယ်၊ ကြဲတယ် ကြည်း၊ ရေ၊ လေ၊ ပူး‌တွဲ စစ်ဆင်ရေးလို့တောင်ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်- သရက်ချောင်း- ပလောက် ကားလမ်းမကြီးပေါ်ရှိကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံများသည်လည်း နှစ်ဖက်စစ်ရေးတင်းမာနေချိန်မှစ၍ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၅၈ ကြိမ်ရှိခဲ့ပြီး စစ်ဘေးရှောင်ဦးရေ သည် ၈၅,၀၀၀(ရှစ်သောင်းခွဲ)အထိ ရှိလာသည်ဟု ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သော FE5 Tanintharyi အဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။  အရပ်သား နှစ်ဦး သတ်ဖြတ်ခံရပြီး လူနေအိမ်မီးရှို့ခံရမှုပေါင်းသည် ၂၅၀ ထက်မနည်းရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်ကော်မရှင်တပ်သည် တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေပြီး  အထူးသဖြင့် ယမန်နှစ် ကတည်းက လက်လွှတ်ထားရသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သော ထီးခီးနှင့် မောတောင်မြို့ကို ပြန်ထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲပြီးကတည်းက  စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများပြင်းထန်နေသည်။ 

Related Articles

Back to top button