သတင်း

တနင်္သာရီတိုင်း သရက်ချောင်းတွင် တိုက်ပွဲကြောင့် မြိတ်-ထားဝယ်ကားလမ်းပိတ်နေ

KNLA နှင့် PDF ထိုးစစ်ဆင်နေသည့် သရက်ချောင်းမြို့နယ်တိုက်ပွဲဖြစ်နေရာ စစ်ကောင်စီက လေတပ်၊ ရေတပ်၏ ပစ်အားယူပြီး ခုခံနေသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်နေသဖြင့် မြိတ်-ထားဝယ်ကားလမ်းကို အသုံးမပြုနိုင်သေးကြောင်း မြေပြင်အခြေနေသိသည့် ဒေသအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်အချို့က ဆိုသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ်အပိုင် ဝင်းဝရွာ နယ်မြေရဲစခန်းတွင် တိုက်ပွဲပြင်းထန်နေသည်။ 

ကုန်ကားနှင့် ခရီးသည်တင်ကားများ ခရီးဆက်ရန် ခက်ခဲနေသည်ဟု  တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

 “ရွာကားလေးတွေတောင် သွားဖို့အခက်အခဲရှိတယ်။ တချို့ခရီးသည်တွေကတော့ မြိတ်နဲ့ထားဝယ်ကို ရေလမ်းကနေ သွားကြတယ်” ဟု သူက တနင်္သာရီတိုင်းတွင်း ပဋိပက္ခအခြေအနေကို လေ့လာမှတ်တမ်းတင်နေသည့် Fe5 Thanintharyi အဖွဲ့က ယနေ့ပြုလုပ်သော မေးမြန်းဆွေးနွေးမှုအစီအစဉ်တွင် ပြောသည်။

ကရင်အမျိုးသားလွတ်မြှောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ် များသည် ဝင်းဝနယ်မြေရဲစခန်းကို ဧပြီလ ၁၈ ကတည်းက တိုက်စစ်ဆင်နေခြင်းဖြစ်သည်။ 

လက်ရှိအချိန်အထိလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ် ကြောင်း တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်အချို့ ထံမှသိရသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာအနီး ပင်လယ်ပြင်ရှိ စစ်ကောင်စီ၏ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း တနင်္သာရီတိုင်းသတင်းများ အထူးပြုတင်ဆက်နေသည့် Dawei Watch သတင်းဌာနက ရေးသားသည်။

ထို့အပြင် လေတပ်ကလည်း ဝင်းကနယ်မြေရဲစခန်းအနီးသို့ ဧပြီလ ၂၅ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီခွဲတွင်တစ်ကြိမ် ဗုံးကြဲထားကြောင်းသိရသည်။

ထိခိုက်သေဆုံးမှုများကို လတ်တလောမသိရသေးပေ။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကမူ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းတွင် တိုက်ပွဲဖြစ်နေသဖြင့် ဧပြီလ ၂၄ ရက်မှ စတင်ကာ နေ့ခင်းပိုင်းသာ သွားခွင့်ပြုကြောင်းကြေညာသည်။

ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း လုံးဝ ဖြတ်သန်းခွင့်မပြုကြောင်း ၊ ခွင့်ပြုချက်မရှိဘဲ သွားလာပါက ထိခိုက်မှု တစ်စုံတစ်ရာအတွက် လုံးဝ တာဝန်မယူကြောင်း သရက်ချောင်းမြို့နယ် (ပ.က.ဖ) က ဆိုသည်။

စစ်ရေးအရ မသင်္ကာဖွယ်အားလုံးကို ထိရောက်စွာအရေးယူမည်ဟုလည်း သရက်ချောင်းမြို့နယ် (ပ.က.ဖ) က သတိပေးသည်။

တိုက်ပွဲကြောင့် သရက်ချောင်းမြို့နယ်တွင် စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိနေပြီး ဘေးလွတ်မည်ဟု ယူဆသည့် ရွာအချို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ စားနပ်ရိက္ခာ ခက်ခဲသဖြင့် ရွာသားအချင်းချင်းကျွေးမွေးကူညီနေကြောင်း သရက်ချောင်းမြို့နယ်အခြေအနေသိသည့် သတင်းရင်းမြစ်အမျိုးသားက ပြောသည်။

စစ်ဘေးရှောင်များအတွက် ငှက်ဖျားကာကွယ်ဆေးဆိုင်ရာ ဆေးဝါးများ၊ ထိခိုက်ဒဏ်ရာ ကုသနိုင်ရန် ဆေးဝါးနှင့် ဝမ်းရောဂါကုသနိုင်ရန် ဆေးဝါးလိုအပ်နေကြောင်း သရက်ချောင်းမြို့နယ်အခြေအနေသိသည့် သတင်းရင်းမြစ် အမျိုးသားက ဆိုသည်။

လက်ရှိတွင် မြိတ်-ထားဝယ်ကားလမ်းပိတ်နေသဖြင့် သရက်ချောင်းမြို့တောင်ဘက်ရွာများသို့ ကုန်စည်ဝင်ရောက်မှုနည်းနေသည်။ ထို့အပြင် စက်သုံးဆီလိုအပ်ချက်လည်း ရှိနေကြောင်း တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဧပြီလ ၁၉ ရက်က သိမ်းလိုက်သည့် ထားဝယ်မြို့နယ် ထီးထ ဗျူဟာအနီးဝန်းကျင်တွင်မူ အရပ်သား ၄ ဦးဝမ်းရောဂါဖြစ်နေကာ စစ်ရှောင်များအတွက် ရိက္ခာအခက်အခဲဖြစ်နေကြောင်း သိရသည်။

ထီးထဗျူဟာသည် စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ထီးခီး၏ အနောက်ဘက် ၅ မိုင်ကျော်အကွာတွင် တည်ရှိပြီး စစ်ရေးအရအရေးပါသော ဗျူဟာကုန်းဖြစ်သည်။

အခြား‌သော နယ်စပ် ကုန်သွယ်ရေး ဝင်ပေါက်ရှိရာ တနင်္သာရီမြို့နယ် မောတောင်မြို့သို့ သွားသည့်လမ်းတွင်လည်း နှစ်ဘက် စစ်ဆိုင်ထားသည့်အခြေအနေရှိကြောင်း Fe5 Thanintharyi သုတေသနအဖွဲ့၏ အချက်အလက်အရသိရသည်။

တနင်္သာရီတိုင်းတောင်ပိုင်း ကော့သောင်းမြို့နယ်ဘက်တွင်မူ တိုက်ပွဲသတင်း လတ်တလောမကြားရသော်လည်း ဧပြီလ ၂၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မပါဘဲ PDF ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းထံ  ဆက်သွယ်ရောက်ရှိလာကြောင်း အဆိုပါတပ်ရင်းက သတင်းထုတ်ပြန်သည်။

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ (၁၃) မှ တပ်သား ၂ ဦးနှင့် ခလရ (၄၃၂) မှ တပ်သား ၁ ဦး ဖြစ်သည်ဟု သိရသည်။

Related Articles

Back to top button