သတင်း

PPST ယာယီဥက္ကဋ္ဌအဖြစ်မှ ဗိုလ်ချုပ်ကြီးယွက်စစ် နုတ်ထွက်စာတင်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ယာယီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။ 

ဗိုလ်ချုပ်ကြီးယွက်စစ်သည် ဇွန် ၂၉ တွင် နုတ်ထွက်စာတင်ခဲ့ပြီး မနက်ဖြန် (ဇူလိုင် ၂) PPST အစည်းအဝေးအပြီးတွင် အဖြေသိနိုင်မည်ဟု ထင်မြင်ကြောင်း RCSS/SSA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူးခမ်းစံက Myanmar Now ကို ပြောသည်။

“နုတ်ထွက်စာတင်တယ်ဆိုတာက PPST ရဲ့ ယာယီဥက္ကဋ္ဌအဖြစ်ကနေ အနားယူဖို့ နုတ်ထွက်စာတင်တာပါ” ဟု ၎င်းက ဆိုသည်။

ယာယီဥက္ကဋ္ဌအနေဖြင့်သာ အနားယူခြင်းဖြစ်ပြီး RCSS/SSA အနေဖြင့် PPST အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကာ အဖွဲ့တာဝန်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်အဖွဲ့ ၁၀ ဖွဲ့၏ PPST အစည်းအဝေးကို ယနေ့ စတင်ကျင်းပနေခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီသည် NCA ကို မျက်ကွယ်ပြုကာ ထင်ရာစိုင်းဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် မတ်လအတွင်း ကျင်းပခဲ့သည့် PPST အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားထားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်ရှေ့တွင် PPST ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည်လည်း NCA ကိစ္စဆွေးနွေးမှုများတွင် မကျေလည်မှုများ ရှိလာရာမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နုတ်ထွက်သည့် ၂၀၁၉ ခုနှစ်တွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က PPST ယာယီဥက္ကဋ္ဌတာဝန်ကို စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။ 

၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PPST ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် NCA တွင် ပါဝင်လက်မှတ်ထိုးခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များအပြင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။ 

ရှမ်းပြည်နယ်တွင် စစ်ကောင်စီသည် RCSS/SSA အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့်ပါ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ 

Show More

Related Articles

Back to top button