
ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြားရှိတယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင် မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
Myanmar Now သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ်မေးမြန်းရာမှာ မဘသဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိက ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မဘသအဖွဲ့ရဲ့ သဘောထား၊ တပ်မတော်အာဏာသိမ်းခြင်း၊ ဧည့်စာရင်း၊ အခြေခံဥပဒေ ပြင်ဆင်မှုမပြုရေး၊ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးတို့အကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်ထဲကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မေး။ ။ ဦးဝီရသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဦးကိုနီကိုသတ်လိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားတာနဲ့ ပတ်သက်လို့ သံဃာတော်တစ်ပါးနေနဲ့ ဒီလိုမျိုး ပြောရမလားဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဘုန်းဘုန်းအနေနဲ့ရော ဘယ်လိုများ သဘောရလဲဘုရား။
ဖြေ။ ။ သူ့ရဲ့ ပုဂ္ဂလိကအာဘော်ပဲ။ မဘသအနေနဲ့ပြောတာ မဟုတ်ဘူးလေ။ ဘုန်းကြီးတို့ကတော့ ဒါတွေကို ဘာမှ မဝေဖန်လိုဘူးပေါ့။ ကိုနီနဲ့ ပတ်သက်တဲ့လူတွေကတော့ ဘာပဲဖြစ်ဖြစ် အပြစ်မြင်မှာပဲလေ၊ မဟုတ်ဘူးလား၊ ဒီသဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘုန်းကြီးတို့က အားလုံးအတွက် ကြေညာစာတမ်း ထုတ်ထားပြီးပြီလေ၊ ကိုနီသေတာကိုလည်း ဒါဟာ သတ္တဝါတစ်ဦးသေသလို ဝမ်းနည်းတာပဲပေါ့။ အားလုံး သေနေကြတာပဲ မဟုတ်လား။ အသတ်ခံနေကြရတာပဲ မဟုတ်လား။ ဘုရားက မြွေဟောက်တစ်ကောင်ကို ကာလသားတွေ ဝိုင်းရိုက်တာကို ဘုရားက မကြိုက်လို့တားခဲ့တယ် ဆိုတဲ့ပုံစံလေ၊ ဖတ်ဖူးတယ် ဟုတ်။ မည်သူတစ်ဦးဦးကို သတ်တာကမှ ဘုန်းကြီးတို့အဖွဲ့က မကြိုက်ဘူးလေ။ ဒါ သဘောထား ကြေညာချက် ထုတ်ပြန်ထားပြီးပြီပဲဟာ။ ဖတ်ရတယ်မဟုတ်လား။
မေး။ ။ အခုက သူ့ရဲ့အာဘော်ဆိုပေမဲ့ သံဃာတော်တစ်ပါးအနေနဲ့ အဲဒီလိုမျိုး ပရိသတ်တွေကို အတိအလင်း ချပြဖို့သင့်မသင့် ဘယ်လိုမြင်လဲဘုရား။
ဖြေ။ ။ အဲဒါတော့ ဘုန်းကြီးမပြောလိုဘူးလေ။ ဒါ သူ့ကိစ္စနဲ့သူပဲလေ။ သေတာလည်း သူ့ကိစ္စနဲ့သူပဲလေ။ အမှန်ကတော့၊ ဘုန်းကြီးတို့အမြင်ကတော့ ကိုနီကို မုန်းနေတာ အများကြီးဖြစ်နေတာကို။ သတ်ချင်တဲ့သူကလည်း အများကြီးဖြစ်နေတာ။ ကရင်ပြည်နယ်က DKBA တပ် တစ်တပ်လုံးက သတ်ချင်နေတယ်လို့ ဘုန်းကြီးတို့က သိထားတယ်။ ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည်ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။
မေး။ ။ တိုင်းပြည်ချောက်ကျအောင်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးလဲဘုရား။
ဖြေ။ ။ ယိုးဒယားကို ဒကာ အခုတလောမှာ ကြည့်လိုက်။ ယိုးဒယားမှာ ဒီမိုကရေစီဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေပေမယ့် ကမ္ဘာမှာ ယိုးဒယားက အာဏာသိမ်းတာ အများဆုံးပဲ၊ သိမ်းပြီးရင်လည်း မူဝါဒက နဂိုအတိုင်းပဲ သွားနေတဲ့အခါကျတော့ အမေရိကန်က နှုတ်ပိတ်ပြီးတော့ ဒီအတိုင်း မနေနေဘူးလား။ ဗမာပြည်က အာဏာသိမ်းလိုက်တဲ့အခါကျတော့ အမေရိကန်က သူ့မူဝါဒအတိုင်းမလိုက်ဘဲနဲ့ ဦးနေဝင်းတို့ ဆိုရှယ်လစ်ဘက်ကို လုပ်လိုက်တဲ့အခါကျတော့ အမေရိကန်က ကလန်တယ်လေ။ အကယ်၍ ဦးနေဝင်းသာ အမေရိကန်နဲ့ တည့်အောင်ပေါင်းနေမယ် တည့်နေတယ်ဆိုရင် ဒါဟာ သူတို့မြှောက်စားနေမှာပဲ။ ပါကစ္စတန်မှာလည်း အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေကို သူ့မူဝါဒအတိုင်း လုပ်တဲ့အခါကျတော့ လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်။ သူ့မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ဘယ်သူသိမ်းသိမ်း သူကြိုက်တယ်။ ကနေ့ ယိုးဒယားရဲ့လွှတ်တော်မှာ မွတ်စလင်တွေ ရာနဲ့ချီပြီးတော့ ရောက်သွားပြီ၊ ကြားဖူးတယ်နော်။ အခု ယိုးဒယားက မက္ကာသွားတဲ့ ကုလားတွေကို အစိုးရရဲ့ခရီးစရိတ် ထုတ်ပေးရတဲ့အဖြစ် ရောက်သွားပြီ။ ပြီးတော့ ယိုးဒယားအခြေအနေမှာ ဓမ္မာကာယဂိုဏ်းဆိုတာ ဂိုဏ်းနှစ်ဂိုဏ်းထဲမှာ အဓိကဂိုဏ်းကို အစိုးရက ဖြိုခွင်းနေတာရော ကြားလား။ ကြားတယ်မလား။ ဒီလိုစနေပြီပေါ့။ ဗမာပြည်မှာ အဲဒီအန္တရာယ်ကို ကာကွယ်ဖို့ရန်အတွက် ရှေးကတည်းက ဦးနေဝင်းတို့လက်ထက်ကတည်းက ဘာသာခြားတွေကို ရာထူးကြီးကြီးမပေးခဲ့ဘူး။ ဗိုလ်မှူးချုပ်အေဘယ်တစ်ယောက်ပဲ အရည်အချင်းရှိလို့ နဂိုကတည်းက ဒီရာထူးနဲ့ပဲ နေတယ်။ ဒါပေမဲ့ အရေးပါတဲ့နေရာမှာ မထားဘဲနဲ့ နိုင်ငံခြားဘက်မှာပဲ ထားသွားတယ်။ နောက်ထပ် နောက်ထပ် ဘယ်သူမှ ဗိုလ်မှူးကြီးမဖြစ်လာရဘူး။ ကိုနီက ခြံစည်းရိုးဆိုတဲ့ဥပဒေကို တစ်ချောင်းချင်းတစ်ချောင်းချင်း ဖယ်ရှားနေတယ်။ တဖြည်းဖြည်း သူ့လူတွေကို ဝင်လာနိုင်အောင် လုပ်နေတယ်။ ဒါကို ဉာဏ်မျက်စိနဲ့မြင်အောင် ကြည့်တတ်ကြဖို့လိုတယ်။ တို့ဧည့်စာရင်းစစ်တဲ့ဟာကို ပထမဆုံးဖျက်ပစ်လိုက်တယ်။ ဧည့်စာရင်းတိုင်တဲ့နေရာမှာ ဟိုးလွန်ခဲ့တဲ့ အနှစ်၂ဝ၊ ၂၅ လောက်တုန်းက ၁ ကျပ်လား ပေးရတယ်၊ တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူတွေက ပေးရရင် မကြိုက်ဘူးလေ။ လူတွေက ဧည့်စာရင်းကိစ္စရှုပ်တယ်ဆိုပြီးတော့၊ ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူးဆိုပြီး လုပ်လိုက်တာ။ အကြောင်းပြတာ။ ဒါဖျက်လိုက်တာနဲ့ တစ်ခါတည်း ဒီခြံစည်းရိုး တစ်ချောင်းကျိုးတာနဲ့ တစ်ခါတည်း သူ့မွတ်စလင်ကုလားတွေ တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။ ဒါက တိုင်းပြည် အလားအလာအတွက် ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာ မြင်တယ်။ ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊ တဖြည်းဖြည်းချင်း လာမယ်။ အဲဒါတိုင်းပြည်ချောက်ကျမယ့် သဘောပဲ။
မေး။ ။ အခြေခံဥပဒေက ပြင်ဆင်ဖို့ မလိုဘူးလို့ ယူဆပါသလား။
ဖြေ။ ။ လောလောဆယ်ဆယ် ပြင်ဆင်ဖို့မလိုသေးဘူး။ ပြင်ဆင်ဖို့ဆိုတာလည်း မရသေးဘူး။ မရသေးတဲ့အတွက်ကြောင့် ပြင်မယ်လို့ ပြောနေတာကလည်း အမုန်းပွားတာပဲ အဖတ်တင်မယ်၊ ငါလည်း စိတ်ပူပြီးတော့ ပြောဖူးတယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်ပြောတယ်၊ ဆရာတော် ဘာမှမပူပါနဲ့၊ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်လို့ စာကြောင်းပါတယ်။ တလောက ဆောင်းပါးမှာ ဖတ်လိုက်ရတာက အခြေခံဥပဒေထိန်းသိမ်းဖို့ရန် တပ်မတော်သည် အဓိက တာဝန်ရှိသည်။ ဒီလိုစာသားနဲ့ ရေးထားတာရှိတယ်။ ဟိုဗိုလ်ချုပ်ပြောတာကတော့ ဗမာလို ပြောချလိုက်တာပဲလေ။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။ ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး။ ပြင်ချင်ရင် တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊ ညှိ။ ဟုတ်ပြီလား။ အဲဒီလိုကာကွယ်ရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ ဟိုကောင်တွေက ဥပဒေဆိုတဲ့ ခြံစည်းရိုးကို တစ်ချောင်းချင်း၊ တစ်ချောင်းချင်း၊ ဖြည်းဖြည်း မသိမသာဖြုတ်။ သူတို့က ဘာမှနားမလည်တဲ့ လူထုကို ဘာမဟုတ်တာလေး တစ်ခုပေး၊ ဘာမဟုတ်တဲ့ တစ်ကျပ်၊ ငါးမူး သက်သာတာကို။ တကယ် သူ့လူ သူသွင်းချင်တာကိုကတော့ မြှုပ်ထားတယ်။ ဒီ့အပြင်အရေးကြီးတဲ့ဟာတွေ ရှိသေးတယ်။ အဲဒါ၊ တိုင်းပြည် ချောက်ကျသွားမှာပဲ။ ချောက်တော့ အကျမခံဘူး။ ပြောလို့မရရင်တော့ တို့မျိုးချစ်လူတွေက၊ ဘုန်းကြီးတွေကရော လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်မခံနိုင်ရင် တိုင်းပြည်ပွက်မယ်။ တိုင်းပြည်ပွက်လို့ အစိုးရက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရင် တပ်က အာဏာသိမ်းမယ်၊ ဒီလမ်းစဉ်ပဲရှိတာ။ အဲဒီလိုဆိုရင် တို့ဒီမိုကရေစီ ဘာဖြစ်သွားမလဲ။ ငါတို့က အဲဒီဒီမိုကရေစီကို ပေးမပျက်စေချင်လို့။ ဒီကိုနီ မွှေနေပုံက တစ်နေ့တော့ ဒုက္ခတော့ ပေးတော့မှာပဲလို့၊ ဒီလိုတော့ သိတယ်လေ။ အခုသည်ပင်လျှင် တပ်မတော်က ငါတို့ အတွင်းကျကျသိထားတဲ့ အသိတစ်ခုက၊ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်း မှန်မယ်၊ ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင် သူလုပ်နိုင်သလဲ။ သူ့လုပ်ဆောင်ချက်က တိုင်းပြည်အတွက် ဘယ်လောက်တောင် အန္တရာယ်များသွားသလဲ။ ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊ လူထုက သူ့ကို တအားယုံကြည်နေတာကို။ ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်းဖြစ်လောက်အောင် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့အတွက်ကြောင့် ဒီအတိုင်ပင်ခံဆိုင်ရာ၊ ဒီကိုနီတို့ လုပ်လိုက်တဲ့အခါကျတော့၊ အခြေခံဥပဒေနဲ့မညီတဲ့ အခါကျတော့၊ တပ်မတော်က တောက်တစ်ချက် ခတ်သွားတယ်၊ သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊ စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင် ပါးစပ်က တောက်ခတ်ရုံတင်မကတော့ဘဲ လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လားဆိုတာတော့ မပြောနိုင်ဘူးလေ။ ငါတို့ကတော့ စိတ်ပူနေတယ်။
မေး။ ။ ဒီလုပ်ကြံမှုမှာ အငြိမ်းစားယူသွားတဲ့ တပ်မတော်အရာရှိကြီးဟောင်းတွေ ပါဝင်နေတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီလို ယူဆချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ ဒါကကွာ လယ်ပြင်မှာ ဆင်သွားသလိုပဲ ထင်ရှားနေတာပဲ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင် မြင်တယ်လေ။ ဒီမိုကရေစီကို မင်းတို့၊ ငါတို့ ပြည်သူတွေက အော်ဟစ်တိုက်ခိုက်လို့ ရလာတာမှ မဟုတ်တာ။ ဟိုတုန်းက ငါတို့ အော်ဟစ်တိုက်ခိုက်လို့ သေတာပဲ အဖတ်တင်ခဲ့တယ်လေ။ ရရဲ့လား၊ မရဘူးနော်။ နောက်ဆုံး အခြေခံ ၇ ချက် ဆိုပြီး ယိုးဒယားကပြောလို့ ဦးခင်ညွန့်တို့က ဘာမြေပုံဆိုလဲ အဲဒါတွေနဲ့ အခြေခံတွေဆွဲပြီး ငြိမ်ဝပ်ပိပြားရေးလက်ထက်မှာလေ၊ ဆွဲပြီးလို့ အားလုံးလမ်းခင်းပြီးတဲ့အခါကျမှ ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲကို ချပေးခဲ့တယ်လေ။ ချပေးလိုက်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ပထမအသုတ်မှာ ဝင်မပြိုင်ဘူးလေ။ အဲဒါ ဘယ်သူက မပြိုင်ခိုင်းလို့ မဝင်သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင် လှေမှောက်တယ်ဆိုတဲ့ ဂျာနယ်တစ်စောင်ရေးတဲ့ ဆောင်းပါး၊ ဒကာဖတ်လိုက်ပါ၊ အဲဒီမှာ ၆ ချက်တွေ့လိမ့်မယ်၊ နောက်ဆုံးတစ်ချက် ငါပြောမယ်၊ အဲဒီမှာ ကိုနီက အကြံဉာဏ်ပေးတယ်၊ ရွေးကောက်ပွဲနိုင်ရင်လည်း ဒေါ်စု သမ္မတမဖြစ်ဘူး၊ အခြေခံဥပဒေမပြင်တဲ့အတွက်ကြောင့်။ နိုင်တော့နိုင်မယ်၊ သမ္မတလုပ်လို့ မရဘူး။ အခြေခံဥပဒေကို အစကနေပြန်ရေးမယ်ဆိုတဲ့ အသံရော မကြားဘူးလား။ အဲ့ဒီမှာ ဒေါ်စုကို သူက ပြောတဲ့အခါမှာ ဒေါ်စုက သူ့အပေါ်မှာ သံသယဖြစ်တယ်လို့ တို့ကြားတယ်။ သူက မလုပ်နဲ့၊ လုပ်ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ်လို့ ပြောတယ်ဆိုလားပဲ။ ဦးကိုနီကိုလည်း နိုင်ငံခြား OIC ကနေ ငွေကြေးတွေ ထောက်ပံ့ပေးပြီး မင်းဒါတွေ မလုပ်သေးဘူးလားလို့ ဖိအားတွေ ပေးနေတယ်။ သူလုပ်ပြန်တော့လည်း ဒေါ်စုတို့က လက်မခံပြန်ဘူး။ မလုပ်သေးဘူး။ ဆိုင်းထားတယ်ပေါ့။ သူ့ကို တစ်ဖက်ကလည်း ငွေအားနဲ့ ဖိအားပေးအကျပ်ကိုင်နေတော့ သူလုပ်ထားတဲ့အလုပ်ကို စာအုပ်ရိုက်ပြီး ဝေလိုက်တယ်လေ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဒေါပွတယ်ဆိုတာ ကြားတယ်။ ဒေါ်စုက သူနဲ့ ၃ လလောက် တန်းသွားပြီး အတွေ့မခံဘူးလို့လည်း ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်၊ ကြားတာ။ အဲ့ဒီရဲ့အရှိန်နဲ့ အခုလို အသတ်ခံရတယ်ဆိုတော့ ဘယ်လိုတွေ၊ ဘယ်ဝါတွေတော့ မပြောနိုင်ဘူးပေါ့။ သတ်တာမှာ လူတစ်ယောက်သတ်တာ ဘယ်နေရာသတ်သတ် ရတာပဲ။ ဒီလောက် လက်နက်တွေပေါနေတာ။ လူကောင်မပေါ်ဘဲနဲ့ကို သတ်လို့ရတာပဲ။ မင်္ဂလာဆောင်မှာလည်း သတ်လို့ရတာပဲ။ အားလုံးရရဲ့သားနဲ့ လူမြင်ကွင်းဖြစ်တဲ့ ကမ္ဘာသိဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ ဗြောင်ကြီး လုပ်ပစ်လိုက်တာက တိုင်းပြည်က ဘယ်လိုဖြစ်နေလဲဆိုတာကို ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ နားထောင်လိုက်ရင် သိနိုင်တယ်။
မေး။ ။ ဒါဟာ ပြည်သူ ထိတ်လန့်စေအောင် ခြိမ်းခြောက်လိုက်တဲ့သဘောပဲလို့ ဘုန်းဘုန်းတို့ ယူဆတယ်ပေါ့။
ဖြေ။ ။ အဲ့ဒီလောက်မဟုတ်ဘူး။ ပြည်သူလူထုနဲ့ ဘာမှမဆိုင်ဘူး။ မြန်မာပြည်ကြီးက ရန်ကုန်မှာ၊ အစောင့်ရှောက်တွေထူထပ်တဲ့ မင်္ဂလာဒုံမှာ မလုံခြုံတော့ဘူးဆိုတာကို ကမ္ဘာကို လက်တွေ့ပြလိုက်တဲ့ သဘောပါ။ ကမ္ဘာက သိသွားတယ်လေ။ သေတာနဲ့ နာရီဝက်လောက်ပဲမှာ နိုင်ငံခြားတစ်ခုက ချက်ချင်းကြေညာတယ်။ သူ့ကို ကြိုးကိုင်နေတဲ့အဖွဲ့က အရင်ဆုံးကြေညာတာ။ အင်္ဂလိပ်လို နာမည်မမှတ်မိဘူး။ အပြင်လောကမှာ အဲ့ဒီအဖွဲ့ကပဲ သတ်ခိုင်းသလိုလိုတောင် ကြားလိုက်တယ်။ သူတို့ခိုင်းတဲ့အတိုင်း မဖြစ်လာလို့၊ သူက အဲ့ဒီကငွေတွေ အများကြီးယူထားတယ်။
မေး။ ။ လုပ်ကြံတာ သူ့နောက်ကွယ်က အဖွဲ့အစည်းလို့ပဲ ယူဆတယ်ပေါ့။
ဖြေ။ ။ ဘယ်သူမှန်းတော့ မသိဘူးလေ။ တို့အပြင်မှာ ကြားနေတာက ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပါနေတဲ့ အဖွဲ့အစည်းထဲက တချို့ကတောင် လုပ်တယ်လို့တောင် ကြားတာ။
မေး။ ။ ဒါဆိုလို့ရှိရင် စစ်အရာရှိဟောင်းတွေပါတဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ဘုန်းဘုန်းတို့ မယူဆဘူးပေါ့။
ဖြေ။ ။ အဲ့ဒီဟာက နည်းနည်းတော့ ပါတယ်။ သူတို့အဖွဲ့ထဲမှာကို သူခြယ်လှယ်နေတာကို မကြိုက်တဲ့သူ အများကြီးရှိတယ်။ တိုင်းပြည်တစ်ခုလုံးကို တစ်ဦးတည်း ကြိုးကိုင်ပြီး မွှေနေတယ်ဆိုတော့။ သူတို့ထဲမှာလည်း တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ ကြောက်တဲ့သူ အများကြီးရှိတယ်လေ။ ဗြောင်မပြောရဲတဲ့သူတွေလေ၊ ဗြောင်ပြောရင် ဘေးရောက်သွားမယ်လေ။ ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။ သိမ်မွေ့တယ်လေ။ အဲ့ဒီလိုတွေ အများကြီး အန္တရာယ်ဖြစ်လာနိုင်ရင်တော့ ဒီလိုရှင်းပစ်မယ်ဆိုတာတွေ လာလိမ့်ဦးမယ်။ နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲဆိုတာတော့ မပြောနိုင်ဘူး။
မေး။ ။ ဒါဆို နောက်ထပ် ဒီလိုတွေ ထပ်ဖြစ်နိုင်သေးတယ်လို့ ယူဆပါသလား။
ဖြေ။ ။ ဘယ်သူတွေ ဘယ်လိုထပ်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် နေထိုင်သွားလာဖို့၊ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီတိုင်းပဲပေါ့လေ။ တို့က ဘယ်သူ့ကိုမှ၊ အရေးကြီးတဲ့သူတွေကို ဘာမှထပ်မဖြစ်စေချင်ဘူး။
မေး။ ။ နောက်ထပ်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတော့ NLD ရဲ့ ဥပဒေအကြံပေးတွေ၊ လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း အစ္စလာမ်ဘာသာဝင်မရှိဘူး။ ပါတီရဲ့ဗဟိုကော်မတီဝင်တွေမှာလည်း မပါဘူး။ အဲ့ဒီတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပါတီထဲက ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယူဆသလား။
ဖြေ။ ။ အခြေခံဥပဒေကို အဲ့ဒီလို့ပဲ လုပ်လာပြီးတော့ ကိုးရိုးကားရားပေါ့… ဥပမာ ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ။ တိုင်းပြည် ထိတ်လန့်ရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရှင်းကြမှာပဲ။ တိုင်းပြည် ဒုက္ခရောက်သွားမယ်ဆိုရင်။
မေး။ ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုင်တွယ်နေတာ သိမ်မွေ့တယ်။ ဒါပေမဲ့ တစ်ချိန်မှာ သူကိုယ်တိုင် ထုတ်ပြောမယ်၊ ပါတီဗဟိုအလုပ်အမှုဆောင်တွေကလည်း အခြေခံဥပဒေနဲ့ပတ်သက်ပြီး ထုတ်ပြောမယ်ဆိုရင် သူတို့လည်း အန္တရာယ်ရှိနိုင်တယ်ပေါ့။
ဖြေ။ ။ ကိုးရိုးကားရားဖြစ်မယ့်အနေအထားဆိုရင်တော့ အန္တရာယ်ရှိနိုင်တာချည်းပဲလေ။ အားလုံး အန္တရာယ်ရှိနိုင်တာပေါ့။ တို့လည်း အန္တရာယ်ရှိတာပဲ။ သွားရင် အစောင့်အရှောက်နဲ့ သွားနေရတာပဲ။ ကုလားရဲ့အန္တရာယ်ပေါ့။ အန္တရာယ်ကြီးတာနဲ့ ငယ်တာပဲ ကွာတာ။ အဲဒါကြောင့် ငါတို့က ဘယ်သူ့ကိုမှ ဘာမှမပေးဖြစ်စေချင်တာ အမှန်ပဲ။ တို့အဖွဲ့အစည်းက ဘယ်လုပ်ကြံမှုကိုမှ အားမပေးဘူးလေ။ အားလုံး အေးအေးဆေးဆေးဖြစ်စေချင်တယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင်ပေါ့။ အခုက ပန်းတိုင်မရောက်သေးဘဲ အစမှာပဲ ချာလပတ်လည်နေတယ်။ တို့ကတော့ တကယ် တိုင်းပြည်ကောင်းစေချင်တာ။ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက ငါတို့ညီလာခံမှာ ပြောခဲ့တာပဲ၊ တွဲပြီးတော့ တကယ်အုပ်ချုပ်။ ကျွမ်းကျင်တဲ့သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တကယ်တော်တဲ့သူနဲ့ ၃ ပုံ ၁ ပုံ၊ ဒါမှမဟုတ် ၃ ပုံ ၂ ပုံ ပါဝင်ပြီး တွဲအုပ်ချုပ်သွားရင်၊ တဖြည်းဖြည်းနဲ့ ဟိုပုဂ္ဂိုလ်တွေကို ဘေးဖယ်ဖယ်သွားရင် ကိုယ်လည်း အုပ်ချုပ်ရေးတတ်သွားမယ်။ အခုက အုပ်ချုပ်ရေးမတတ်တဲ့သူက အစိုးရဖြစ်နေတယ်။ ။