အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အီရန်စစ်ပွဲကြောင့် ထိုင်းက လောင်စာဆီတင်သွင်းမှုရပ်၊  ရှမ်းပြည်နယ်တွင် စက်သုံးဆီ စတင်ပြတ်လပ်

တစ်ကမ္ဘာလုံး ရိုက်ခတ်နိုင်သော လောင်စာဆီအကျပ်အတည်းသည် မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ စတင်သက်ရောက်လာသည်။

ကမ္ဘာ့ရေနံတင်ပို့မှု၏ ဗဟိုချက်ဖြစ်သော အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများကြောင့် လောင်စာဆီ အကျပ်အတည်း ဖြစ်ပေါ်လာနိုင်၍ အိမ်နီးချင်း ထိုင်းနိုင်ငံက စက်သုံးဆီတင်ပို့မှုများ ချက်ချင်းရပ်ဆိုင်းလိုက်ရာ  မြန်မာနိုင်ငံဘက်အခြမ်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များနှိမ်နင်းရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြန်မာဘက်သို့ အင်တာနက်၊ လျှပ်စစ်နှင့် စက်သုံးဆီတင်ပို့မှုများကို ထိုင်းဘက်က ပိတ်ပင်ခဲ့သော်လည်း တာချီလိတ်၊ ကျိုင်းတုံးနှင့် ရှမ်းပြည်အရှေ့ပိုင်းဒေသများသည် လာအိုနယ်စပ်မှ တဆင့် ထိုင်းစက်သုံးဆီကို ဝယ်ယူအသုံးပြုခွင့်ရနေသည်။

ယနေ့မှစ၍ ထိုင်းသည် ၎င်းတို့နိုင်ငံမှတဆင့် ပြည်ပစက်သုံးဆီတင်ပို့မှုအားလုံးကို ပိတ်ပင်လိုက်ရာ စက်သုံးဆီဝင်ရောက်မှုမရှိတော့သလို လက်ကျန်ဆီများကို အလုအယက်ဝယ်နေကြောင်း တာချီလိတ်မှ စက်သုံးဆီတင်သွင်းသည့် အမည်မဖော်လိုသူ လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ဆီတွေက အဓိကက ထိုင်းကဝင်တယ်။ အခုထိုင်းက Export ကို ဒီမနက်ကစပြီး ရပ်ပစ် လိုက်တော့ ဆီမလာတော့ဘူး။ ကျွန်တော်တို့လည်း မသိထားတော့ ဆီဆိုင်တိုင်း၊ ဆိုင်တိုင်းက လက်ကျန် အများကြီးမရှိကြဘူး။ အဲ့ဒါကြောင့်မို့လို့ လူတွေကလည်း Shock ဖြစ်ပြီး ပြုံပြီး လာထည့်ကြတယ်” ဟု ၎င်းက ဆိုသည်။ 

တာချီလိတ်မြို့ပေါ် ဆီဆိုင်များရှေ့လမ်းမပေါ်တွင် စက်သုံးဆီထည့်ရန် ဆိုင်ကယ်နှင့် ကားများ ပြည့်ကျပ်ကာ ကြောက်လန့်တကြားလုယက်ဝယ်ယူနေသဖြင့် ယာဉ်ထိန်းရဲများက အချို့ဆိုင်များကို ပိတ်ခိုင်း၍ အချို့ဆိုင်များကို ဖွင့်ခိုင်းသည့်ပုံစံဖြင့် အလှည့်ကျရောင်းရန် ညွှန်ကြားလာကြောင်း ၎င်းက ဆက်ပြောသည်။ 

ရှမ်းပြည်အရှေ့ပိုင်းတွင် လမ်းခရီးကွာဝေးမှုကြောင့် သယ်ယူစရိတ်ကြီးသဖြင့် ပြည်မဘက်မှ စက်သုံးဆီ ဝယ်ယူခြင်းမရှိဘဲ ထိုင်းစက်သုံးဆီကိုသာ အဓိက ဝယ်ယူသုံးစွဲကြသည်။

ယခုအခါ ထိုင်းဘက်က စက်သုံးဆီတင်ပို့မှုပိတ်လိုက်ပြီး အချိန်ကြာမြင့်မှုအပေါ်မူတည်၍ ပြည်မဘက်မှ စက်သုံးဆီကို ဝယ်ယူအသုံးပြုရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“(ကျားဖြန့်ကြောင့်) ထိုင်းက မြန်မာကို တိုက်ရိုက်မရောင်းပေမယ့် လာအိုကို ပုံမှန်ရောင်းတယ်။ ကျွန်တော်တို့က လာအိုတဆင့်ခံပြီး ဝယ်ရတော့ ဈေးတော့တက်သွားတာပေါ့။ သို့ပေမယ့် ဆီက မပြတ်ဘူး။ တောက်လျှောက် ရနေတယ်။ ဒါပေမဲ့ ဒီနေကစပြီး ထိုင်းက Export ကို မြန်မာကိုရော၊ လာအိုကိုရော၊ ကမ္ဘောဒီးယားကိုရော၊ အိမ်နီးနားချင်နိုင်ငံတွေကို ရပ်ပစ်လိုက်တော့ ကျွန်တော်တို့က ဝယ်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။ 

တာချီလိတ်မြို့ပေါ်တွင် ယနေ့ နံနက် ဒီဇယ်တစ်လီတာ ၂၅ ဘတ် ( ၃၁၂၅ ကျပ်ဝန်းကျင်)၊ ဓာတ်ဆီ 91 တစ်လီတာ ၂၅ ဘတ်၊ ဓာတ်ဆီ 95 တစ်လီတာ ၂၆ ဘတ်ဈေးရှိနေကြောင်း သိရသည်။ ယနေ့ ညနေတွင် စက်သုံးဆီတင်သွင်းသူများကို အစည်းဝေး ခေါ်ယူထားပြီး စက်သုံးဆီအသစ်ထပ်မဝင်လျှင် ၁၀ ရက်စာသာ ဆီလက်ကျန် ရှိနိုင်သေးကြောင်း သိရသည်။

စစ်ကော်မရှင်၏ ရန်ကုန်အထိုင် ဓာတ်ဆီနှင့် ဒီဇယ်ရည်ညွှန်းဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်၂,၄၀၀ မှ ၂၈၀၀ ကျော်ဈေးရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှစ၍ ထိုင်းဘက်မှ စက်သုံးဆီဖြတ်တောက်ခံထားရသည့် ကရင်ပြည်နယ် မြဝတီနယ်စပ်တွင်မူ ပြည်မဘက်မှ စက်သုံးဆီကို အဓိက အသုံးပြုခြင်းကြောင့် ပုံမှန်ဝယ်၍ရကြောင်း မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့ရာတွင် ထိုင်း၏ စက်သုံးဆီတင်ပို့မှုပိတ်ပင်ခြင်းကြောင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိဆက်နေသည့် ကရင်နီ(ကယား) ပြည်နယ်အတွင်းရှိ ဒေသများတွင် စက်သုံးဆီပြတ်လပ်မှုကြုံရနိုင်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး (၂) ဗညားခွန်အောင်က Myanmar Now ပြောသည်။ 

“အခုဖြစ်နေတဲ့ အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲအခြေအနေပေါ်မှာ အများကြီးမူတည်တယ်။ ထိုင်းကလည်း နှစ်လစာအတွက် (ဆီလုံလောက်) ခန့်မှန်းချက်ရှိတယ်။ ဒီထက်ကျော်ရင် အခက်အခဲရှိတယ်။ ဆိုတော့ စစ်ပွဲအပေါ်မှာ မူတည်တယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့မှာ အခက်အခဲ ရှိနေပြီးသားဖြစ်ပါတယ်။ ဈေးနှုန်းကြီးတာတွေ၊ မကြာခဏပြတ်လပ်တာတွေ ကြုံတွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုင်းနယ်စပ်နှင့်ထိဆက်နေသည့် ကရင်နီဒေသများတွင် ထိုင်းဘက်မှ စက်သုံးဆီကို အဓိကအသုံးပြုပြီး ပြည်မနှင့် ဆက်စပ်သော ဒီးမော့ဆို၊ ဖရူဆီနှင့် မော်ချီဒေသများသည် ပြည်မဘက်မှ ဝင်လာသော စက်သုံးဆီကို အသုံးပြုကြသည်။ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေးဝေးကွာလွန်းလှပြီး စစ်တပ်၏ ပိတ်ဆို့မှုများကြောင့် ဆီဝယ်ယူရခက်ခဲကာ ဈေးနှုန်းများလည်းကြီးမြင့်ကြောင်း သိရသည်။ 

မြန်မာသည် စင်ကာပူ၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသများမှ စက်သုံးဆီများတင်သွင်းလျှက်ရှိပြီး အီရန်စစ်ပွဲကြောင့် နယ်စပ်ဒေသများအပြင် ဆီတင်သွင်းမှုအားလုံးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း စက်သုံးဆီတင်သွင်းသူများက ဆိုသည်။

ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့) တွင် အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်း သည် ဒေသအလိုက် ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ 

ရေနံစျေးနှုန်းမြင့်တက်မှု ပမာဏနှင့် ကြာမြင့်ချိန်တို့သည် အမေရိကန်နှင့် အစ္စရေးတို့၏ နောက်ထပ် လုပ်ဆောင်ချက်များ၊ အီရန်၏ တုံ့ပြန်မှုများအပေါ်တွင် မူတည်နေမည်ဖြစ်သည်။

ပါရှန်းပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို မဖြတ်သန်းရန် အီရန်က သတိပေးထားသည်။ ယင်းရေလက်ကြားသည် ကမ္ဘာ့ရေနံ တင်ပို့မှု ငါးပုံတစ်ပုံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ပမာဏ အမြောက်အမြား ဖြတ်သန်းရာ အရေးပါသော ရေလမ်းကြောင်းဖြစ်သည်။

မြန်မာသည် စက်သုံးဆီလုံလောက်မှုမရှိ၍ နှစ်စဉ် ပြည်ပမှ ဒေါ်လာဘီလီယံချီအကုန်ကျခံ၍ တန်ချိန်သန်းနှင့်ချီ တင်သွင်းနေရသည်။ တရားဝင်စာရင်းဇယားများအရ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လောင်စာဆီတန်ချိန် ၄ ဒသမ ၁၂ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလီယံရှိသည်။​

အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေအကျပ်အတည်းတွေနေ့သည့် စစ်ကော်မရှင်က စက်သုံးဆီကို အဓိက ဦးစားပေးသွင်းကုန်အဖြစ် တင်သွင်းခွင့်ပြုထားသော်လည်း လုံလောက်မှုမရှိ၍ မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည်။

Related Articles

Back to top button