အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပင်လည်ဘူးလေကြောင်းတိုက်ခိုက်မှု  ၉ ဦး သေဆုံး

ပင်လည်ဘူးမြို့ တောင်ဘက် ကျေးရွာတစ်ရွာကို ညအချိန် လေကြောင်းပစ်ခတ်တိုက်ခိုက်စဉ် ဒေသခံ ကိုးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရသွားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ကို ယမန်နေ့ (မတ်လ ၁ ရက်) က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ပင်လည်ဘူးမြို့ တောင်ဘက် ၁၈ မိုင်ခန့်အကွာ လိပ္ပုတ်ကျေးရွာကို တံတားဦးလေတပ်မှတက်လာသည့် တိုက်လေယာဉ်ဖြင့် ည ၁၁ နာရီခွဲဝန်းကျင်တွင် နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ ရွာအရှေ့ခြမ်းနှင့် ရွာလယ်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြသည်။ 

“ တိုက်ပွဲလည်းမရှိဘူး။ ဘာမှလည်း စစ်ဘက်ဆိုင်ရာ ကိစ္စပတ်သက်မှုလည်းမရှိဘဲနဲ့ လူထုကိုသက်သက် ကျေးရွာ အများပြည်သူနေတဲ့နေရာကို ပစ်သွားတာပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသကွပ်ကဲရေး အဖွဲ့ဝင်က ပြောသည်။ 

ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများသည် အရပ်သား ပြည်သူများဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပါဝင်မှုမရှိကြောင်း ၎င်းကဆိုသည်။ 

သေဆုံးထိခိုက်သူများ၏ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ပါဝင်မှု အရေအတွက်စသည့် အသေးစိတ်အချက်များ သိရှိနိုင်ရန် Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုတွင် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့်အခြေအနေနှင့်ပတ်သက်ပြီး “ပြည်သူတွေက ပစ်မယ်လို့ ထင်မထားတဲ့အချိန် ပစ်မယ်လို့လည်း မထင်ထားတဲ့နေရာမလို့” ဟု ဒေသတွင်း အခြေအနေသိရှိသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

မူးမြစ်ကမ်းဘေးရှိ ပင်လည်ဘူးမြို့ကို လနှင့်ချီကြာအောင် တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းတွင် မြို့ကိုအပြီးသတ်သိမ်းပိုက်ပြီး မြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ 

ရွေးကောက်ပွဲအလွန်တွင် စစ်တပ်၏ အရှိန်မြှင့်လာသည့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ်များခပ်စိပ်စိပ်ဖြစ်လာပြီး ယမန်နေ့ တစ်ရက်တည်းတွင်ပင် မင်းတုန်းမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဒါဇင်နီးပါး သေဆုံးခဲ့သည်။  

မတ်လ ၁ ရက်နေ့နံနက်တွင်လည်း မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေရှိ ကုန်တင်ကား ရပ်နားသည့်နေရာတစ်ခုကိုလေကြောင်းမှဗုံးကြခဲ့ရာ ကားသမားများအပါအဝင် ၂၅ ဦး သေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ညပိုင်းတွင် ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် ကိုးဦးသေဆုံးခဲ့သည်။

အလားတူ ပင်လည်ဘူးမြို့နယ်ဘက်အသွား ဖောင်းပြင်မြို့နယ်မှ ဟော်ဇောင်းကျေးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ 

ပြည်သူများကို အကြောက်တရားဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အရပ်သားပစ်မှတ်များကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

“ ပြည်သူတွေကို အကြောက်တရားဖြစ်သွားအောင် လူများများ သတ်ပြနေတဲ့အနေအထားမျိုးလို့ ကျွန်တော်တို့ယူဆတယ်”ဟု ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီလအတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် စစ်ဘေးရှောင်များခိုလှုံသည့် ဘုန်းကြီးကျောင်း၊ ဈေး၊ ကျေးရွာ၊ လူနေအိမ်စသည့် အရပ်သားပစ်မှတ်များအား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှု ငါးခုထက်မနည်းရှိခဲ့သည်။ 

ဖေဖော်ဝါရီလ ၅ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ မိအယ်ရွာကို ဒရုန်းဖြင့် ကင်းထောက်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့ပြီး၊ တစ်နေ့တည်းတွင်ပင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကိုရင် တစ်ပါးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။ 

ထို့အပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ချင်းတွင်းမြစ်အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအနီး ပင်နုတ်ဆွတ်မှော်ထဲမှ စားသောက်ဆိုင်ကိုလေကြောင်းတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးခဲ့သည်။ နောက်တစ်နေ့တွင် မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာထဲ ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲခဲ့ရာ ကလေးတစ်ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့သည်။

ထို့နေ့တွင်ပင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဈေးကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈ ဦးအထိရှိခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၇ ဦးသေဆုံး၊ ၂၄၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းသည် သေဆုံးနှင့်ထိခိုက်ဒဏ်ရာရသူအများဆုံးဖြစ်ကြောင်း မြန်မာ့စစ်ဘက် ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်သည်။ 

Related Articles

Back to top button