အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတုန်းမြို့အနောက်ဘက် ရခိုင်ရိုးမတောင်ခြေရှိ ကုန်တင်ကားရပ်နားစခန်းကို ဗုံးကြဲ၊ ၂၅ ဦးသေဆုံး

ရခိုင်နှင့်မကွေး ကုန်စည်ကူးသန်းရာ လမ်းကြောင်းတစ်ခုကို စစ်လေယာဉ် နှစ်စီးက ပစ်ခတ်၊ ဗုံးကြဲခဲ့စဉ် လူနှစ်ဒါဇင် ထက်မနည်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး အများစုမှာ ကားသမားများ ဖြစ်ကြသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ ကုန်ကားများရပ်နားသည့်နေရာတစ်ခုကို မတ်လ ၁ ရက်နေ့ နံနက်က စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ၂၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

မင်းတုန်းမြို့အနောက်ဘက် ရှစ်မိုင်ခန့်အကွာ ရခိုင်ရိုးမတောင်ခြေ ပြောင်းရွာဝန်းကျင်ကို နံနက် ၁၁ နာရီ ကျော်တွင် တိုက်လေယာဉ် နှစ်စီးက ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ရာ ထိုကဲ့သို့ လူနှစ်ဒါဇင် ထက် မနည်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၂၃ဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အများစုမှာ ကားသမားများနှင့် ဒေသခံများပါဝင်ကြောင်း သိရသည်။ 

“တိုက်ခိုက်မှုကလည်း ရှစ်ကြိမ်၊ ပေါင် ၃၀၀ ဝန်းကျင် (ဗုံး) တွေ နှစ်လုံးတွဲတွေ ချတယ်။ လေယာဉ်ပစ် စက်လတ်တွေနဲ့တိုက်ခိုက်တာတွေရှိတယ်။ အဲ့ဒီတော့ ဒါကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုများတယ်။ နောက်ပြီးတော့ အရပ်သားပြည်သူတွေချည်းပဲဖြစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၂၀ ခန့်ရှိသည့်အနက် ခြေ၊ လက် ကိုယ်အင်္ဂါဆုံးရှုံးရသူများအပါအဝင် အကြီးစား ဒဏ်ရာပြင်းထန်သူ ၁၀ ဦးခန့်ရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

ပုသိမ် – မုံရွာကားလမ်းအနောက်ခြမ်းရှိ မင်းတုန်းမြို့နယ်သည် ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် တောင်ကုတ်၊ အမ်းတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ 

ပြောင်းကျေးရွာအနီး ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် တစ်ထောက်နားသည့်နေရာကို ဦးတည် ပစ်ခတ်သွားသည့်အတွက် ထိုကဲ့သို့ သေဆုံးမှုများပြားရခြင်းဖြစ်ကြောင်း ထိုဒေသအခြေစိုက် တော်လှန် ရေးအင်အားစုများက ဆိုသည်။ 

“ကုန်စည်တွေကို သယ်ဆောင်တယ်၊ စုတယ်၊ ကဲ့ပြီးပို့တဲ့နေရာမျိုးဖြစ်တဲ့အတွက် ဒေသခံအချို့ ကလည်း ကုန်တင်ကုန်ချအလုပ်သွားလုပ်နေတာမျိုးတွေရှိတယ်။ ဒီနေရာတွေမှာက လူများတယ်  တနင်္ဂနွေနေ့ လည်း ဖြစ်တော့”ဟု သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။ 

ရိုးမတောင်ခြေ ပြောင်းရွာမှာ တော်လှန်ရေးအင်အားစုများစိုးမိုးထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ တတိယပတ်မှ စပြီး စစ်တပ်က သီတင်းတစ်ပတ်ကြာစစ်ကြောင်းထိုးပြီး အနီးဝန်းကျင်ရှိ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယခုလေကြောင်းတိုက်ခိုက်မှု မတိုင်မီရက်ပိုင်းအလို စစ်တပ်က ဒရုန်းဖြင့် ကင်းထောက်မှုများ ကြိုတင် ပြုလုပ်ခဲ့ကြောင်း ကိုမြတ်က ဆိုသည်။ 

မီးလောင်ပျက်စီးသွားသော ကုန်ကားတစ်စီးနှင့် ကုန်ပစ္စည်းအချို့။ (ဓာတ်ပုံ-ပေးပို့) 

လေကြောင်းတိုက်ခိုက်မှုအတွင်း စားသုံးဆီ၊ ဆေးဝါး၊ အဝတ်အထည်စသည့် အခြေခံလူသုံးကုန်ပစ္စည်း များ ၊ ကုန်ပစ္စည်းတင်ဆောင်သည့် ကုန်ကားများမီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိကြောင်း သရက်ခရိုင် ပကဖထံက သိရသည်။ 

“ ကုန်ပစ္စည်းတွေက မြို့တွေပေါ်မှာဆိုရင် ဒီလောက်ထိဈေးမရှိပေမယ့် အဆင့်ဆင့်သယ်ခဲ့ရတဲ့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ဒေသမှာက ကုန်ပစ္စည်းတွေကလည်း ဈေးတအားကြီးတော့ ပျက်စီးဆုံးရှုံးမှု ကတော့ သိန်းပေါင်း နှစ်သောင်းဝန်းကျင်နီးပါးအထိ ရှိပါတယ်။ ကားတစ်စီးဆိုရင်ကိုပဲ ဈေးနှုန်းက သိန်း တစ်ထောင်ကျော်တယ်”ဟု သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဗဟိန်းက ပြောသည်။ 

မြေပြင်တိုက်ပွဲမရှိဘဲ အရပ်သားများစုဝေးသည့်နေရာကို ဦးတည်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများကဆိုသည်။ 

“ကျွန်တော်တို့အတွေ့အကြုံအရ စခန်းတွေသိမ်းရင်တောင် အဲ့လိုမျိုး ပစ်ကူပေးတာမျိုးသိပ်မရှိဘူး။ အခုဟာက စစ်ရေးပစ်မှတ်ထက်တောင် ပိုပြီးတော့ ပြင်းပြင်းထန်ထန် ချေမှုန်းတဲ့ သဘောတရားနဲ့ ဂျက်ဖိုက်တာ နှစ်စီးလောက်အတူတူတက်လာပြီးတော့ ပေါင်ဗုံး ချတဲ့လေယာဉ်ကချ၊ ရော့ကတ်ပစ်တဲ့ လေယာဉ်ကပစ်ပြီးတော့မှ အရပ်သားပစ်မှတ်တွေအပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားတာမျိုး တွေ့ရပါတယ်”ဟု ကိုဗဟိန်းက ပြောသည်။ 

လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ပြောင်းရွာနှင့် အနီးဝန်းကျင်ကျေးရွာ လေးရွာခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ 

ရွေးကောက်ပွဲအလွန်ကာလမှာပင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်ပြုလုပ်နေပြီး ဖေဖော်ဝါရီလအတွင်း စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှု ငါးခုထက်မနည်းရှိခဲ့သည်။ 

Related Articles

Back to top button