ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အမျိုးသမီးသုံးဦးပါဝင်သည့် မြန်မာပြည်သားတချို့ ထိုင်း-မလေးရှားနယ်စပ်ကို တရားမဝင် ဖြတ်သန်းစဉ် မလေးရှားနိုင်ငံမြောက်ပိုင်း အလောစတားမြို့ (Alor Setar)အနီးရှိ တောတွင်းတစ်နေရာ၌ အဖမ်းခံလိုက်ရသည်။
နှာခေါင်းစည်းအမည်း ဝတ်ဆင်ထားကြသည့် မလေးရှားနယ်ခြားစောင့်တပ်သားများက အမျိုးသားတချို့ကို ဆေးလိပ်မီးနှင့်တို့၊ ထိုးကြိတ်၊ ကန်ကျောက်ကြသည်၊ အသက် ၃၅ နှစ် ဝန်းကျင် အမျိုးသမီးနှစ်ဦးကိုမူ တောနက်အတွင်းရှိ စခန်းငယ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားကြသည်ဟု ထိုအမျိုးသမီးများနှင့် ထိန်းသိမ်းစခန်းတစ်ခုတွင် တွေ့ဆုံခဲ့သည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။
“သုံးယောက်မှာ ကောင်မလေးတစ်ယောက်ကတော့ သူ့မှာ ဆေးစာရွက် ပါတယ်။ သူ့မှာ နှလုံးလည်း မကောင်းဘူး (လို့ ပြောတော့ သူ့ကို) ဘာမှ မလုပ်ဘူး။ တခြားမိန်းကလေးတွေကို ဘာလုပ်လဲဆိုတော့ အခန်းတစ်ခန်းထဲကို ခေါ်သွားပြီးတော့ အင်္ကျီအကုန်ချွတ်ရတယ်။ ပြီးတော့ ကခိုင်းတယ်။ ပြီးတော့ ရေတွေလောင်း၊ ပန်ကာလည်း ဖွင့်ပြီးတော့ ဓာတ်ပုံတွေရိုက်တယ်။ ဗီဒီယိုလည်းရိုက်တယ်။ တစ်ညလုံး ကခိုင်းတယ်” ဟု အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်သူဇာ*က ပြောသည်။
“သူတို့တတွေ စိတ်အရမ်းထိခိုက်သွားကြတယ်၊ ပုံမှန်လူတစ်ယောက်လို မဟုတ်ဘူး။ အမြဲတမ်း တစ်ယောက်တည်း ရှောင်ရှောင်နေတယ်။ တစ်ယောက်တည်း ငူငူငိုင်ငိုင် ဖြစ်နေတာ။ ညဘက် မအိပ်ဘူး၊ လမ်းပဲလျှောက်နေတာ”
ထိုအမျိုးသမီးများနှင့် တွေ့ဆုံပြီးတစ်လအကြာတွင် ဒေါ်သူဇာသည်လည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည်။
မြန်မာနိုင်ငံ ခေတ်ပျက်နေချိန်တွင် ဝင်ငွေကောင်းသည့်အလုပ် ရရှိရေးအတွက် မလေးရှားသို့ တရားမဝင် သွားရောက်သူ အဆက်မပြတ် ရှိနေဆဲဖြစ်ပြီး အထက်ပါအမျိုးသမီးများကဲ့သို့ ဖမ်းဆီးခံရခြင်း၊ နေရပ် ပြန်ပို့မခံရမီ အချုပ်ထဲတွင်ကာလရှည် စောင့်ဆိုင်းရခြင်းတို့နှင့် ရင်ဆိုင်ရတတ်သည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင်လည်း တချို့မှာ အာဏာသိမ်းစစ်အုပ်စု၏ နှိပ်ကွပ်မှုကို ခံကြရပြန်သည်။
နိုင်ငံနှစ်ခုတွင် ခိုလှုံခဲ့ရသည့် ဒေါ်သူဇာ
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ကျောင်းဆရာမ ဒေါ်သူဇာသည် ၂၀၂၂ ခုနှစ်တွင် စစ်တပ်၏ရန်ကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်နေထိုင်ခဲ့သည်။၂၀၂၃ ခုနှစ် နှစ်လယ်တွင် မလေးရှားနိုင်ငံသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်သွားရာ အဖမ်းခံရပြီး ထောင်သုံးလ ကျခဲ့သည်။
ဒေါ်သူဇာ လွတ်ရက်စေ့ပြီးနောက် Blentik Camp အမည်ရှိ စခန်းသို့ ရွှေ့ပြောင်းခံရပြီး မြန်မာပြည်သို့ ပြန်ပို့ခံရရေးအတွက် ထိုစခန်းတွင် စောင့်ဆိုင်းရစဉ် အထက်ပါအမျိုးသမီးများနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မလေးရှား-ထိုင်းနယ်စပ်နှင့် ၂၉ မိုင်ခန့်အကွာတွင် တည်ရှိသည့် ထိုစခန်းတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားအများအပြားကို ထိန်းသိမ်းထားသည်။

ထိုအမျိုးသမီးများနှင့် နယ်စပ်အတူဖြတ်လာကြသော အမျိုးသားများမှာ နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းတို့တွင် ထိုးကြိတ်နှိပ်စက်ခြင်းခံရကြောင်း၊ ငွေသား၊ ဖုန်းနှင့် လက်ဝတ် ရတနာများ အသိမ်းခံရကြောင်း ဒေါ်သူဇာက ပြောသည်။
ဒေါ်သူဇာ၏ ပြောပြချက်များကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာဒေသမှ အာဏာပိုင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
CDM တွင် ပါဝင်နေသဖြင့် အာဏာသိမ်းစစ်တပ်၏ အမည်ပျက်စာရင်းတွင် ထည့်သွင်း ခံထားရသည့် ဒေါ်သူဇာသည် ထောင်သုံးလသာ ချမှတ်ခံရသော်လည်း ထောင်နှင့် ထိန်းသိမ်းရေးစခန်းတွင် တစ်နှစ်ခန့် နေခဲ့ရသည်။
ကွာလာလမ်ပူရှိ မြန်မာသံရုံးက အထိန်းသိမ်းခံနေရသူတို့ကို မြန်မာပြည်သားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးရန် လပိုင်းသာ အချိန်ယူတတ်သော်လည်း CDM ဝန်ထမ်းများကို ထုတ်ပေးရန် ကြန့်ကြာတတ်သည်ဟု ဒေါ်သူဇာက ဆိုသည်။
ဆရာမ ဒေါ်သူဇာ ရန်ကုန်လေဆိပ်ရောက်သည့်အခါ ဌာနပေါင်းစုံ၏ စစ်ဆေးမေးမြန်းမှု ခံရသည်။
“လေဆိပ်မှာ အဖွဲ့စုံရှိတယ်လေ။ အားလုံးကို တန်းစီထိုင်ခိုင်းတယ်။ အဲဒီလိုစီပြီးတော့ ကျွန်မကို သပ်သပ် ခွဲထုတ်တာပေါ့နော်။ ရဲတွေရော၊ လဝက(လူဝင်မှုကြီးကြပ်ရေးဌာန)ရော ငါးဖွဲ့လောက်ရှိတယ်။ အချက်အလက် ကောက်တာပေါ့” ဟု သူက ပြောသည်။
ထို့နောက် ထောက်လှမ်းရေးအဖွဲ့များက သူ့ကို သုံးရက်ကြာ ထိန်းသိမ်းကာ သူ့ဘဝအကြောင်း မေးခွန်းအများအပြား မေးမြန်းကြသည်။
“မွေးကတည်းက ကနေပြီးတော့ ဘယ်ကျောင်းမှာတက်တယ်၊ ဘာလုပ်တယ်။ ဘယ်ကျောင်းတွေမှာ တက်ပြီး ဘွဲ့ရတယ်၊ ဘယ်ရာထူးနဲ့အလုပ်ဝင်တယ်၊ အခု မလေးမှာ အဖမ်းခံရတဲ့အထိပေါ့” ဟု ဒေါ်သူဇာက ပြောသည်။
ထို့နောက် သူ့ကို ချွင်းချက်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။
“တစ်ပတ်တစ်ခါ ကျွန်မရှိပါတယ် ဆိုပြီး ရဲစခန်းမှာ လက်မှတ်သွားထိုးရတာ၊ ရဲတွေကလည်း စောင့်ကြည့် နေတာ အိမ်မှာ ရှိလားမရှိဆိုတာ”
လပိုင်းမျှအကြာတွင် ဒေါ်သူဇာသည် ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်ခဲ့ရပြန်သည်။
“အဓိက ခြေချုပ်မိနေတဲ့အတွက် လုံခြုံမှုမရှိဘူးလေ။ လုံခြုံမှု မရှိတော့ မဲဆောက်ကို ပြန်ထွက်လာရ တာပေါ့” ဟု ဒေါ်သူဇာက ဆိုသည်။
မဲဆောက်မြို့သို့ ပြန်ရောက်နေသော ဒေါ်သူဇာသည် အာဏာရှင်ဆန့်ကျင်ရေး ရပ်တည်ချက် ပြောင်းလဲခြင်း မရှိဘဲ၊ သုံးနှစ်အကြာ၌ ယခင်တစ်ကြိမ်ကဲ့သို့ ဘဝသစ် ပြန်လည်စတင်လျက်ရှိသည်။
ဒေါ်သူဇာကဲ့သို့ မလေးရှားမှ ပြန်ပို့ခံရသူအများအပြား ရန်ကုန်လေဆိပ်ရောက်လျှင် အဖမ်းခံရတတ်သည်ဟု မလေးရှားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Affair Alliance မှ တာဝန်ရှိသူ ကိုစိုးထက်သိန်းက ဆိုသည်။
“လေဆိပ်မှာတင် အဖမ်းခံရတယ်။ လေဆိပ်နားက လေတပ်စစ်စခန်းတစ်ခုထဲကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ နှစ်ရက် သုံးရက်နေမှ ငွေရေးကြေးရေး ညှိနှိုင်းပြီးတော့ သိန်း ငါးဆယ်၊ တစ်ရာလောက် လွှဲပေးရတယ်၊ အဲ့ဒီလို ညှိနှိုင်းပြီးတော့မှ ပြန်လွှတ်ပေးတယ်။ ပြန်လွှတ်ပေးတာကလည်း ရိုးရိုး မဟုတ်ဘူး ခံဝန်နဲ့ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် နေထိုင်ရာ မြို့နယ်ရဲစခန်းသို့ မကြာခဏသွားရောက်ပြီး ပုံမှန် နေထိုင်ကြောင်း သတင်းပို့၊ လက်မှတ်ထိုးကြရသည်၊ တချို့မှာ ပြန်လည်ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းသို့ ပြန်ပို့ခံရသည်ဟု ကိုစိုးထက်သိမ်းက ပြောသည်။
ဦးနှောက်ယိုစီးမှု
နိုင်ငံအတွင်း အထက်တန်း၊ တက္ကသိုလ်တို့တွင် ပညာသင်ယူထားသော လူငယ်အများအပြားသည် ပြည်ပ ထွက်ပြီး အလုပ်လုပ်ကိုင်နေကြသည်။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်း၊ စစ်သားသစ်အကြီးအကျယ် စုဆောင်းနေခြင်း၊ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာသည့် နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခတို့က လူငယ်များကို နေရပ်မှ ထွက်ခွာရန် တွန်းပို့လျက်ရှိသည်။
စစ်သားသစ်စုဆောင်းချိန် ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်သူတို့ ပိုမိုကန့်သတ်ခံနေရသဖြင့် စရိတ်ပိုမိုသက်သာသော၊ နယ်စပ်ဖြတ်ပြီး အဆင့်ဆင့် သွားရောက်နိုင်သော ထိုင်းနှင့် မလေးရှားတို့ကို ရွေးချယ်သူ ဆက်လက်များပြားနေသည်။
လုပ်ခ ပိုမိုရနိုင်သည့် မလေးရှားသို့ အောက်လမ်းမှသွားသူများသည် ထိုင်းနိုင်ငံကို ဦးစွာ ဖြတ်သန်းရသည်။ ထို့နောက် ကားလမ်းခရီး၊ ခြေလျင်ခရီးအသွယ်သွယ်ဖြင့် မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၏ တောအုပ် ထူထပ်လှသောဒေသသို့ နေ့စဉ် ရောက်လာကြသည်ဟု လူပွဲစားများက ဆိုသည်။
ထိုင်းနိုင်ငံ ပြည်နယ်အများအပြားနှင့် ကပ်လျက်တည်ရှိသော ကဒါးပြည်နယ်သည် ပင်လယ်ကမ်းစပ်ဒေသလည်း ဖြစ်ရာ ရေကြောင်းသည်လည်း လူမှောင်ခိုကူးသူများ အသုံးပြုသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
ထိုင်းနိုင်ငံကဲ့သို့ပင် မလေးရှားတွင်လည်း တရားမဝင်နေထိုင်သူများကို နေ့စဉ် ဖမ်းဆီးနေသည်။
မြန်မာပြည်သားအများစုနေထိုင်ကြသည့် ကလန်း၊ ကွာလာလမ်ပူ၊ ပူချွန်း စသည့် နေရာဒေသများရှိ စားသောက်ဆိုင်၊ ဈေး လုပ်ငန်းခွင်တို့မှာ တရားမဝင်နေထိုင် အလုပ် လုပ်ကိုင်နေသူ နိုင်ငံခြားသားတို့ ရှာဖွေဖမ်းဆီးခံရတတ်သည့် နေရာများ ဖြစ်သည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင် အဖမ်းခံရသည့် မြန်မာပြည်သား ၅၀၀၀ မှ ၆၀၀၀ ကြား ရှိနိုင်သည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့များက ခန့်မှန်းထားသည်။
ထိန်းသိမ်းရေးစခန်း
မလေးရှားသို့ တရားဝင်ရောက်လာသူမြန်မာပြည်သားများလည်း နေထိုင်ခွင့်ဗီဇာသက်တမ်း ကုန်လွန်သွားသည်ကို စစ်ဆေးတွေ့ရှိလျှင် ဖမ်းဆီးခံရနိုင်သည်၊ တချို့မှာ ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ဖမ်းဆီးခံနေရသည်ဟု မလေးရှားအခြေစိုက် Myanmar Workers Organization အဖွဲ့မှ ကိုအေးလှိုင်က ပြောသည်။
နေရပ်ရင်း ပြန်ရမည့် နိုင်ငံခြားသားများကို ချုပ်နှောင်ထားသည့် ထိန်းသိမ်းရေးစခန်းစုစုပေါင်း ၂၀ ထက်မနည်းတွင် မြန်မာနိုင်ငံသား ၄၅ ရာခိုင်နှုန်းခန့်ရှိနိုင်သည်ဟုလည်း သူက ပြောသည်။
လူဦးရေများပြားခြင်း၊ ဆေးဝါးလုံလုံလောက်လောက်မရရှိခြင်းကြောင့် ရောဂါကူးစက်လွယ်သည်ဟု ပြန်လည်လွတ်မြောက်လာသူ သုံးဦးထက်မနည်းက ပြောသည်။
ထိုအထဲတွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ဇာတိ ဖြစ်သော၊ ခြောက်တန်းနှင့် ကျောင်းထွက်ခဲ့သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။
“ဝတ်တဲ့အဝတ်အစားကို တစ်ပတ်မှတစ်ကြိမ်ပဲ လျှော်ခွင့်ရပါတယ်၊ သူတို့ထုတ်ပေးတဲ့အဝတ်ကို ဝတ်ရတာမို့ အရင်လူက အရေပြားရောဂါရှိခဲ့ရင် အဲဒီကနေ တဆင့် ကူးစက်ပါတယ်။ ကျွန်မလည်း ကူးစက်ခံခဲ့ရပါတယ်။ ကျွန်မကတော့ ပွေး ကူးခဲ့တာပါ” ဟု ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသူ ထိုအမျိုးသမီးငယ်က ပြောသည်။
“အရေပြားရောဂါအစုံပါ၊ ယားနာတွေ ဖြစ်တာလည်း ရှိပါတယ်။ တော်တော်များများ ကူးစက်ခံထားရပါတယ်။ နေမကောင်းဖြစ်ရင် အကိုက်အခဲ ပျောက်ဆေး တစ်မျိုးပေးပြီး ခေါင်းကနေ ရေချိုးခိုင်းပါတယ်”
ထိုစခန်းများတွင် သေဆုံးမှုများရှိနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားသည်။ လူဦးရေအဆမတန်များပြားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းတို့ကြောင့် အရေပြားရောဂါ၊ တီဘီရောဂါ ကူးစက်ပျံနှံ့နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကူးစက်ရောဂါများကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အတွင်းတွင် မလေးရှား၏ ထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရရှိခြင်းကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
မလေးရှားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနကမူ ထိုအစီရင်ခံစာသည် ချဲ့ကားစွပ်စွဲထားခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ထားကြောင်း Bernama သတင်းဌာန၏ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်ထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ထိန်းသိမ်းရေးစခန်းများမှ မြန်မာတို့၏ အိမ်ပြန်ခရီး
ဖမ်းဆီးထိန်းသိမ်းခံရသူများ ထောင်မှလွတ်ပြီး ပြည်တော်ပြန်ရေးတွင် စာရွက်စာတမ်းကိစ္စ ပြီးစီးပြည့်စုံရန် မဖြစ်မနေ လိုအပ်သည်။
အကျဉ်းကျခံနေရသူသည် Certificate of Identity (CI)ဟု ခေါ်ကြသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိမှ မြန်မာပြည်သို့ ပြန်ပို့ခံရမည် ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယားတင်ပြနိုင်လျှင် ကွာလာလမ်ပူ မြန်မာသံရုံးက CI ထုတ်ပေးရမည် ဖြစ်သည်။
မြန်မာသံရုံးက ဝန်ဆောင်မှုပေးမှ ထိန်းသိမ်းခံနေရသူ ပြန်လွတ်နိုင်မည်ဟု မလေးရှားအခြေစိုက် Myanmar Labour Affairs and Refugee Organization အဖွဲ့မှ ဥက္ကဋ္ဌ ကိုမင်းထိုက်က ပြောသည်။
“ရက်စေ့လို့ လွတ်လာတဲ့အခါ ထိန်းသိမ်းရေးစခန်းတွေထဲကို ရွေ့ပြောင်းခံရပြီးတော့ သံရုံးလာတွေ့မှာကို စောင့်ရပါတယ်ဗျ။ အဲ့ဒီအချိန်မှာ သံရုံးက CI ထုတ်ပေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်ပို့ခံရပါတယ်” ဟု သူက ပြောသည်။
လန်ကတ် အမည်ရှိ ထိန်းသိမ်းရေးစခန်းတွင် ပြည်တော်ပြန်ရေး မသေချာသေးသူများ ရှိနေကြောင်း စခန်းတွင် သုံးလကြာ နေထိုင်ခဲ့ဖူးသူ အမျိုးသားငယ်တစ်ဦးက ပြောသည်။
“အဲ့ဒီမှာ ကျွန်တော်တို့မြန်မာတွေဆိုရင် ပတ်စပို့စ်မရှိလို့၊ အဆက်အသွယ်မရှိလို့ လန်ကတ်ထဲမှာ သောင်တင်နေတဲ့သူတွေအများကြီးပဲ။ တချို့နှစ်နှစ်၊ သုံးနှစ်အဲ့ဒီလိုတွေ။ တချို့ နှစ်ကြီးသမားတွေဆိုရင် ရှုးကြောင်ကြောင်တွေတောင်ဖြစ်နေပြီ” ဟု ခြောက်လကြာ အထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရောက်သွားသည့် ထိုလူငယ်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားအစိုးရက နိုင်ငံခြားသားစုစုပေါင်း ၆၀,၀၀၀ ထက်မနည်းကို နေရပ်ပြန်ပို့ခဲ့သည်၊ ထိုအထဲတွင် မြန်မာများလည်း ပါဝင်သည်ဟု Myanmar Labour Affairs and Refugee Organization အဖွဲ့မှ ဥက္ကဋ္ဌ ကိုမင်းထိုက်က ပြောသည်။
“မနှစ်က မှတ်တမ်းကတော့ ၉,၀၀၀ ဝန်းကျင်လောက် ကျွန်တော်တို့နိုင်ငံသားတွေကို ပြည်နှင်ဒဏ် ပို့တာပေါ့ ” ဟု ကိုမင်းထိုက်က ပြောသည်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံအထောက်အထား မရှိပါက ထိန်းသိမ်းရေးစခန်းများတွင် စောင့်ဆိုင်းရသည့်ကာလသည် ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ ကြာမြင့်နိုင်သည်ဟု ကိုမင်းထိုက်က ပြောသည်။
နိုင်ငံအနှံ့ ထိန်းသိမ်းရေး စခန်း ၂၀ ထက် မနည်းတွင် လူဦးရေ ၂၀,၀၀၀ ကျော် ထည့်ထားနိုင်သည်ဟု မလေးရှားရှိ မြန်မာအလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။
ကွာလာလမ်ပူရှိ မြန်မာသံရုံးဝန်ထမ်းတို့က စခန်းတစ်ခုလျှင် တစ်လ၊ တစ်ကြိမ်ခန့် လာရောက် တွေ့ဆုံနိုင်သည်။ စခန်းသို့ရောက်လျှင် ၎င်းတို့က မြန်မာနိုင်ငံသားများကို ဆဲဆိုကြိမ်းမောင်းတတ်သည်ဟု ဆိုသည်။
ထိန်းသိမ်းရေးစခန်းတွင် သောင်တင်နေသူအများအပြားမှာ မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်နေကြသည်။
သောင်တင်နေသူတစ်ဦးဖြစ်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့်လက နိုင်ငံအလယ်ပိုင်းရှိ မိသားစုထံသို့ စာပို့နိုင်ခဲ့သည်။ နေရပ်ပြန်ပို့ခံရသူတစ်ဦးနှင့် လူကြုံပါးလိုက်ခြင်း ဖြစ်သည်ဟု ထိုအမျိုးသမီး၏ အစ်မဖြစ်သူက ပြောသည်။
မှတ်ပုံတင် ကဲ့သို့သော အထောက်အထားအပြည့်အစုံ ပြသနိုင်သော်လည်း မြန်မာသံရုံး၏ အချက်အလက် စစ်ဆေးမှုလုပ်ငန်းစဉ် နှေးကွေးနေဟန်ရှိသည်ဟု မဝေဝေက ပြောသည်။
“အခု နောက်ပိုင်းလတွေမှာ သံရုံးအနေနဲ့ ဒီဖမ်းဆီးခံကလေးတွေအပေါ်မှာ တာဝန်ယူမှု နည်းပါးလာတာ တွေ့ရပါတယ်။ အချုပ်ထဲမှာတင် သုံးလ၊ လေးလ ကြန့်ကြာမှုတွေလည်း ရှိလာပါတယ်။ အဓိကကတော့ သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်ပါတယ်။ အခု သူအထဲမှာ စိတ်ဓာတ်ကျနေတယ်လို့လည်း သိရပါတယ်” ဟု မဝေဝေက ဆိုသည်။
ဟောင်းနွမ်းနေသော စက္ကူလေးတစ်ရွက်ပေါ်တွင် ရေးသားထားသည့် မှုန်ဝါးဝါး စာလုံးများကိုဖတ်ကာ ညီမဖြစ်သူသည် ထိန်းသိမ်းရေးစခန်းတွင်း၌ စိတ်ဓာတ်ကျနေသည်ဟု ထင်မိကြောင်း မဝေဝေ က ပြောသည်။
ညီမ ဖြစ်သူ လူကြုံထည့်ပေးလိုက်သော စက္ကူ၏ အောက်ဘက်ဆုံးတွင် လူရုပ်ပုံလေးများ၊ လေယာဉ်ပျံ ရုပ်လေးများဖြင့် ရေးဆွဲထားသည်ကို ကြည့်၍ “ကျွန်မ ငိုရတာကတော့ အောက်ဆုံးက ပုံလေးပါ၊ အဲဒီပုံ ကြည့်မိတိုင်း ငိုရတာပါ။ သူတစ်ယောက်တည်း မလေးမှာပေါ့၊ ကျန်တဲ့သုံးယောက်က မြန်မာမှာ၊ သူလေယာဉ်စီးပြီး ပြန်လာမယ်ပေါ့လေ”ဟု သူက ပြောသည်။
အဖေ၊ အမေ၊ အစ်မ၊ ရည်းစားဖြစ်သူတို့ကို သတိရသည်၊ မကြာခင် ပြန်လာမည်၊ မိသားစုနှင့် ပြန်ဆုံတွေ့ချင်ပြီဟု ရေးသားထားသည်။ ဘဝကံတရားသည် သူ့ဘက်မရှိ၍ သူသည် ယခင်ဘဝမှ ဝဋ်ကြွေးများ ဆပ်နေရပြီဟု ယူဆကြောင်းလည်း ပါသည်။
မိခင်ဖြစ်သူ နှလုံးရောဂါသည်ကို အဖမ်းခံနေရသည့် သမီးအကြောင်း အပြည့်အစုံ မပြောဝံ့ဟု မဝေဝေက ဆိုသည်။
“အမေက နှလုံးသမားမို့ စာလေးပဲ ဖတ်ပြလိုက်ပါတယ်။ (ရောဂါ) ဖြစ်စတုန်းကသာ ဒီအခြေအနေတွေ မြင်ရရင်တော့ ကျန်းမာရေးအခြေအနေမကောင်းနိုင်ပါဘူးရှင့်။ အခုက အမေကျန်းမာမှ အမေ့သမီးကို တွေ့ရမှာဆိုပြီး နှစ်သိမ့်ထားလို့ အမေ အားတင်းနေနေပါတယ်။ ဒါတောင် သူ့သမီးအကြောင်း တွေးတိုင်း ငိုနေတုန်းပါ” ဟု မဝေဝေက ပြောလိုက်သည်။
(*လုံခြုံရေးအရ အမည်များ လွှဲပြောင်းထားပါသည်)




