အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဝယ်စုဆောင်းမှု ဟန့်တားရန်ဘဏ်ငွေသားထုတ်ခွင့် စစ်ကော်မရှင် ကန့်သတ်ဟုဆို  

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်တွင် တစ်ကြိမ်လျှင် ကျပ်သိန်း ၅၀ သာ ထုတ်ပေးကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာပြီးနောက် ရွှေဝယ်ယူစုဆောင်းမှုများကို ဟန့်တားရန် ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ပေးမှုပမာဏကို အာဏာသိမ်းစစ်ကော်မရှင်က ထိန်းချုပ်လာကြောင်း ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ဈေးကစားသော ရွှေနှင့် အမေရိကန်ဒေါ်လာ ဝယ်ယူမှုများအတွက် ကျပ်ငွေများမစီးဆင်းရန်ဟုဆိုကာ ကန့်သတ်လာခြင်းဖြစ်ပြီး  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်တွင် တစ်ကြိမ်လျှင် ကျပ်သိန်း ၅၀ သာ ထုတ်ပေးကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုသို့ကန့်သတ်ချက်ကြောင့် ရွှေအရောင်းအဝယ်အပြင် ရာသီပေါ်ကောက်ပဲသီးနှံကုန်သည်များလည်း အခက်ကြုံနေကြောင်း ၎င်းက ဆိုသည်။ 

“တစ်ပတ်ကျော်ကျော်လောက်ကပေါ့။ အဲ့ဒီတုန်းက နည်းနည်းလေး ငွေထုတ်တဲ့နေရာမှာ ကျပ်သိန်း ၅၀ လောက်ပဲထုတ်ပေးတာမျိုးလို့ကြားတယ်။ ပဲနှမ်းကုန်သည်အသင်းတို့က (ဗဟိုဘဏ်ကို) တင်ပြတာ တွေ့တယ်လေ။ ကုန်သည်တွေ ငွေထုတ်ရတာခက်တယ်” ဟု ထိုအခြေအနေကို သိရှိသည့် ၎င်းက ပြောသည်။ 

သို့ရာတွင် ယခုသီတင်းပတ်ထဲတွင် ဘဏ်များဘက်က ကန့်သတ်ချက်မထားဘဲ ထုတ်ပေးတော့မည်ဟု ပြောဆိုမှုများရှိလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မိုဘိုင်းဘဏ်နှင့် ဘဏ်အကောင့်အချင်းချင်းလွှဲပြောင်းပေးချေမှုများကို မကန့်သတ်ထားသော်လည်း ငွေသားများကို လိုသလောက်ထုတ်ယူခွင့်မပေးသေးကြောင်း မန္တလေးမြို့မှ ပဲနှမ်းကုန်သည်တစ်ဦးက ပြောသည်။ 

နိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသများတွင် ပဲရိတ်သိမ်းရာသီဖြစ်ပြီး ဘဏ်များက ငွေကြေးလိုသလောက်မထုတ်ပေးသဖြင့် တောင်သူများထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ငွေပေးချေရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 

“ကုန်သည်အချင်းချင်းက ဘဏ်ပေးချေမှုကို လက်ခံပါတယ်။ တောင်သူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ လက်လီစိတ်ရတဲ့အခါမှာ ငွေသားမရှိရင်တော့ အခက်အခဲဖြစ်တာပေါ့။ (ဘဏ်တစ်ခုနဲ့တစ်ခု) မတူဘူး။ သူတို့ရှိတဲ့ပမာဏနဲ့ချိန်ပြီးထုတ်ပေးတာပေါ့” ဟု ၎င်းက ဆိုသည်။

“ငွေသားလိုအပ်တဲ့လူကတော့ သူတို့နည်းသူတို့ဟန်နဲ့တော့ဖြစ်အောင်တော့လုပ်ရတာပေါ့။ ငွေသားကို ဒီထက်ပိုပြီးတော့ ထုတ်ပေးရင်တော့ကောင်းတာပေါ့”

လွန်ခဲ့သည့် ငါးနှစ်က အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ နိုင်ငံတကာအရေးယူပိတ်ဆို့မှုနှင့် စစ်ကော်မရှင်၏ စီးပွားရေးစီမံခန့်ခွဲမှုအလွဲများကြောင့် မြန်မာကျပ်ငွေတန်ဖိုးစံချိန်တင်ထိုးကျလာချိန် လူထုက ပိုင်ဆိုင်မှုများမလျော့ပါးရန် ရွှေကို ဝယ်ယူလာခဲ့ကြသည်ဟု စီးပွားရေးလေ့လာသူတို့က ယူဆကြသည်။

အာဏာမသိမ်းမီက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာမှ ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိရောက်ရှိလာခဲ့သည်။ စစ်ကော်မရှင်က ရွှေဈေးထိန်းချုပ်ရန် ရည်ညွှန်ဈေးသတ်မှတ်၍ ထိုဈေးဖြင့်ရောင်းချရန် ဖိအားပေးသလို ဈေးကစားသည်ဆိုကာ ရွှေလုပ်ငန်းရှင်များကို ဖမ်ဆီးနေပြီး ယခုအခါ ရွှေဝယ်ယူမှုများအတွက် ငွေသားစီးဆင်းမှုကိုထိန်းချုပ်လာခြင်းဖြစ်သည်။ 

ရွှေတုံးရွှေခဲများဝယ်လှောင်၍ ဈေးတင်ရောင်းသည်ဆိုကာ သိန်းသန်း စိန်ရွှေဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊ အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးမျိုးသူဝင်းနှင့် ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးနေမျိုးထက်တို့ကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ စစ်တပ်ထိန်းချုပ် သတင်းစာတွင် ထုတ်ပြန်သည်။

၎င်းတို့သည် ရန်ကုန်တိုင်ရွှေအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တာဝန်ယူထားသူများဖြစ်ပြီး ရွှေတုံးရွှေခဲများစွာဝယ်ယူသိုလှောင်ခဲ့ကြကြောင်း စစ်ကော်မရှင်က ဆိုသည်။

အဖမ်းအဆီးဂယက်ကြောင့် ရွှေဈေးကွက်ထဲတွင် ထိတ်လန့်သွားပြီး အရောင်းအဝယ်အေးစက်သွားကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“နည်းနည်းထိန်းပြီးတော့ သူတို့ သတ်မှတ်ဈေးနဲ့ အဆင်ပြေသလိုပဲပေါ့။ ဆိုင်ပိတ်လိုက်ပြန်တော့လည်း မကောင်းဘူးလေ။ ထင်ထင်ပေါ်ပေါ်ကြီး ဖြစ်သွားမယ်။ မှိန်းပြီးတော့ပဲနေရတာပေါ့။ အန္တရာယ်ကင်းအောင် နေကြရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်က ငွေသားကိုထိန်းချုပ်၍ အွန်လိုင်းပေးချေမှုများကို ခွင့်ပြုထားခြင်းသည် ဗဟိုဘဏ်က အွန်းလိုင်းပေါ်မှ ငွေလွှဲပြောင်းမှုများကို ခြေရာခံထိန်းချုပ်နိုင်သောအခြေအနေဖြစ်ကြောင်း မန္တလေးမှ နောက်ထပ်စီပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

တပြိုင်တည်းတွင် တော်လှန်ရေးအားကောင်းသော နိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ကောက်ပဲသီးနှံများပေါ်ချိန် ငွေသားစီးဆင်မှုကို ကန့်သတ်လိုပုံရကြောင်း တွက်ဆမှုများလည်းရှိနေသည်။ 

ရွှေနှင့် ဒေါ်လာဝယ်ယူမှုများကို ငွေကြေးစီးဆင်းမှုထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ စစ်ကော်မရှင်၏ ဗဟိုဘဏ်တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှုမရသေးပေ။ 

ချေးငွေနှင့် ငွေသားများထုတ်ယူပြီး အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာများတွင် ဈေးကစားမှုများ မရှိစေဘဲ စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုနိုင်ရေးစောင့်ကြည့်ရန် စစ်ကော်မရှင်ခန့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ ဗဟိုဘဏ်ရုံး၌ ပုဂ္ဂလိကဘဏ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ 

ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်ရှိပြီး ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းတစ်ရာကျော်ရှိသည်ဟု ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။  စစ်‌ကော်မရှင်သတ်မှတ်သည့် ယနေ့ ရွှေဈေးသည် တစ်ကျပ်သားလျှင် ၆၉ သိန်းကျော်ဖြစ်သည်။ 

Related Articles

Back to top button