ရွှေတုံးရွှေခဲများဝယ်ယူသိုလှောင်၍ ဈေးတင်ရောင်းသည်ဆိုကာ ရန်ကုန်တိုင်းရွှေအသင်း ထိပ်ပိုင်းတာဝန်ယူထားသည့် နာမည်ကြီးရွှေဆိုင်လုပ်ငန်းရှင် သုံးဦးကို အာဏာသိမ်းစစ်ကော်မရှင်က ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ယနေ့(ဖေဖော်ဝါရီလ ၆ ရက်)ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု(ရွှေ) ရောင်းဝယ်သူများ အသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တာဝန်ယူထားသူများဖြစ်သည့် သိန်းသန်းစိန်ရွှေဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊ အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးမျိုးသူဝင်းနှင့် ရွှေစင် အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးနေမျိုးထက်တို့ဖြစ်သည်။
ယခုနှစ်ဆန်းမှစ၍ ရွှေဈေး တရိပ်ရိပ်ထိုးတက်လာပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်တင်တက်လာချိန် ရွှေဆိုင်ပိုင်ရှင်များကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဦးမျိုးမြင့်သည် အခေါက်ရွှေတုံး ၇၀ ကျပ်သား၊ ဦးမျိုးသူဝင်းသည် ၉၇၀ ကျပ်သား (အချိန် ၁၀ နီးပါး)နှင့် ဦးနေမျိုးထက်သည် ၃၁၉ ကျပ်သား (သုံးပိဿာကျော်)ကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူ၍ အမြတ်တင် ရောင်းချခဲ့သည်ဟု စစ်တပ်ထိန်းချုပ် သတင်းစာက ဖော်ပြသည်။
ထိုသို့ရောင်းဝယ်ခြင်းသည် စစ်ကော်မရှင်လက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရွှေရောင်းဝယ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များကို ဖောက်ဖျက်ရာရောက်၍ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း ရွှေအသင်းထိပ်ပိုင်းတာဝန်ရှိ လက်ကြီးသမားများကိုပင် ဖမ်းဆီးခံရခြင်းကြောင့် ရွှေဈေးကွက် တစ်ခုလုံး ထိတ်လန့်သွားပြီး ရွှေအရောင်းအဝယ် ထိုင်းသွားသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အခုက အကုန်လုံးက ငြိမ်ကျပြီး လန့်နေကြတယ်။ သူတို့အကြီးပိုင်းတောင်ပါတယ်ဆိုတော့ နောက်လူတွေက ကြောက်ကြတယ်။ နည်းနည်းထိန်းပြီးတော့ သူတို့ သတ်မှတ်ဈေးနဲ့ အဆင်ပြေသလိုပဲပေါ့။ ဆိုင်ပိတ်လိုက်ပြန်တော့လည်း မကောင်းဘူးလေ။ ထင်ထင်ပေါ်ပေါ်ကြီး ဖြစ်သွားမယ်။ မှိန်းပြီးတော့ပဲ နေရတာပေါ့ အန္တရာယ်ကင်းအောင်နေကြရတယ်” ဟု ၎င်းက ပြောသည်။
အဖမ်းအဆီးဂယက်ကြောင့် ရန်ကုန်တွင် ရွှေလာရောက်ဝယ်သူ မရှိသလောက်နည်းပါးပြီး ခြောက်ကပ်သွားကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် ရန်ကုန်တွင် ကိုးရီးယားအကူအညီဖြင့်တည်ဆောက်သည့် ဒလတံတားဖွင့်ပွဲလည်းရှိရာ လုံခြုံရေးအကြောင်းပြချက်ဖြင့် လမ်းများပိတ်ပင်ထားခြင်းကြောင့် လူသွားလူလာနည်းပါးနေသည်ဟု သိရသည်။
“(အရောင်းအဝယ်ရပ်သွားတာက)ဖမ်းတယ်ဆီးတယ်က နံပါတ်တစ်ပဲလေ။ အကုန်လုံးက သူတို့နဲ့ ပတ်သက်တာတွေက မျက်ခုံးလှုပ်နေတာပေါ့။ အကောင်ကြီးကြီးတောင် လုပ်တယ်ဆိုတော့ အကောင်သေးသေးတွေက ပိုကြောက်ကြတာပေါ့” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။
ဖမ်းဆီးခံရသော ရွှေလုပ်ငန်းရှင်များဝယ်ယူခဲ့သည့် ရွှေပိဿာအရေအတွက်များမှာ စစ်ကောင်စီထုတ်ပြန်ချက်အတိုင်း မှန်ဖွယ်ရှိပြီး ထို့ထက်ပင်များနိုင်သည်ဟုလည်း ၎င်းက ယူဆသည်။
ကုန်ဈေးနှုန်းကို အာဏာဖြင့် လိုက်လံထိန်းချုပ်လေ့ရှိသည့် စစ်ကော်မရှင်သည် ၎င်းတို့သတ်မှတ်ဈေးဖြင့်သာ ရွှေများကို ရောင်းချစေပြီး ရွှေဆိုင်များကိုလည်း မကြာခဏ လိုက်လံစစ်ဆေးလေ့ရှိသည်။
စစ်ကော်မရှင်၏ ရွှေသတ်မှတ်ဈေး၊ ရည်ညွှန်းဈေးနှင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များကို လိုက်နာရန် ရန်ကုန်တိုင်းရွှေအသင်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် နေ့စဉ်အသိပေးလေ့ရှိသည်။
သို့ရာတွင် စစ်ကော်မရှင်၏ သတ်မှတ်ရွှေဈေးသည် ဈေးကွက်ပေါက်ဈေးထက် ထက်ဝက်နီးပါး နည်းပါးခြင်းကြောင့် ရွှေဆိုင်ပိုင်ရှင်များက ထိုဈေးဖြင့် အရောင်းဝယ်မလုပ်ကြကြောင်း ရွှေဆိုင်ပိုင်ရှင်များက ဆိုသည်။
ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်) စစ်ကော်မရှင်၏ သတ်မှတ်ရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) လျှင် ၆၉ သိန်းဖြစ်သည်။ သို့သော် ဈေးကွက်ပေါက်ဈေးမှာမူ ကျပ်သိန်း ၁၀၀ ကျော် ဈေးပေါက်နေသည်ဟု ဈေးကွက်တွင်း သတင်းများအရ သိရသည်။
စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ နိုင်ငံတကာအရေးယူပိတ်ဆို့မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားများကြောင့် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် အထွေထွေကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့သည်။ ထိုအခြေအနေတွင် စစ်ကော်မရှင်သည် ကုန်စည်များကို ဈေးကွက်ပေါက်ဈေးထက်နည်းပါးသော နှုန်းထားများပုံသေသတ်မှတ်၍ ကုန်ဈေးနှုန်းထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့သည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့သည်။ မြန်မာ့ရွှေဈေးကွက်သည်လည်း ကမ္ဘာ့ရွှေဈေးတက်ခြင်းကြောင့် သက်ရောက်မှုရှိသလို စစ်ကော်မရှင်လက်ထက် ပြည်တွင်းငွေကြေးဖောင်းပွမှုကြောင့်လည်း ရွှေဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ထိုင်းနယ်စပ်ရှိ အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီလိုဖမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့ ရွှေဈေးက ကျမလားဆိုတော့ ကျဖို့ရာတော့ လမ်းမမြင်ဘူးပေါ့။ ဘယ်ကိုရောက်သွားမလဲဆိုတော့ ဒီရွှေက Black Market ထဲရောက်သွားမှာပေါ့။ တနည်းအားဖြင့် မှောင်ခိုဈေးကွက်ကို တွန်းပို့လိုက်သလိုဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။
“Market ရဲ့ သဘောအရ ဝယ်ဈေးရှိမယ်။ အဲ့ဒီဝယ်ဈေးပေါ်မှာ အမြတ်တင်ပြီးရောင်းတာပဲ။ သမားရိုးကျ လုပ်စဉ်လို့ ပြောလို့ရတယ်။ ကုန်သည်ရဲ့သဘောအရ ဝယ်ပြီးတော့ရောင်းတာဟာ ပုံမှန်လုပ်နေကျ ထုံးစံပေါ့။ အမြတ်ရှိမှလည်း ရောင်းနိုင်မှာပေါ့။ ဒါကို အပြစ်ကြီးတစ်ခုလိုလုပ်ပြီးတော့ ဈေးနှုန်းကျအောင် လုပ်တယ်ဆိုတာဟာ တကယ်တမ်းကျတော့ ဒီဈေးကွက်ကြီးတစ်ခုလုံးကို Black Market ထဲတွန်းပို့လိုက်သလို ယူဆရတယ်” ဟု ၎င်းက ဆိုသည်။
ယခုဖမ်းဆီးခံရသော ရန်ကုန်တိုင်းရွှေအသင်းတာဝန်ရှိသူများသည် စစ်ကော်မရှင်၏ ရွှေဈေးကွက်နှင့် ပတ်သက်သော မူဝါဒများကို လိုက်နာရန် အဓိကဆော်ဩပေးရသူများဖြစ်သည်။ ယခုဖမ်းဆီးမှုသည် တက်အားကောင်းနေသော ရွှေဈေးကို ဟန့်တားလိုခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများကို စစ်တပ်က မကြာခဏဖမ်းဆီးလေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လထဲတွင် ရွှေလုပ်ငန်းရှင် ၂၁ ဦးကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ဖူးသည်။
စစ်တပ် အာဏာမသိမ်းမီ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၁၃၂၀,၀၀၀ သာ ရှိခဲ့သည်။ ယခုမူ အာဏာသိမ်းပြီး ငါးနှစ်အတွင်း ပြည်တွင်း ရွှေဈေးသည် ခုနစ်ဆကျော်အထိ မြင့်တက်လာခဲ့သည်။



