
စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲများ နေရာအနှံ့၌ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူအချို့က ပြောကြားသည်။
KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိအချိန်သည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်ဖြုတ်ချရေးကို ပြည်သူလူထုကလည်း ကြိုးစားနေချိန်ဖြစ်ကြောင်း ပြောသည်။
“နေရာတကာမှာ အချိန်မရွေး တိုက်ပွဲတွေကတော့ KIA တင်မဟုတ်ဘူး၊ အခြားအဖွဲ့အစည်းတွေနဲ့လည်း ဖြစ်လာနိုင်တယ်၊ အဲဒါကို ပြောချင်တာပါ။ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေလည်း အများကြီးရှိတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း အများကြီးရှိတာပေါ့။ ပြည်သူလူထုတွေလည်း ရတဲ့လက်နက်နဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တာ အဲဒါကို ပြောချင်တာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက စစ်ရေးသတင်းများ နားစွင့်ထားရန် ပြည်သူလူထုအား သတင်းစကားပါးသည်။
KIA သည် ယမန်နေ့(ဇွန်လ ၂၃ရက်) ညပိုင်းက မြစ်ကြီးနားမြို့အနီးရှိ ဗလမင်းထင်မြစ်ကူးတံတားမှ စစ်ကောင်စီလက်နက်ကိုင်များရှိသည့် စုပေါင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ညကဖြစ်ပွားသည့် စုပေါင်းဂိတ်တိုက်ပွဲမှာ ဒေသတပ်မှူးများ၏ အစီအစဉ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြို့သိမ်းတိုက်ပွဲတွေ မြို့ပြတိုက်ပွဲတွေ ဆင်နွှဲဖို့ လုပ်ဖို့ ညွှန်ကြားပြီးမှ ဖြစ်တာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ကချင်ပြည်နယ်၌ စစ်ကောင်စီဘက်က ရိက္ခာ၊ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းထားသည်ကို ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မကြာသေးခင်က KIA ၏ တိုက်ခိုက်မှုများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် လှည့်လည်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။
KNU ဗဟိုဌာနချုပ်ကလည်း လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး ယမန်နေ့ညပိုင်းက ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် လူထုကို အသိပေးထားသည့် ထုတ်ပြန်ချက်တစ်စောင် တင်ထားသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်မှ အကြမ်းဖက်မှုများမြင့်တက်လာခြင်း၊ စစ်ကောင်စီမှ အင်အားအလွန်အကျွံအသုံးပြုခြင်း၊ နယ်ဘက်သာမက ပြည်မ၌ရှိသော မြို့အချို့တွင် တိုက်ပွဲပုံဖော်မှုများဖြစ်လာခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားသည့်အပေါ် KNU က လွန်စွာစိုးရိမ်မိပါကြောင်း ဖော်ပြထားသည်။
လူထုအပေါ် တတ်နိုင်သည့်ဘက်က အကူအညီပေးအပ်သွားနိုင်မည်ဟုလည်း ပါရှိသည်။
ယင်းနှင့်ပတ်သက်၍ KNU ဗဟိုမှ အဖွဲ့ဝင်တစ်ဦးက “ဗဟိုဌာနချုပ်ရဲ့ လူထုကို အသိပေးတဲ့သဘောပါ။ လက်ရှိ ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို ကျွန်တော်တို့ KNU အနေနဲ့ သဘောထားဖော်ပြတာပါ” ဟု ပြောသည်။
မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
“ဒီလိုပုံစံနဲ့ ဆက်သွားမယ်ဆိုရင် ရှေ့ဆက်တော့ မြို့တွင်းမှာ ဆက်လက်ပြီးတော့ ဖြစ်ပေါ်လာမှာပဲ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ပူးပေါင်းပြီးတော့ သူ့တာဝန်နဲ့သူပေါ့၊ ပြည်တွင်းစစ်ပွဲမှာလည်းဖြစ်မယ်၊ ကျွန်တော်တို့ ဒီလက်နက်ကိုင်အင်အားစုတွေနဲ့လည်းဖြစ်မယ် တစ်ပြိုင်တည်းပေါ့။ ဆုံချက်တစ်ခုအနေနဲ့ဖြစ်မှာပဲ” ဟု အဆိုပါ KNU တာဝန်ရှိသူက ပြောသည်။
မကြာသေးမီက တိုင်းရင်းသားနယ်မြေများတွင် တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင်များ အထိနာခဲ့သည်။
KNU တပ်မဟာ ၇ ခု ရှိသည့်အနက် တပ်မဟာ ၁၊ ၃၊ ၅၊ ၆ နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း ရာနှင့်ချီသည့် ပစ်ခတ်တိုက်ခိုက်မှုများ တပ်မဟာ(၅) နယ်မြေ ဖာပွန်ဒေသ၌ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅၀ ကျော် သေဆုံးခဲ့ကြောင်း KNU က ဆိုသည်။ အဆိုပါ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း KNU က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အလားတူ KIA ကလည်း စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ၊ ရဲတပ်ရင်းများကို တိုက်ခိုက်ခဲ့သည်။ စစ်ရေးအရအရေးပါသည့် မိုးမောက်မြို့နယ် အလော့ဘွမ်တပ်စခန်းအပါအဝင် တပ်စခန်း ၁၀ခုထက်မနည်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အချို့တပ်စခန်းများကို လက်ရှိအချိန်ထိ KIA က ထိန်းချုပ်ထားဆဲဖြစ်သည်။
ကချင်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က လေကြောင်းမှလည်း တိုက်စစ်ဆင်ခဲ့ရာ မိုးမောက်ဒေသတိုက်ပွဲတွင် ရဟတ်ယာဉ်တစ်စီး ပစ်ချခံထားရသည်။
စစ်ကောင်စီက ကချင်ပြည်နယ်သို့ စစ်အင်အားများကို ရေကြောင်းကုန်းကြောင်းမှ ဖြည့်တင်းလျက်ရှိရာ KIA တပ်များက ကြားဖြတ်တိုက်ခိုက်နေကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့်လည်း တိုက်ပွဲများဖြစ်ပွားလာနိုင်ခြင်းနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
မိမိနေထိုင်ရာနေရာတွင် ကျရောက်နိုင်သည့် ဘေးအန္တရာယ်များကို မိသားစုဝင်များနှင့် ကြိုတင်ဆွေးနွေးထားပြီး အရေးပေါ်အခြေအနေတွင် တစ်ဦးချင်းစီက ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်သတ်မှတ်ထားရန်၊ နေအိမ်တွင် ဘေးကင်းအလုံခြုံဆုံးနေရာကို ကြိုတင်သတ်မှတ်ထားပြီး မိသားစုဝင်များကို အသိပေးထားရန်၊ ဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်းများကို မပြတ်နားစွင့်ထားရန် NUG က ထုတ်ပြန်ခဲ့သည်။
မကြာသေးမီလများအတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် လက်နက်ကိုင်အန်တုလိုသူအများအပြားသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ရာ နယ်မြေများသို့ သွားရောက်အကူအညီတောင်းလျက်ရှိသည်။
စစ်ကောင်စီကမူ ၎င်းတို့ကို နေရပ်ပြန်လာကြရန် ဖိတ်ခေါ်ကြောင်း သတင်းစာများတွင် မကြာသေးမီရက်ပိုင်းအထိ နေ့စဉ် ဖော်ပြခဲ့သည်။