စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်တွင် ထိပ်တိုက်တွေ့နေကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ကလေးခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်သည့်အဖွဲ့နှင့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) တို့သည် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းမှစတင်ပြီး နှစ်ဖက်တပ် ဆုတ်ပေးရန် သဘောတူလိုက်ကြောင်း SRF ထံမှသိရသည်။
SRF နှင့် NUG ၏ မင်းကင်းမြို့နယ် ပကဖ တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် တွင် စတင်၍ မင်းကင်းမြို့အနောက်မြောက်ဘက် ချင်းတွင်း မြစ်အနီးရှိ ရွာအချို့တွင် နယ်မြေအုပ်ချုပ်ရေးထူထောင်မှုနှင့် ပတ်သက်သည့် အငြင်းပွားမှုများဖြစ်ခဲ့သည်။
အဆိုပါ အငြင်းပွားမှုများနှင့် ပတ်သက်၍ နှစ်ဖက်တပ်များအကြား တပ်ဆိုင်ထားသည့် အနေအထားအထိ စစ်ရေးတင်းမာခဲ့သည်။
နှစ်ဖက်တပ်များ ထွက်ခွာရန်နှင့် ညှိနှိုင်းဖြေရှင်းရန် ဇန်နဝါရီလ ၂၇ ရက်တွင် ဒေသခံများက နှစ်ဖက်တပ်များထံ အိတ်ဖွင့်စာပေး တောင်းဆိုခဲ့ကြသည်။
အဆိုပါတောင်းဆိုမှုအရ NUG ၏ ကလေးခရိုင်ကွပ်ကဲရေးမှူးဦးဆောင်သည့် အဖွဲ့နှင့် SRF ၏ မဟာမိတ် ဆက်ဆံရေး ဌာနမှ ရဲဘော်များသည် ဖေဖော်ဝါရီလ ၃ ရက်တွင် မင်းကင်းမြို့နယ် တစ်နေရာ၌ တွေ့ဆုံဆွေးနွေးပြီး ယင်းနေ့ ညနေ ၆ နာရီမှစ၍ နှစ်ဖက်တပ်ဆုတ်ရန် သဘောတူခဲ့ကြောင်း SRF ဥက္ကဌ ကိုစံတင်ထွန်းက Myanmar Now ကိုပြောသည်။
“မင်းကင်းမြို့နယ် ပကဖ နဲ့ ညှိနှိုင်းလို့ အဆင်မပြေပါဘူး။ အဲဒါကြောင့် ခရိုင်မှူးပေါ့။ ခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ မဟာမိတ်ဆက်ဆံရေးဌာနက ရဲဘော်တွေနဲ့ ညှိနှိုင်းကြတာပါ။ ခရိုင်ကွပ်ကဲရေးမှူးအနေနဲ့လည်း ရပ်ရွာထဲမှာ စစ်ကော်မရှင်ဘက်က Air Strike လုပ်မှာ စိုးရိမ်ရတယ်။ လုပ်ကိုင်လာတဲ့အခါ နှစ်ဖက်တပ်တွေ သိက္ခာကျမယ်။ ဒါကြောင့် ရပ်ရွာထဲက ထွက်ခွာရန် ညှိနှိုင်းခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်သည့်အဖွဲ့က SRF ကို မိတ်ဖက်အဖြစ်အသိအမှတ်ပြုကြောင်း၊ စစ်ကော်မရှင်ကိုသာ ရန်သူအဖြစ် တိုက်ခိုက်လိုသည်ဟု ပြောကြောင်း SRF ဥက္ကဌ ကိုစံတင်ထွန်းကဆိုသည်။
ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ကွပ်ကဲရေးအဖွဲ့အောက် အကျုံးဝင်သော မင်းကင်းပကဖ တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန်လည်း ခရိုင်ကွပ်ကဲရေးမှူးက အာမခံခဲ့ကြောင်း SRF ထံမှသိရသည်။
“ဒေသခံလူထုတွေက နှစ်ဖက်တပ်တွေ ရုတ်ရုတ်ဖြစ်လာခဲ့ရင် ပြဿနာတက်မှာ စိုးလို့ဆိုပြီးတော့မှ စစ်ရှောင်နေရတဲ့ပုံစံမျိုးတွေ တွေ့ရပါတယ်။ အကုန်လုံးအတွက်ကောင်းမွန်အောင် တော်လှန်ရေးအတွက် ညှိနှိုင်း ဖြေရှင်းလိုက်တဲ့ သဘောပါ။ အဲဒီအတွက် ခရိုင်ကွပ်ကဲရေးအဖွဲ့ကို ကျွန်တော်တို့ ဗဟိုကော်မတီအနေနဲ့ ကျေးဇူးတင်ပါတယ်” ဟု SRF ဥက္ကဌ ကိုစံတင်ထွန်းက ပြောသည်။
SRF နှင့် နယ်မြေအုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ထားသည့် မင်းကင်းမြို့နယ် ပကဖ တာဝန်ခံ ကိုညိုကမူ မင်းကင်းမြို့အနောက်မြောက်ဘက် ချင်းတွင်းမြစ်အနီးရှိ ရွာအချို့တွင် တပ်စွဲထားသော နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူထားသည်ဟု Myanmar Now ကိုအတည်ပြုသည်။
သို့သော်လည်း NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပကဖ အဖွဲ့များကမူ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရွာအတွင်း ဆက်ရှိနေမည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် ပကဖ တာဝန်ခံ ကိုညိုက ပြောသည်။
“ရေမြေကျေးရွာတွင် လာရောက်တပ်စွဲထားတဲ့ SRF တပ်ဖွဲ့များ ထွက်ခွာပေးဖို့နဲ့ နှစ်ဖက်တပ်များ ကျေးရွာအတွင်း အပြီးဆုတ်ပေးဖို့၊ ကျေးရွာအတွင်း ကျေးရွာတိုက်နယ် ပကဖ များနဲ့ ပအဖများသာ အုပ်ချုပ်ရေး ကာကွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် ညှိနှိုင်းပြောဆိုထားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
SRF ဥက္ကဌ ကိုစံတင်ထွန်းကမူ ကျေးရွာများအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ကျေးရွာပြည်သူလူထုအများစု၏ သဘောဆန္ဒလိုအပ်ကြောင်း ဆိုသည်။
“မြို့နယ်ပကဖပြောတဲ့ သူတို့အုပ်ချုပ်ရေးက ရေမြေတို့ ၊ ရှမ်းတောတို့မှာ ဆက်ရှိနေမယ်ဆိုတာက အဲဒီရွာက ပြည်သူတွေလက်ခံရင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလက်ခံမယ့် လက္ခဏာတော့ ကျွန်တော်မတွေ့ပါဘူး” ဟု ၎င်းက ပြောသည်။
SRF နှင့် ညှိနှိုင်းထားသည့် ကလေးခရိုင် ကွပ်ကဲရေးမှူးက လက်အောက်ခံတပ်များ ဆုတ်ခွာရန် အာမခံထားသဖြင့် မင်းကင်းမြို့နယ် ပကဖ၏ တပ်ဖွဲ့ဝင်များလည်း ဆုတ်ခွာရမည်ဖြစ်ကြောင်း SRF ဘက်က ဆိုသည်။
အထက်အရာရှိဖြစ်သည့် ခရိုင်ကွပ်ကဲရေးမှူး၏ အမိန့်ကို မင်းကင်းမြို့နယ် ပကဖ ဘက်က လက်မခံပါက NUG ၏ အမိန့်ပေးကွပ်ကဲမှုကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း SRF ဥက္ကဌ ကိုစံတင်ထွန်းက မှတ်ချက်ပေးသည်။
“NUG အစိုးရရဲ့ COC ကို မေးခွန်းထုတ်ရမှာပါ။ ဘယ်လိုများ အထက်အောက်တည်ဆောက်ထားသလဲပေါ့။ အပေါ်က ဆုံးဖြတ်ချက်ကို အောက်က လက်မခံဘူးလားဆိုတာမေးခွန်းထုတ်ရမှာပါ” ဟု ၎င်းက ဆိုသည်။
မင်းကင်းမြို့နယ်အတွင်း လက်နက်ကိုင်တပ်များအကြား အုပ်ချုပ်ရေးအငြင်းပွားမှုအခြေအနေကိုသိသည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကလည်း နှစ်ဖက်ပြောဆိုချက်များအရ သဘောတူညီချက်ရသည်ဟုဆိုသော်လည်း ပြဿနာလုံးဝပြေလည်မည့် အခြေအနေ မတွေ့ရကြောင်း ပြောသည်။
“ပြဿနာက အရင်ကတည်းက ပကဖ တပ်တွေဝင်လာလို့ နှစ်ဖက်အဖွဲ့အစည်းကြား စစ်ဆိုင်ထားတာရှိတယ်။ အခုလိုမျိုး မထွက်ဘူးဆိုရင်လည်း ကျေးရွာထဲမှာ SRF ကိုထောက်ခံတဲ့ သူတွေရှိတော့ ပြေလည်သွားတယ်ဆိုပေမယ့် အချိန်မရွေးထပ်ပြီး ဖြစ်လာနိုင်တဲ့အခြေအနေမျိုး တွေ့ရတယ်” ဟုဆိုသည်။
ဒေသခံများကမူ နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ကြပါက ရွာအထိနာမည်စိုးရိမ်နေကြသဖြင့် မည်သည့်တပ်ဖွဲ့ကိုမျှ အခြေစိုက်နေရန် မလိုလားကြကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်ကပြောသည်။
၎င်းက “ရှမ်းတောရွာသားတွေ တောင်းဆိုတာက နှစ်ဖက်လုံးက တပ်တွေထွက်သွား ။ နှစ်ဖက်စလုံးက တပ်တွေ ရွာထဲမှာ ရှိနေတာ မလိုချင်ဘူး။ ကလေးတွေကလည်း နှစ်ဝက်စာမေးပွဲဖြေရတော့မယ့်အချိန် တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်။ ကျောင်းတွေလည်း မဖွင့်နိုင်ဘူး။ စာမေးပွဲကိုလည်း တခြားရွာမှာ သွားဖြေကြရမယ်လို့ သိရတယ်” ဟု ဆိုသည်။
SRF သည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော တော်လှန်ရေးတပ်ဖြစ်ပြီး စစ်အင်အား ၅၀၀ ခန့်ရှိနိုင်ကြောင်း လေ့လာသူအချို့က ခန့်မှန်းသည်။
SRF သည် အာရက္ခတပ်တော် (AA) ထံမှ စစ်သင်တန်း၊ စစ်လက်နက်ခဲယမ်းများ အပါအဝင် အတူတူတိုက်ပွဲဝင်၍ စစ်ရေးအတွေ့အကြုံများယူထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) တို့နှင့် မဟာမိတ်ဖြစ်သည်။
မင်းကင်းပကဖကမူ မင်းကင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်ထိန်းချုပ်ရာ မင်းကင်းမြို့နှင့် ပျူစောထီးရွာအချို့မှအပ ကျေးလက်ဒေသကို တိုက်နယ် ၁၀ ခုသတ်မှတ်ထားကြောင်း၊ ကျေးရွာပေါင်း ၁၁၇ ရွာအတွက် ပကဖနှင့် ပအဖများ ဖွဲ့ကာ အုပ်ချုပ်ရေးထူထောင်ရန်ကြိုးပမ်းနေကြောင်း မင်းကင်းမြို့နယ် ပကဖ ထံမှသိရသည်။
မင်းကင်းမြို့နယ်တွင် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နေ့လယ်တွင် သင်တောရွာ၌ ဆေးခန်းဖွင့်ထားသည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဒေါက်တာ ခင်သူသူလွင်ကို ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးစဉ်တွင် အင်အားသုံးကာ လက်ထိပ်ခတ် ချုပ်နှောင်ဖမ်းဆီးခဲ့သဖြင့် ထိုစဉ်က လူအများက မဖြစ်သင့်ကြောင်း ဝေဖန်ခဲ့သည်။
မင်းကင်းမြို့နယ်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာခင်သူသူလွင်သည်(CDM ) တွင် ပါဝင်လာခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တာဝန်မှ ရပ်နားခံရသူ ဖြစ်သည်။
ဒေါက်တာခင်သူသူလွင်ကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူခဲ့စဉ်က တိုင်ကြားခံထားရသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြေရှင်းရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်း မရှိသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်း Myanmar Now ကိုပြောဖူးသည်။
ဆက်စပ်သတင်းလင့်ခ်



