သတင်း

ဖားကန့်ဝန်းကျင် စစ်ကောင်စီတပ်များကို KIA တိုက်ခိုက်  

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ယမန်နေ့ (ဇွန် ၂၂) တွင်  အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  ကချင်လွတ်လပ်ရေးတပ်မ​တော်(KIA) က အတည်ပြု​သည်။

အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း၊ ရှမ်းပြည်နယ်ရှိ တပ်များနှင့်လည်းဟု KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်​ပြောသည်။

“ဖားကန့်ဘက် မှာ တပ်မဟာ(၉)၊ တပ်ရင်း(၆)ဘက်မှာ တိုက်ပွဲတွေတော့  မရှိပါဘူး၊ ဒါပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာတော့ရှိပါတယ်။ တပ်ရင်း ၂၆ဘက်မှာတော့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ရှိတယ်ဆိုတာ သတင်းတက်ပါတယ်။ တပ်ရင်းကတော့ ၂၆၊ နေရာဒေသက ဆယ်ဇင်း” ဟု ဗိုလ်မှူးကြီးနော်ဘူက ဇွန် ၂၂ တွင် ပြောသည်။

“ရှမ်းမြောက်ဘက် ကွတ်ခိုင်ဘက်မှာလည်း မနေ့(ဇွန်လ ၂၁ရက်)က တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အသေးစိတ် အောက်ခြေသတင်းတွေကိုတော့ မကြားသိရသေးပါဘူး”

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်သည့် အဆိုပါ ဆယ်ဇင်းကျေးရွာသည် စစ်တပ်အာဏာသိမ်းပြီးနောက် KIA က  ပထမဆုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းရှိရာ ဒေသဖြစ်သည်။

ကချင်ဒေသအခြေစိုက် သတင်းဌာနများကမူ ဖားကန့်မြို့နယ်တွင် KIA က စစ်ကောင်စီတပ်ယာဉ်တန်းကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

Kachin Waves သတင်းဌာန၏ ဖော်ပြချက်တွင် ဇွန်လ ၂၂ရက်တွင် အင်းတော်ဘက်မှ ဖားကန့်ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တာမခန်တွင် KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူများရှိသည်ဟု ဖော်ပြထားသည်။ ဇွန်လ ၂၁ရက်ကလည်း တာမခန်၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့် ယာဉ် ၄စီးကို KIA က တိုက်ခိုက်ကာ တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ​ဖော်ပြထားသည်။ 

The 74 Media က ဇွန်လ ၂၁ရက် တိုက်ပွဲသတင်းဖော်ပြခဲ့ရာ ဖားကန့်မြို့နယ် တာမခန်မြို့သစ်ကျေးရွာနှင့် ဆယ်ဇင်းကျေးရွာကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ကားတစ်စီး မီးလောင်ပျက်စီးပြီး ထိခိုက်သေဆုံးသူများရှိသည်ဟု ဆိုသည်။

ယာဉ်အချို့ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးသည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက အောက်ခြေတပ်ပိုင်းဆိုင်ရာ သတင်းတက်မလာသေး၍ မသိရသေးဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KIA လှုပ်ရှားနယ်မြေများရှိ  စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းနှင့် ရဲတပ်ရင်းများကို KIA က မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ယခုတစ်ပတ်အတွင်း၌ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်၊ မချမ်းဘော့၊ မိုးမောက်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။

အနယ်နယ်တွင် တိုက်ခိုက်မှု၊ အန်တုမှုတို့နှင့် ရင်ဆိုင်နေရသော စစ်ကောင်စီက ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

Show More

Related Articles

Back to top button