စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ ပါတီဝင်တစ်ဦး ဓားဖြင့်ခုတ်ခံရပြီးနောက် အိမ်ခြေ ၇၀၀ကျော်ရှိသည့် မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ကွမ်းစိုက်ရွာသားထက်ဝက်ခန့်မှာ စစ်ကောင်စီ၏ ရန်ကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့က ပြောသည်။
“စာရွက်ကြည့်ပြီး စာရင်းနဲ့ လိုက်ဖမ်းတာ၊ အိမ်တွေပေါ်ထိ။ ပါသွားတဲ့လူတွေကို သူတို့လိုချင်တာ လျှောက်မေးစစ်တယ်။ ရိုက်တယ်။ နိုင်ငံရေးလုပ်သလား မလုပ်သလား။ နိုင်ငံရေးအကြောင်း မေးတာပေါ့ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကွမ်းစိုက်ကျေးရွာ USDP ဥက္ကဋ္ဌ၊ အသက် ၅၀ကျော်အရွယ်ရှိပြီဖြစ်သည့် ဦးမြင့်ကျော်မှာ ဇွန် ၁၅ ရက်၌ မြင်းခြံမြို့သို့ သွားရာလမ်းတွင် ဓားဖြင့်ခုတ်ခံခဲ့ရသဖြင့် မန္တလေးမြို့တွင် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံအချို့က အတည်ပြုထားပြီးဖြစ်သည်။
နေ့တွင်းချင်း၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာရှိ အမျိုးသား ၁၈ ဦးကို ဖမ်းဆီးစစ်ဆေးရာ ၂ ဦးမှာ စစ်ကြောရေးတွင် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသလို မိသားစုမှာ အလောင်းကို ကြည့်ရှုခွင့်၊ သင်္ဂြိုဟ်ခွင့်ပင်မရခဲ့ဟု ဒေသခံများထံမှ သိရသည်။
သေဆုံးမှုအကြောင်း စစ်ကောင်စီက အသိပေးခြင်း မဟုတ်ဘဲ ကိုယ်တိုင်မေးမြန်းစုံစမ်းမှ သိခဲ့ရခြင်းဖြစ်ကြောင်း ကွမ်းစိုက်ကျေးရွာဒေသခံက ပြောသည်။
“အလောင်း ပြန်မပေးဘူး”ဟု ၎င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရပ်ကျေးဥက္ကဋ္ဌ၏ သားဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကိုချစ်ကို၊ ယခင် လူထုရွေးချယ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်ကိုဝမ်းကွဲဖြစ်သူ အသက် ၆၀ အရွယ် ဦးစိန်ဝင်းတို့ သေဆုံးခြင်း ဖြစ်ကြောင်း၊ ဓားခုတ်မှုဖြစ်ချိန်တွင် သူတို့နှစ်ဦးမှာ ကျေးရွာ၌မရှိဟု ဒေသခံတို့က အတည်ပြုကြသည်။
NLD ရပ်ကျေးဥက္ကဋ္ဌက သားဖြစ်သူမှာ သူ့ကိုယ်စား ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောသည်။
“ကြိုတင်စီရင်ချက်နဲ့ လုပ်တာပေါ့။ ကျွန်တော့်ကို အလိုရှိတာဆိုတော့…” ဟု ၎င်းက ငိုလျက်ဖြင့် Myanmar Now ကို ပြောသည်။
၂ ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ၁၆ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ထပ်မံဖမ်းဆီးနှိပ်စက်မှုများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ကြသဖြင့် ရွာတွင် မနေထိုင်ရဲတော့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဇွန် ၁၅ရက်က ကနဦးဖမ်းဆီးစဉ် ရွာသား ၅၀ခန့်ထိ ကျေးရွာစာသင်ကျောင်း၌ ထိန်းသိမ်းခံရဖူးသဖြင့် အခြားသော ကျေးရွာသားထက်ဝက်ခန့်သည်လည်း ရွာတွင် မနေထိုင်ရဲဘဲ ဘေးလွတ်ရာသို့ ပုန်းရှောင်နေရသည်ဟု ၎င်းတို့ကအတည်ပြုသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း မြင်းခြံမြို့နယ်သည် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သော နိုင်ငံအနှံ့မြို့များအနက်တစ်ခုဖြစ်သည်။
အာဏာသိမ်းပြီးစ၌ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြမှုများကို စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်၊ ဖြိုခွင်း၊ ဖမ်းဆီးသဖြင့် ရရာလက်နက်ဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုများ စတင်နေသည့် နိုင်ငံအနှံ့မြို့ရွာများထဲတွင် မြင်းခြံသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မေလအတွင်း စစ်တပ်နှင့် ပုလဲပနံသင့်သူ လေးဦး နှစ်ရက်အတွင်း အသတ်ခံခဲ့ရသလို ဇွန် ၁၈ တွင် မြင်းခြံမြို့ပေါ်၌ပင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံခဲ့ရသည်။