အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်းတွင် တကျော့ပြန် မီးရှို့နေသည့်စစ်တပ်က ကျဆုံးရဲဘော်အထိမ်းအမှတ် ကျောက်တိုင်များပါ ဖျက်ဆီး

မကွေးတိုင်းအတွင်း ယခုလ ၈ ရက်မှစတင်ကာ ရွာစဉ့်လှည့် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့ပြီး ပခုက္ကူ နယ်အတွင်း ကျဆုံး တော်လှန်ရေးရဲဘော်နှစ်ဦး၏ အထိမ်းအမှတ် ကျောက်စာတိုင်များကိုပါ ဖျက်ဆီးခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် နယ်မြေအစပ်ကို ယခုလဆန်းမှ စတင်ကာ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာစဉ်လှည့် မီးရှို့ခဲ့ပြီး ကျဆုံးရဲဘော်အထိမ်းအမှတ် ကျောက်တိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များထံက သိရသည်။

တော်လှန်ရေးအင်အားစုများအားကောင်းသည့် မြို့နယ်နှစ်ခု အစပ်မှ ကျေးရွာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) လက်အောက်ခံ တပ်မ ၈၈ နှင့် တပ်မ ၉၉ မှ စစ်သားများ၊ စစ်တပ် ခြေကုပ်ယူထားသည့် အင်မထီးကျေးရွာမှ ပြည်သူ့စစ်များအပါအဝင် အင်အား ၂၀၀ ခန့် ပါသည့် စစ်ကြောင်းတစ်ခုက ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး စစ်ကြောင်းထိုးမီးရှို့နေခြင်းဖြစ်သည်။

စစ်ကြောင်းထိုးနေသည့် အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့က ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာအနီးရှိ စစ်ရှောင်တောတိုက်များနှင့် ဘုန်းကြီးကျောင်းတစ်ခု အပါအဝင် ကျဆုံး တော်လှန်ရေးရဲဘော်နှစ်ဦး၏  အထိမ်းအမှတ်ကျောက်စာတိုင်များကို ဇန်နဝါရီလ ၂၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။

“စိတ်ဓာတ်စစ်ဆင်ရေးတွေပါမှာပေါ့။ မင်းတို့အုတ်ဂူတွေ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ်။ မင်းတို့ အရိုးပါ မချန်ဘူးဆိုတဲ့အနေအထားမျိုး ကြောက်စိတ်သွင်းတာလည်းဖြစ်ချင်ဖြစ်မှာပေါ့” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောသည်။ 

ပြီးခဲ့သည့်လပိုင်းကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ခဲ့သည့် နယ်မြေများကို စစ်တပ်က စီးနင်းထိန်းချုပ်ပြီးချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အုတ်ဂူများ၊ အထိမ်းအမှတ်ကျောက်တိုင်များ ဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့သည်။ 

အထက်ပါစစ်ကြောင်းကြောင့် မြိုင်မြို့နယ်မှ နှောပင်၊ ကျင်းစသည့်ကျေးရွာများနှင့် ပခုက္ကူမြို့နယ် ကံရပ်ကြီး၊ ပြည့်အိုင်၊ ဇောင်ချမ်းကုန်း၊ ကမ္မမြို့ပေါ်ရပ်ကွက် အပါအဝင် ၁၀ ရွာထက် မနည်း အိမ်ခြေ ရာနှင့်ချီ မီးရှို့ခံရပြီး ကောက်ပဲသီးနှံလည်း  တင်း ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း မြိုင်မြို့နယ်နှင့် ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုတို့ထံက သိရသည်။

စစ်ကြောင်းကြောင့် ဒေသခံများထွက်ပြေးရချိန် နေအိမ်များ၊ သိုလှောင်ကောက်ပဲသီးနှီးများ မီးရှို့ခံရသည့်အတွက် ရိတ်သိမ်းပြီးစ မြေပဲ၊ နှမ်းများ ပြာကျခဲ့ရပြီး သိန်းထောင်ချီ ထိခိုက်ဆုံးရှုံးမှုရှိသည်ဟု ဆိုသည်။ 

“ ပဲဖော်ပြီးစဆိုတော့ မရောင်းရသေးဘူး။ အဲ့ဒီလိုတောင်သူအိမ်တွေတင် ၅၀ လောက်ပါတယ်။ တစ်ရွာလုံး မှာရှိတဲ့ တောင်သူတွေမှန်သမျှ အကုန်ရွေးရှို့သွားတဲ့သဘောပေါ့။ မြေပဲတွေပါတယ်။ နှမ်းတွေပါတယ်။ မြေပဲတစ်တင်းဆိုရင် တစ်သိန်းခြောက်သောင်းလောက်ရှိတယ်။ တင်းထောင်ချီပါတဲ့ တောင်သူတွေ ရှိတယ်။ နှမ်းတစ်တင်းဆိုရင် နှစ်သိန်းခွဲပေါက်နေတာ၊ တင်း ရာချီ မီးရှို့ခံရတဲ့သူတွေ ရှိတယ်”ဟု အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူ ဆရာထွေးကပြောသည်။

ယခုလအတွင်း စစ်တပ်ကြောင့် မီးလောင်ထားသော မကွေးတိုင်း ကျေးရွာတစ်ခု။ ဓာတ်ပုံ- အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း မြိုင်မြို့နယ် )

“ တစ်လပိုင်း ၈ ရက်နေ့က ရှို့ခံရတဲ့ ကျင်း ဆိုရင် ပဲခွဲစက်၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံတွေပါတယ်။ သီးနှံ ပမာဏ တွက်ရင်ကို သိန်းထောင်ဂဏန်း ကြီးကြီးလောက်ပါလိမ့်မယ်။ အညာဘက်က တောင်သူတစ်ယောက်လုပ်တယ် မြေပဲတင်းချိန် တစ်ထောင်လောက်ရတဲ့သူဆိုရင် အတောင် ၆၀ လောက်ရှိတဲ့ ဝိုင်းထဲမှာ အဆောက်အအုံ အပြည့်ရှိတယ်။ နွားတင်းကုပ်ရှိတယ်။ သီးနှံလှောင်တဲဲ့ တောင်းတစ်ခုရှိရမယ်။ နေအိမ် တစ်ခုရှိရမယ်။ ဒါတွေအကုန်ရှို့သွားတာ။ အဲ့ဒီတန်‌ကြေးတွေမပါဘဲနဲ့ မီးလောင်ပျက်စီးတဲ့ သီးနှံပမာဏ တွက်ရင်ကို သိန်းထောင်ဂဏန်း ကြီးကြီးလောက်ဆုံးရှုံးလိမ့်မယ်”ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးအစပိုင်းတွင် စစ်တပ်က ရွာစဉ်လှည့်စစ်ကြောင်းထိုးမြေလှန် မီးရှို့မှုများ ခပ်စိပ်စိပ် လုပ်ခဲ့ပြီးနောက်ပိုင်းတွင် မီးရှို့မှုအနည်းငယ်လျော့ပါးသွားသော်လည်း ယခုတဖန်မီးရှို့မှုများ တကျော့ပြန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။

“အခုတစ်ခေါက်က တစ်ကြိမ်တည်းနဲ့စံချိန်တင်လောင်ကျွမ်းမှုလို့ ပြောလို့ရတယ်။ ကံရပ်ကြီးတို့ဆိုတာ စိုက်ပျိုးရေးလုပ်တဲ့နေရာဆိုတော့ ဆုံးရှုံးမှုတော်တော်များတယ်။ ပဲပေါ်တဲ့အချိန်ဆိုတော့ မြေပဲတွေ တော်တော်ပါသွားတာ” ဟု မြိုင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းသည် ဇန်နဝါရီလပထမပတ်တွင် မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပခုက္ကူမြို့နယ် ကမ္မမြို့ကို ဝင်ရောက်ကာ အနီးဝန်းကျင်ရွာများကို မီးရှို့ခဲ့သည်။ ထို့နောက် တတိယပတ်တွင် ကမ္မမြို့မှ ပြန်ထွက်လာပြီး မြိုင်မြို့နယ်ရှိ စစ်တပ်နှင့်ပျူစောထီးများ အခြေစိုက်ရာ တွင်းမရွာမှတဆင့် အနီးဝန်းကျင်ရွာများကို ဆက်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

အင်အား ၂၀၀ ခန့်ပါသည့် ထိုစစ်ကြောင်းသည် ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) နံနက်တွင် တွင်းမရွာမှ တဆင့် မြောက်ဘက်ကို ထပ်မံစစ်ကြောင်းထွက်နေပြီး သာစည်၊ နှမ်းဆီကန်၊ တွင်းမ၊ သစ်ပုလွေကုန်း၊ သံဖို စသည့်ရွာများမှ ဒေသခံများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့်အခြေအနေများကို စာရင်းပြုစုမှတ်တမ်းတင်နေသောအရပ်ဘက်အ ဖွဲ့ဖြစ်သည့် Data for Myanmar အဖွဲ့က ယမန်နှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ လက်ချက်ကြောင့် နေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော် (၁၁၃,၀၅၄) မီးရှို့ဖျက်ဆီးခံရသည့်အနက် မကွေးတိုင်းသည် ဒုတိယအများဆုံး ဖြစ်ပြီးအိမ်ခြေ  ၁၆,၀၀၀ ကျော်ပါဝင်သည်။ 

Related Articles

Back to top button