သတင်း

မီးဘေးသင့် ကင်းမရွာသားများ စစ်ကောင်စီရန်ကြောင့် အိမ်မပြန်ရဲ

စစ်ကောင်စီလက်ချက်ကြောင့် ရွာလုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကင်းမရွာသားအများစု ရွာမပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ 

“ဒီနေ့ ရွာထဲကို ရောက်သေးတယ်။ မီးထဲမပါတဲ့ အိမ်တွေမှာတော့ တစ်အိမ်တစ်ယောက်စောင့်နေတယ်။ စပါးပုံတွေရော၊ ကြက်သွန်ပုံတွေရော မီးလောင်သွားတာဆိုတော့ အခုထိ မီးမငြိမ်းသေးဘူး။ ရွာသားတွေကတော့ ကြောက်တဲ့စိတ်တွေများတာပေါ့။ တောထဲမှာပဲ ရှောင်နေကြတယ်”ဟု ကင်းမရွာခံတစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့ (ဇွန်၁၇)နံနက်ပိုင်းတွင် ကင်းမရွာသားအချို့က ရွာပြန်၍ အပျက်အစီးများကို ရှင်းလင်းရန် စီစဉ်ခဲ့ကြသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များ ထပ်မံရောက်ရှိလာမည်ဟု ကြားရသဖြင့် ပြန်လည်တိမ်းရှောင်ခဲ့ရပြန်သည်ဟု ဆိုသည်။

“စစ်သားလာတယ်လို့ သတင်းရတာ။ အခုထိတော့ ရောက်မလာသေးပါဘူး” ဟု ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ 

ပေါက်မြို့နယ်တောင်ဘက် မိုင် ၂၀ အကွာရှိ ကင်းမရွာကို စစ်ကောင်စီက ဇွန် ၁၅ တွင် မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုနှစ်ဦးလည်း အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများက အတည်ပြုထားသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိသည့် ကင်းမရွာ၌ အိမ်ခြေ ၂၄၀ ကျော်ရှိပြီး အိမ်အလုံး ၃၀ သာ မီးမလောင်ဘဲ ကျန်ခဲ့သည်ဟု ကင်းမရွာသားများက ပြောသည်။

မီးလောင်မှုဖြစ်စဉ်အတွင်း အိမ်မွေးတိရစ္ဆာန်များအပါအဝင် စိုက်ပျိုးသီးနှံများပါ ပျက်စီးသွားသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ရန် အခက်အခဲဖြစ်နေသည်ဟု ပေါက်ဒေသခံ ကိုဘီတူးက ပြောသည်။ 

“တစ်နှစ်လုပ်တဲ့ ဆန်စပါးတွေက အိမ်တွေမှာပဲ လှောင်ထားတဲ့အနေအထားမှာ အကုန်ပါသွားတာ။ မျိုးစပါးတောင် မကျန်ခဲ့တော့ဘူး”ဟု ကိုဘီတူးက ပြောသည်။  

ယင်းအပြင် ၎င်းတို့ရွာ၏ ဖြစ်စဉ်ကို ကိုယ့်အိမ်ကိုယ်မီးရှို့ထွက်ပြေးသယောင် ဖော်ပြထားသည့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်မှာ အလိမ်အညာသာဖြစ်သည်ဟုလည်း ကင်းမရွာသားများက ပြောသည်။

“သူတို့က ဘယ်တုန်းကမှလည်း အမှန်အတိုင်းမထုတ်ပြန်ခဲ့ပါဘူး”ဟု ကိုဘီတူးက ပြောသည်။

ယနေ့ (ဇွန် ၁၇) ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌ ကင်းမကျေးရွာတွင် အိမ်ခြေ ၂၂၅ လုံး ရှိသည့်အနက် အိမ်ခြေ ၁၀၀ လုံးခန့်သာ မီးလောင်ခဲ့သည်ဟု ဖော်ပြထားသည်။

ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သူတို့က ပစ်ခတ်တိုက်ခိုက်ပြီး ကင်းမရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့များကို ချုံခိုတိုက်ခိုက်ခဲ့သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထိုမီးရှို့မှုမှာ ချုံခိုတိုက်ခိုက်ခံရခြင်းကို မကျေနပ်သည့် စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်သည်ဟု ဆိုသည်။

“(တိုက်ပွဲဖြစ်တော့) ကျွန်တော်တို့တပ်ဖွဲ့တွေက ရွာနားမကပ်တော့ဘူး။ သူတို့က ရွာထဲဝင်ပြီးပစ်တာ။ ပြည်သူတွေလည်း သိနေတာပဲ။ သူတို့က သူတို့အကောင်းပဲပြောမှာ။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ ဘယ်လုပ်မှာတုန်း၊ ပြည်သူလုံခြုံဖို့ပဲ လုပ်တာ”ဟု ၎င်းက ဆိုသည်။

တိရစ္ဆာန်အချို့ကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဝိုင်းဖွဲ့စားသောက်နေချိန်တွင် ကင်းမရွာမှာ မီးလောင်လျက်သားပင်ရှိနေသေးပြီး ည ၁၀နာရီဝန်းကျင်မှ ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမနှင့် ကင်းဆုပ်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ယခင်ကလည်း ဝင်ရောက်စီးနင်းခဲ့သေးသည်။

မေလအတွင်း ကင်းဆုပ်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ စာရေးနှင့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး အသတ်ခံရသည့်ဖြစ်စဉ်၊ ကင်းမရွာအနီး ကြည့်ငိုတောင်ကြားတွင် ၎င်း၏တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များပေါ်ပေါက်ပြီးနောက်တွင် အဆိုပါဒေသအတွင်း စစ်ကောင်စီက ပိုမိုဖိနှိပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုထားသည်။

Show More

Related Articles

Back to top button