သတင်း

ဘုရားသုံးဆူတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဒေသခံများက စစ်တပ်သတင်းပေးအဖြစ် ယူဆထားသည် အမျိုးသားတစ်ဦး ယနေ့ (ဇွန် ၁၆) မွန်းလွဲပိုင်းတွင် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။ 

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးမောင်ကျော်ဆိုသူဖြစ်ပြီး ၎င်းသည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် နီးစပ်သူတစ်ဦးဖြစ်ကာ ဆန္ဒပြပွဲများဖြိုခွင်းရာတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

“ဆန္ဒပြတုန်းက ဆိုင်ကယ်သပိတ်ကို အနောက်ကနေ ကားနဲ့ လိုက်တိုက်တာ သူလို့ပြောကြတယ်။ 

အဒီနေ့က ဆိုင်ကယ်ရော လူရော ဖမ်းခံထိတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

ဧပြီ ၂၄ ရက်က ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်ဖြင့် ချီတက်ဆန္ဒပြစဉ် စစ်ကောင်စီတပ်က အိမ်စီးကားဖြင့် လိုက်တိုက်ရာ လူလေးဦးအဖမ်းခံရပြီး အမျိုးသမီးတစ်ဦး ကားတိုက်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း ကရင်သတင်းဌာန(KIC) သတင်းဖော်ပြချက်အရ သိရသည်။

“(ပစ်သတ်ခံရတာ) အိမ်မှာမဟုတ်ဘူး။ ကြက်ဝိုင်းအနီး လောင်းကစားတဲ့နေရာမှာတဲ့။ နေရာကတော့ ရပ်ကွက် (၃) လား ရပ်ကွက် (၄) လား မပြောတတ်ဘူး တိုင်းရင်းသားအစုလို့လည်း ခေါ်ကြတယ်” ဟု ၎င်းက ပြောသည်။ 

ဇွန်လ ၂ ရက် နံနက်ပိုင်းကလည်း ဦးမောင်ကျော်၏ နေအိမ်အနီး ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုဖြစ်သည်နှင့်တစ်ပြိုင်နက် BGF တပ်စခန်းမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ သူးလေသတင်းစဉ်က ထုတ်ပြန်သည်။

ဇွန်လ ၈ ရက်တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာနေ မွန်ညီညွတ်ရေးပါတီ MUP ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်သတ်ခဲ့သည်။

ထို့အပြင် မေလ ၁၉ ရက်ကလည်း ဒုတပ်ရင်းမှူးအဆင့်ဖြင့် စစ်တပ်မှ အနားယူထားသည့် ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဇင်မင်း ပစ်သတ်ခံခဲ့ရသည်။

Show More

Related Articles

Back to top button