တော်လှန်ရေးတပ်များက မန္တလေးမြို့ကို ဘက်ပေါင်းစုံမှ ဗျူဟာမြောက် ထိုးဖောက်ရန် ရည်ရွယ်ထားသည့် မန္တလေး- သပိတ်ကျင်း- မိုးကုတ် လမ်းမကြီးကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်နေကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
နိုင်ငံအလယ်ပိုင်းစီးပွားရေးမြို့တော် မန္တလေးမြို့နှင့် ရှမ်းမြောက်ဝင်ပေါက် မိုးကုတ်မြို့၊ မိုးကုတ်မြို့မှ သပိတ်ကျင်း ဖိုခနောင့်ဆိုင် ထိစပ်နေသောနေရာများရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များအပါအဝင် မန္တလေး- မိုးကုတ်လမ်းမကြီးတစ်လျှောက် မြို့များ၊ ကျေးရွာများကို စစ်တပ်က ယခုနှစ်ဆန်းတွင် အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
“အကုန်ဆုတ်ပေးလိုက်ပြီ။ အဲဒီလမ်းတကြောမြို့တွေ၊ ရွာတွေနဲ့လမ်းပိုင်းကိုရော စကမက စိုးမိုးသွားပြီ ”ဟု စဉ့်ကူးမြို့ခံစစ်ရေးရင်းမြစ်တစ်ဦးက ဇန်နဝါရီလဆန်းက Myanmar Now ကို ပြောထားသည်။
စစ်တပ်က သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ညောင်ပင်သာ၊ ပိုးဇာနွယ်၊ ကျောက်လှည်းဘီးကျေးရွာ၊ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာတစ်ဝိုက်တို့အား ပြန်လည် သိမ်းပိုက်ရရှိခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် မန္တလေးမြို့မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ အရှေ့နှင့် အရှေ့မြောက်ဘက်ပုသိမ်ကြီး၊ မိုးကုတ်တို့ကို စစ်တပ်က ထိန်းချုပ်လိုက်သဖြင့် တော်လှန်ရေးတပ်များအနေဖြင့် ပတ်ချာလည်မှ ထိုးဖောက်ရန် အခွင့်အလမ်းနည်းပါးသွားသည်။
စစ်ကော်မရှင်တပ်က မန္တလေး-မိုးကုတ်လမ်းပိုင်းကို အများပြည်သူဖြတ်သန်းသွားလာခွင့်ရရှိရန် မကြာခင် ဖွင့်ပေးမည်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ ထိုလမ်းပိုင်း အသုံးပြုခွင့်မရသေးဘဲ မိုးကုတ်- ကျောက်မဲ – ပြင်ဦးလွင်လမ်းပိုင်းကိုသာ အသုံးပြုနေရသေးကြောင်း ဒေသခံများက ဆိုသည်။
“လမ်းပိုင်းက သွားလို့လာလို့ မရသေးဘူး။ တိုက်ပွဲတွေရှိနေလို့မဟုတ်ဘူး။ အဲဒီလမ်းတကြော ဘာတိုက်ပွဲမှ မရှိတော့ဘူး။ သူတို့(စစ်တပ်) နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတယ်”ဟု စဉ့်ကူးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ မန္တလေးမြို့တွင် စစ်ရှောင်ခိုလှုံနေသော စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းဒေသခံများ ပြန်လာချင်ပါက စစ်တပ်၏ ထောက်ခံစာပါမှ ကူးသန်းခွင့်ရကြောင်း၊ သို့သော် မတ္တရာလမ်းမကြီးကို အသုံးပြုခွင့် မရဘဲ၊ ကွင်းလမ်းများမှတဆင့် ဖြတ်သန်းခွင့်ပြုကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။
“စဉ့်ကူး၊ သပိတ်ကျင်းကလူတွေဆိုရင်လည်း ဝင်ခွင့်ကို လက်ပံလှ (ရွာ) မှာယူပြီး ဝင်ခွင့်ပေးနေတယ်။ ကားသမားတွေကတော့ မန္တလေးကနေ ထောက်ခံစာ ယူရတာ။ ဒါပေမဲ့ မတ္တရာလမ်းမကြီးကနေ လာလို့မရဘူး။ မတ္တရာလမ်းကိုတောင် အသုံးပြုခွင့်မပေးဘူး”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်သည် မန္တလေး- မိုးကုတ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မန္တလေးမြို့မှ မြောက်ဘက် မတ္တရာသို့ စတင် ထိုးစစ်ဆင်ခဲ့သလို၊ ၂၀၂၄ ခုနှစ် နှစ်ဝက်ကတည်းက သပိတ်ကျင်းမြို့နယ်လက်ကျန်စခန်းများမှတဆင့် တစ်မြို့နယ်လုံး ထိုးစစ်ဆင်ရယူခဲ့ပြီးနောက် စဉ့်ကူးကိုပါ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က လူသူအင်အား၊ လက်နက်ကြီး၊ လေကြောင်းတို့အပြင် အဆင့်မြင့်ဒရုန်းများကို အဆမတန် သုံးစွဲကာ ထိုးစစ်ဆင်သဖြင့် တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရကြောင်း ထိုဒေသ အခြေစိုက် တော်လှန်ရေးစစ်ရေးရင်းမြစ်များက Myanmar Now ကို ယခင်လက ပြောထားသည်။
စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်း ကူးလူးသွားလာရေး အရေးပါသည့် မန္တလေး- မိုးကုတ် လမ်းပိုင်းကို စစ်တပ်အား ပြန်ပေးလိုက်ရသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအတွက် ဆုံးရှုံးမှုကြီးမားကြောင်း မတ္တရာမှစစ်ရေးရင်းမြစ်တစ်ဦးကလည်း ပြောသည်။
“ဆုံးရှုံးမှုတအားကြီးတယ်။ မန္တလေးတိုင်းအထက် နေရာဖယ်ပေးရသလိုဖြစ်တော့ စစ်တပ်အနေနဲ့ စစ်ကိုင်း- မကွေးဘက် ပိုအားထည့်လို့ရသွားတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့အား ပတ်ချာလည်မှ ထိုးစစ်ဆင်ကာ သိမ်းပိုက်ရမည့် ဗျုဟာကို စွန့်လွှတ်လိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။
“ အစက မန္တလေးကို အနောက်၊ တောင်၊ မြောက် ဝိုင်းပတ်မယ့် ဗျူဟာလေ။ အခုကြတော့ အရှေ့နဲ့မြောက် ဖွင့်ပေးလိုက်ရသလိုဖြစ်သွားပြီ။ (PDF) ရင်းတွေနဲ့ ပကဖနဲ့ မညီညွတ်၊ မစုစည်းမိတာ အဓိကပါပဲ။ သင်ခန်းစာယူပြီး ဆက်သွားကြရမှာပေါ့”
မိုးကုတ်မြို့မှ နယ်မြေခံစစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးကလည်း စစ်ကော်မရှင်အတွက် လမ်းကြောင်းများ ပွင့်သွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ အခက်အခဲများကြုံနေရကြောင်း ပြောပြသည်။
“စစ်ကော်မရှင်အတွက် လမ်းကြောင်းတွေ ပွင့်သွားတာဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ အလုပ် လုပ်ရတာ ခက်ခဲတာတွေတော့ ကြုံနေရပါတယ်။ မြို့တွေ ပြန်သိမ်းနိုင်ဖို့အတွက် ပိုပြီးအားစိုက်ထုတ် ရမယ့် အခြေအနေလည်း မြင်ရပါတယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကော်မရှင်တပ်သည် စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ် ဧရာဝတီမြစ်ကမ်းဘေး ကျွန်းပေါ်ရွာများကို စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင်လည်း စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်မှ ချောင်းကြီးကျေးရွာအနီး ပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) တပ်ဖွဲ့ဝင်များစခန်းချခဲ့ရာ မြေအောက် လှိုဏ်ဂူများ၊ ဘန်ကာအဆောက်အအုံများကို မိုင်းဖောက်ခွဲခြင်း၊ ဘူဒိုဇာများဖြင့် ထိုးကော်ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း များပြုလုပ်နေသည်ကို စစ်တပ်ဝါဒဖြန့်စာမျက်နှာများတွင် တွေ့မြင်ရသည်။
နိုင်ငံအလယ်ပိုင်းစီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် မိုင်၂၀ အကွာ မတ္တရာမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ထိုစဉ်က တောင်သမန်စစ်ဆင်ရေးအဖြစ် စတင်ခဲ့ပြီး မန္တလေးမြို့ကို ထိုးဖောက်ရန်ဖြစ်သည်ဟု MDY-PDF က ထိုစဉ်က Myanmar Now ကို ပြောထားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဇွန်လ၂၅ ရက်နေ့တွင် ရှမ်း- မန်းစစ်ဆင်ရေးအဖြစ် စတင်ခဲ့ပြီး MDY- PDF၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များသည် နောင်ချို ၊ မိုးကုတ် ၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် မြို့များ၊ ကျေးရွာများနှင့် စစ်တပ်စခန်း အများအပြားကို သိမ်းယူနိုင်ခဲ့သည်။

အရှိန်အဟုန်ပြင်းသည့် ထိုစစ်ဆင်ရေးအတွင်း နိုင်ငံအလယ်ပိုင်း စစ်တပ်အုပ်စိုးသော စီးပွားရေးမြို့တော် မန္တလေးမြို့နှင့် စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့တို့ကိုပင် မိုင်၂၀ နီးပါးအကွာမှ ခြိမ်းခြောက် ထားနိုင်သည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ရာ ထိုအချိန်က မန္တလေးနှင့်ပြင်ဦးလွင်မြို့တို့မှ ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်ကြရန် အခြေအနေပင်ဖြစ်ပေါ်ခဲ့သည်။
တော်လှန်ရေးတပ်များက မန္တလေးနှင့် မိုင်၂၀ နီးပါးအကွာ မတ္တရာမြို့နယ်အတွင်းမှ စစ်စခန်းပေါင်း ၃၀ ကျော်၊ မန္တလေးမြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာအဝေးသာရှိသည့် ပုသိမ်ကြီးမြို့နယ်မှ ဖယောင်းတောင်ရွှေတွင်း၊ ရွှေတွင်းများကြောင့်နာမည်ကျော်ကြားသည့် သပိတ်ကျင်းမြို့နယ်မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၊ ထို့အပြင် စဉ့်ကူး၊ မိုးကုတ်နှင့် နောင်ချိုမြို့တို့ကိုမူ မြို့လုံးကျွတ် သိမ်းပိုက်နိုင်ခဲ့သည်။
ရှမ်းမြောက်တွင်လည်း ညီနောင်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးကြောင့် မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့တို့မှ လွဲ၍ ရှမ်းမြောက်တစ်ခုလုံး သိမ်းနိုင်ခဲ့သဖြင့် တော်လှန်ရေးတပ်များက ရှမ်းမြောက်နှင့်ထိစပ်နေသော ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊ မန္တလေးအထက် စစ်ကိုင်းတိုင်း ကသုံးလုံးနယ်မြေ (ကသာ၊ ကောလင်း၊ ကန့်ဘလူ) များအပါအဝင် မြစ်အရှေ့ခြမ်းတစ်ခုလုံး နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းကာ မန္တလေးအပါအဝင် မြို့ကြီးများကို ခြိမ်းခြောက် နိုင်ခဲ့သည်။
မန္တလေးမြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ရန်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ရည်မှန်း ချက်ဖြစ်ပြီး ‘ပြည်တော်ဝင်’ မည်ဟု ၂၀၂၄ ခုနှစ် ဩဂုတ်လအစောပိုင်းက ကြွေးကြော်ထားခဲ့သည်။
တပြိုင်နက်မှာပင် နိုင်ငံအနောက်ခြမ်း ရခိုင်နှင့် ချင်းဒေသ၊ မြောက်ဘက် ကချင်ပြည်နယ်တို့တွင် မြို့သိမ်း စစ်ဆင်ရေးများ ပေါ်ပေါက်ခဲ့ပြီး လက်ရှိအချိန်အထိ ကချင်တပ် (KIA)၊ အာရက္ခတပ်တော် AA နှင့် ချင်းဒေသ တပ်များက ဆက်လက်နယ်မြေစိုးထားဆဲဖြစ်သည်။
ထိုစစ်ဆင်ရေးများအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိကြီးများအပါအဝင် ထိခိုက်သေဆုံးမှုအများအပြား ရှိခဲ့ပြီး ၊ လက်နက်ချသူများ၊ စစ်သုံ့ပန်းများ ထောင်ချီရှိခဲ့သည်။
သို့သော် တစ်နှစ်အကြာတွင် ထိုအောင်မြင်မှုများကို မန္တလေးတိုင်း အခြေစိုက် NUG တပ်များက စွန့်လွှတ် ခဲ့ရသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ မြို့သုံးမြို့ကို စွန့်လွှတ်လိုက်ရသလို ရှမ်းမြောက်- မန္တလေး ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းပေါ်မှ မြို့ ငါးမြို့ကို တရုတ်ဖိအားဖြင့် TNLA က လက်လွှတ်လိုက်ရသည်။
စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့နှင့်မိုင်၂၀ အကွာက နောင်ချိုမြို့အား ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ ထို့အတူ မန္တလေးမြို့နှင့်မိုင် ၆၀ ကျော်အကွာ ရွှေတွင်းများကြောင့် နာမည်ကျော်ကြားသည့် သပိတ်ကျင်းမြို့အား တစ်လအကြာ ဩဂုတ်လတွင် ထပ်မံသိမ်းပိုက်ခဲ့ပြီး ထိုမှတဆင့် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်အထိ ခြေချကာ လမ်းပိုင်းကို ထိုးစစ်ဆင်ခဲ့သည်။
စစ်ကော်မရှင်က ပြန်လည်တိုက်ခိုက်ရယူသွားခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုကို တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး(MDY-PDF)က ဇန်နဝါရီလ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
အဆိုပါစစ်ရေးအခြေအနေများကို အသေးစိတ်မေးမြန်းရန် MDY- PDF သတင်းပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်ကို Myanmar Now က ဆက်သွယ်ထားဆဲဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပထားသည့် စစ်ကော်မရှင်တပ်သည် မတ္တရာမြို့နယ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲ အပိုင်း (၂) တွင် ထည့်သွင်း ကျင်းပခဲ့သည်။ မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်စု ၈၈ အုပ်စုရှိပြီး ကျေးရွာပေါင်း ၂၉၀ ရှိသည့်အနက်မှ ကျေးရွာအုပ်စု ၆၃ စုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပေ။
စဉ့်ကူးမြို့နယ်တွင်မူ ရွေးကောက်ပွဲ လုံးဝ မလုပ်နိုင်ဘဲ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင်မူ သပိတ်ကျင်းမြို့နယ်ကို ထည့်သွင်းကျင်းပနိုင်ရန် စစ်ကော်မရှင်က ကြိုးပမ်းနေသည်။
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့ကို စစ်တပ်က ပြန်ရသွားပြီးနောက် သောင်းနှင့်ချီသည့် ဒေသခံများသည် မြစ်ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းဘက်သို့ တိမ်းရှောင်လာရချိန်တွင် သွားလာရေး အရ အရေးပါသည့် လှေဆိပ်၊ ခရိုင်ချင်းဆက်လမ်းကဲ့သို့ လမ်းကြောင်းများနှင့် စစ်ရှောင်များခိုလှုံသည့် နေရာများကိုပါ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်။
မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ဖွဲ့များက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ယမန်နေ့ နေ့လယ်က ဝက်လက် မြို့နယ်အရှေ့ပိုင်း ရေလည်မော်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးဦး သေဆုံးခဲ့သေးသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုန်းကြီးရွာရှိ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှ စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကိုလည်း ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သားအဖ သုံးဦးသေဆုံးပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့သည်။
ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းဒေသတို့တွင် တိုက်ပွဲများကို ကြောက်ရွံ့သည့်အတွက် တိုက်ပွဲများနှင့် ဝေးရာသို့ မြစ်ဖြတ်ကူး၍ ပြေးလွှားတိမ်းရှောင်နေရသည့် သောင်းနှင့်ချီသော စစ်ဘေးဒုက္ခသည်များသည် လေကြောင်းအန္တရာယ် စိုးရိမ်ထိတ်လန့်ကာ တောများတောင်များတွင် အမိုးအကာနည်းစွာဖြင့် နေထိုင်နေရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ယခုလဆန်းအထိ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး သံဃာများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ၃၀ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်က မန္တလေးတိုင်း စဉ့်ကူးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကိုင်များက ဧရာဝတီမြစ် အနောက်ဘက် ဆုတ်ခွာ ထွက်ပြေးကြောင်း မြေပြင်၊ ဝေဟင် လိုက်လံချေမှုန်းလျက်ရှိကြောင်း မြစ်အနောက်ကမ်း စစ်ကိုင်းတိုင်းအတွင်း ကားများနှင့် မြစ်ဆိပ်များကို ပစ်ခတ်ဗုံးကြဲထားသည့် ဓာတ်ပုံများကိုပါ ဖော်ပြထားသည်။




