စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ရာမှ ရွာထဲသို့ ခေတ္တပြန်ဝင်လာသည့် ဒေသခံ သုံးဦး ယမန်နေ့က လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ဒေသအခြေစိုက်အရပ်ဘက်အဖွဲ့ တစ်ခုထံက သိရသည်။
မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ဖွဲ့များက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ယမန်နေ့ နေ့လယ်က ဝက်လက် မြို့နယ်အရှေ့ပိုင်း ရေလည်မော်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဝက်လက်ဒေသတွင် စစ်ကြောင်းများ ဝင်နေသဖြင့် တိမ်းရှောင်နေကြရာမှ ရွာသို့ ခေတ္တပြန်လာကြသော ရေလည်မော်ရွာခံ အသက် ၄၀ အရွယ်များ ဖြစ်သော ဦးဝင်းကျော်၊ ဒေါ်ခင်ယုနှင့် အသက် ၃၀ ကျော်အရွယ် ဒေါ်အေးချောတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရေးနှင့်လေကြောင်းသတင်းများကို ဖော်ပြနေသည့် Wetlet Informational Network ထံက သိရသည်။
“ ဧရာဝတီမြစ်ကမ်းဘေးဆိုတော့ ရွာရဲ့အရှေ့မျက်နှာစာနားကို ကပ်ကျတယ်။ ရွာနဲ့သိပ်မဝေးဘူး။ ထိခိုက် ဒဏ်ရာရတဲ့သူမရှိဘူး။ လက်ရှိအဲ့ဒီ သုံးဦးပဲ။ သူတို့က စစ်ဘေးရှောင်နေရာကနေ ခဏပြန်ဝင်လာတာ”ဟု Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ တစ်နှစ်ကျော်ကြာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခဲ့သည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းစသည့်မြို့နယ်တို့ကို စစ်တပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တန်ပြန်ထိုးစစ် လုပ်ခဲ့ရာ လက်ရှိတွင် မန္တလေးတိုင်းအတွင်း တကောင်းမြို့မှအပ ကျန်နေရာအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် စဉ့်ကူးမြို့နယ်အနောက်တောင်ခြမ်း၊ ကျွန်းကြီးနှင့် ကြက်တူရွေးရွာတွင် ရောက်နေသည့် စစ်တပ်က မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် မြစ်တစ်ဖက်ကမ်း ဝက်လက်နယ်အတွင်း ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဇရပ်ဖြူချောင်းရွာဘက်မှ လက်နက်ကြီး (၁၂၀ မမ) များဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းတွင် နယ်မြေစိုးမိုးမှုပြန်ရလာသည့် စစ်တပ်သည် မြစ်အနောက်ဘက် စစ်ကိုင်းတိုင်းအတွင်း ဝက်လက်၊ ရွှေဘို၊ ခင်ဦးမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်နေသည့်အပြင် ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ရိုးတကြောကိုလည်း မြေပြင် စစ်ကြောင်းနှစ်ခုထိုးနေသည်။
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အခြေစိုက် အမှတ် (၁၂) ခြေမြန်တပ်ရင်းမှတဆင့် ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်း တကြောကို စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတစ်ခုသည် ၎င်းတို့ အခြေချနေသည့် ထုံးဘို ကျေးရွာမှတဆင့် ယနေ့နံနက်တွင် ရေကမိုးရွာဘက်သို့ ထွက်လာနေသလို စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ဘက်မှတဆင့် ဝက်လက်နယ်ထဲသို့ ဝင်လာခဲ့သည့် စစ်ကြောင်းသည် လက်ရှိ ရှိန်းမကားတွင် ဆက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ယခုလဆန်းအထိ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး သံဃာများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ၃၀ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုလဆန်းပိုင်းကလည်း ဝက်လက်မြို့နယ် တောင်ပိုင်း ပေါက်ကန်ဘူတာရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ်ကလေးငယ်တစ်ဦး၊ CDM ဆရာမ တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။
စစ်တပ်က ယမန်နှစ်ကစပြီး တန်ပြန်ထိုးစစ်များတွင် တိုးတက်လာသည့် ဒရုန်းနည်းပညာနှင့်အတူ မြေပြင်၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူတပ်များကြား ဟန်ချက်ညီတန်ပြန်စစ်ဆင်ရေးများ လုပ်ဆောင်လာခဲ့ကြောင်း မြန်မာ့ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အင်စတီကျု(MDSI)က ဇန်နဝါရီလ အတွင်းထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ်တွင် စစ်တပ်၏ မဟာဗျူဟာပြုပြင်ပြောင်းလဲမှုများ အစီရင်ခံစာတွင် ဖော်ပြထားသည်။ CDM စစ်သားများဖွဲ့ထားသည့်ထိုအဖွဲ့သည် စစ်ဘက်နှင့်လုံခြုံရေး ဆိုင်ရာအခြေအနေများ စောင့်ကြည့်လေ့လာကာ အခါအားလျော်စွာ အစီရင်ခံစာများ ထုတ်ပြန်နေသည်။
တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းမှ ကနီမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
ကျွန်းလှမြို့နယ်တွင် သဖန်းဆိပ်ဆည်ဧရိယာဝန်းကျင်ကို ဇန်နဝါရီလ ၁၄ ရက်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ရာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ယမန်နေ့ နေ့လယ်ကလည်း ကနီမြို့နယ်၊ ရှမ်းမြောင်းရွာ ၊ အောင်စင်္ကြာစေတီကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းကို ဂျိုင်ရိုကော်ပတာများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းနေ ရဟန်းတစ်ပါးနှင့် တောရဆောက်တည်နေသည့် ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီကစ၍ လေကြောင်းတိုက်ခိုက်မှုပိုမြင့်တက်လာပြီး ကျေးရွာများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံစသည့် အရပ်ဘက်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း မြန်မာ့ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု (MDSI) က ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု ၂၆၂ ကြိမ်ပြုလုပ်ခဲ့ရာ ၁၉၈ ဦး သေဆုံးပြီး ၃၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအချက်အလက်အရ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ရက်လျှင် လူခြောက်ဦးခန့် သေဆုံးနေသည်။




