စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ပေါက်ကန်ဘူတာရွာကို ယနေ့ (ဇန်နဝါရီလ ၆ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦး၊ CDM ဆရာမကြီး တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့သည်။
ဝက်လက်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပေါက်ကန်ဘူတာရွာကို တိုက်လေယာဉ်တစ်စီးက နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသက် နှစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၇၀ အရွယ် ဒေါ်မြနှင့် အသက် ၆၀ အရွယ် ဒေါ်တင်တင်ဌေး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရေးနှင့် လေကြောင်းသတင်းအချက်အလက်များကို ဖော်ပြနေသည့် Wetlet Informational Networkနှင့် စစ်ရေးရင်းမြစ်များထံက သိရသည်။
သုံးဦး နေရာမှာပင် သေဆုံးခဲ့ပြီး ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးသည် ဆေးကုသမှုခံယူရန်သွားသည့် လမ်းခုလတ်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပေါက်ကန်ဘူတာရွာအနီး မြေပြင်တိုက်ပွဲမရှိသလို စစ်တပ်ဘက်က စစ်ကြောင်းထိုးနေခြင်းလည်းမရှိဘဲ ကျေးရွာအနီး ဘောလုံးကွင်းဝန်းကျင်ကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံများက ဆိုကြသည်။
ယနေ့နံနက်က ပေါက်ကန်ဘူတာရွာအပြင် သောက်ကန်ကျေးရွာကိုပါ လေကြောင်းဗုံးကြဲခဲ့သည်ဟု မြို့နယ် ပကဖ ဆက်သွယ်ရေးတာဝန်ခံက အတည်ပြုသည်။
“မြို့နယ်ထဲမှာ စစ်ကြောင်းထိုးမှုတွေရှိနေပေမယ့် အခုဗုံးကြဲခံရတဲ့ နေရာတွေမှာတော့ မဟုတ်ဘူး။ အခုက ဘာမှ မရှိတဲ့နေရာတွေကြဲခံရတာ”ဟု ဆိုသည်။
“တိုက်ပွဲဘာညာဘာမှမရှိဘူး။ အပြစ်မဲ့ပြည်သူအရပ်သားနေအိမ်တွေ ကြဲသွားတာ။ ဗုံးက ရွာထဲပဲ ကျတာ။ အဲ့ဒီထဲက ဒေါ်တင်တင်ဌေးက CDM ဆရာမကြီးတစ်ဦးပါ” ဟု အထက်ပါ ဝက်လက်မြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့် မြို့များကိုစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့်လာချိန် တပြိုင်တည်းတွင် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းရှိ ဝက်လက်မြို့နယ်ကိုလည်း လေကြောင်းမှ ဖိအားပေးတိုက်ခိုက်မှုများ ဆက်တိုက် လုပ်လာသည်။
ဒီဇင်ဘာလအတွင်း ဝက်လက်မြို့နယ်တစ်ခုတည်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး သံဃာ နှစ်ပါး၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ၂၆ ဦး သေဆုံးကာ ၄၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် ၁၆ မြို့နယ်ထက်မနည်း လေကြောင်းမှ တိုက်ခိုက်ခံရပြီး လူ ၉၀ နီးပါး သေဆုံးခဲ့သည်။
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့ကို စစ်တပ်က ပြန်ရသွားပြီးနောက် သောင်းနှင့်ချီသည့်ဒေသခံများသည် မြစ်ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းဘက်သို့ တိမ်းရှောင်လာရချိန်တွင် သွားလာရေးအရ အရေးပါသည့် လှေဆိပ်၊ ခရိုင်ချင်းဆက်လမ်းကဲ့သို့ လမ်းကြောင်းများနှင့် စစ်ရှောင်များခိုလှုံသည့်နေရာများကိုပါ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်။

စစ်ရှောင်များခိုလှုံသော စာသင်ကျောင်းများကို ပစ်မှတ်ထားဗုံးကြဲ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာ၊ စာသင်ကျောင်းကို ယမန်နေ့(ဇန်နဝါရီလ ၅ ရက်) ည ၈ နာရီ အချိန်ခန့်က တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သားအဖသုံးဦး သေဆုံးပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့သည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်းမှ စစ်ဘေးရှောင်များ တိမ်းရှောင်ခိုလှုံနေခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စာသင်ကျောင်းမျက်နှာစာ အုတ်တံတိုင်းကို အမှီပြုကာ မိုးကာတဲထိုးနေထိုင်ကြသည့် စစ်ဘေးရှောင်မိသားစုများ ထိခိုက်ခဲ့သည်။
ရှစ်ဦးခန့်ရှိသော မိသားစုတစ်ခုမှ အသက် ၆၀ နှစ်ခန့်အရွယ် ဦးပိုက်တင်၊ အသက် ၄၀ နှစ်အရွယ် ဦးကျော်တင့်နှင့် ၃၂ နှစ်အရွယ် မသင်းသင်းဦးတို့ သားအဖသုံးဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ အခြားမိသားစုဝင်များအားလုံး ဒဏ်ရာရရှိခဲ့သည်။
အချို့စစ်ရှောင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၁၀ ဦးခန့်ရှိခဲ့ရာ ထိုအထဲတွင် ကုန်းကြီးရွာ ဒေသခံတစ်ဦးသာပါကြောင်း သိရသည်။
“ကျွန်တော်တို့က အဲ့ဒီအချိန် မအိပ်သေးပေမယ့် အိပ်ရာဝင်နေပြီ။ အိပ်ရာထဲမှာ မိသားစုဝင် အကုန်လုံး ရောက်နေပြီ။ အဲ့အချိန် လေယာဉ်သံကြားတယ်၊ ဖုန်းမီးတွေပိတ်ကြလို့ ပြောနေတုန်း ရှိသေးတယ်။ ဗုံးက ကျလာပြီး ကွဲသွားတယ်”ဟု ဗုံးကြဲမှုကို ကြုံတွေ့ခဲ့ရပြီး မိသားစုဝင်သုံးဦး သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
၎င်းကိုယ်တိုင်လည်း ဒဏ်ရာရခဲ့ပြီး စစ်ရှောင်များခိုလှုံနေထိုင်သည့် ထိုစာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲရန် သတင်းပေးခံရခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။
“ (ဗုံးမကြဲခင်) ကျွန်တော်တို့ တဲရှေ့မှာ ဆိုင်ကယ်တစ်စီး လာရပ်တယ်။ အဲ့ဒီထဲကတစ်ယောက်က ဖုန်းပြောနေပြီးတော့ ကျွန်တော်တို့တဲကို ဓာတ်မီးထိုးထားတာ။ ကျွန်တော်ကြားနေရတာက ငါ မီးထိုးထားတာမြင်လား၊ အေး မြင်တယ်၊ အဲ့ဒီနေရာပဲဆိုပြီး၊ ဆိုင်ကယ်က မောင်းထွက်သွားတယ်၊ ခဏပဲ ကြာတယ်၊ လေယာဉ်ရောက်လာတယ်”ဟု ဒဏ်ရာရရှိခဲ့သူ အထက်ပါ အမျိုးသားက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင်လည်း မန္တလေးတိုင်းမှ စစ်ရှောင် ရာဂဏန်းခန့် ခိုလှုံနေရာ စာသင်ကျောင်းတစ်ခုကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီခန့်က လေကြောင်းဗုံးကြဲခံရပြီး ကိုယ်ဝန်လေးလရှိ အမျိုးသမီးတစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ခဲ့သည်။
ယမန်နေ့ညတွင်လည်း တံတားဦးလေတပ်မှ တိုက်လေယာဉ် နှစ်စီးနှင့် မိတ္ထီလာ ရှမ်းတဲလေဆိပ်မှ နှစ်စီး တပြိုင်တည်းနီးပါး ရှေ့နောက်ဆင့် ပျံတက်လာပြီး၊ ခင်ဦးနယ်တွင် တစ်စီး၊ ကျွန်းလှတွင် နှစ်စီးနှင့် ကသာတွင် တစ်စီး လေကြောင်းတိုက်ခိုက်မှုများ အသီးသီးပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံက စုံစမ်းသိရသည်။
ရပ်ဝေးမှ စစ်ဘေးရှောင်များခိုလှုံရာနေရာများကိုပါ ဦးတည်တိုက်ခိုက်နေသည့်အတွက် ဘေးလွတ်ရာနေရာများ သို့ ထပ်မံရွှေ့ပြောင်းရှောင်တိမ်းနေကြရသည်ဟု စစ်ရှောင်အရေးကူညီသူများက ဆိုသည်။
“အတည်တကျထားတဲ့နေရာတွေမှာတုန်းက ပုန်းခိုကျင်း လုပ်ပေးရတယ်။ အခုလောလောဆယ်တော့ လျှိုမြောင်တွေ အဓိကထားရှောင်နေရတာပေါ့။ အတည်တကျ လုပ်လို့မရဘူးဖြစ်နေတယ်”ဟု ဝက်လက်မြို့နယ်မှ စစ်ရှောင်အရေးကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ထို့ပြင် ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်း မြစ်ကမ်းဘေးတကြောကို မြောက်ဘက် ရွှေဘိုနယ်မှဝင်လာသည့် စစ်ကြောင်းတစ်ခု ၊ တောင်ဘက် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဘက်မှဝင်လာသည့် စစ်ကြောင်းတစ်ခုဖြင့် နှစ်ဖက်ညှပ်ပြီးစစ်ကြောင်းထိုးနေသဖြင့် မြစ်ဘေးဝန်းကျင်ရှိ သစ်ဆိမ့်၊ နတ်မှော်ဦး၊ ရေလည်မော်၊ ငါးပတ်ချောင်း၊ ရွာသစ်၊ ရှားကွဲစသည့်ကျေးရွာများမှ လူဦးရေ ထောင်နှင့်ချီပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
“ဆောင်းပဲတွေလည်းဒီအတိုင်းပဲ ပစ်ထားခဲ့ရတာ။ နွားတွေလည်း လွှတ်ခိုင်းပြီး ထွက်ခဲ့ရတာ။ မှော်ဦးတို့၊ ကမ်းဖြူတို့က သူတို့ကအထိုင်သဘောမျိုးလုပ်ထားတော့အချိန်မရွေးလာနိုင်တော့ မနေရဲကြတော့တာ” ဟုအထက်ပါ စစ်ရှောင်အရေးကူညီသူက ပြောသည်။
ရှမ်းမြောက်တွင် တရုတ်ကြားဝင်မှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် စစ်တပ်က အပစ်ရပ်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင် စစ်ရေးအရှိန်ပိုမြင့်တက်လာပြီး လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်လာသည်။
စစ်တပ်ရွေးကောက်ပွဲစတင်ခဲ့သည့် ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု သိသိသာသာမြင့်တက်လာခဲ့ပြီး ကျေးရွာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စစ်ဘေးရှောင်စခန်းများအပါအဝင် အရပ်ဘက်ပြည်သူနေရာ အများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာသုတေသနအဖွဲ့ MDSI က ယမန်နေ့ကထုတ်ပြန်သည်။
ဒီဇင်ဘာလအတွင်း နိင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုများတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ၁၇၆ ဦးသေဆုံးပြီး ၃၂၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်သည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း မတောင့်တကျေးရွာ၊ တိုက်နယ်ဆေးရုံကို ဂျိုင်ရိုကော်ပတာက ဗုံးကြဲခဲ့ရာ CDM ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။




