စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာ၊ စာသင်ကျောင်းကို ယမန်နေ့(ဇန်နဝါရီလ ၅ ရက်) ည ၈ နာရီ အချိန်ခန့်က တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သားအဖ သုံးဦးသေဆုံးပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့သည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်းမှ စစ်ဘေးရှောင်များ တိမ်းရှောင်ခိုလှုံနေခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စာသင်ကျောင်းမျက်နှာစာ အုတ်တံတိုင်းကို အမှီပြုကာ မိုးကာတဲထိုးနေထိုင်ကြသည့် စစ်ဘေးရှောင်မိသားစုများထိခိုက်ခဲ့သည်။
ရှစ်ဦးခန့်ရှိသော မိသားစုတစ်ခုမှ အသက် ၆၀ နှစ်ခန့်အရွယ် ဦးပိုက်တင်၊ အသက် ၄၀ နှစ်အရွယ် ဦးကျော်တင့်နှင့် ၃၂ နှစ်အရွယ် မသင်းသင်းဦးတို့ သားအဖ သုံးဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ အခြားမိသားစုဝင်များအားလုံး ဒဏ်ရာရရှိခဲ့သည်။
အချို့စစ်ရှောင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၁၀ ဦးခန့်ရှိခဲ့ရာ ထိုအထဲတွင် ကုန်းကြီးရွာ ဒေသခံတစ်ဦးသာပါကြောင်း သိရသည်။
“ကျွန်တော်တို့က အဲ့ဒီအချိန် မအိပ်သေးပေမယ့် အိပ်ရာဝင်နေပြီ။ အိပ်ရာထဲမှာ မိသားစုဝင် အကုန်လုံး ရောက်နေပြီ။ အဲ့ဒီအချိန် လေယာဉ်သံကြားတယ်၊ ဖုန်းမီးတွေပိတ်ကြလို့ ပြောနေတုန်း ရှိသေးတယ်။ ဗုံးက ကျလာပြီး ကွဲသွားတယ်”ဟု ဗုံးကြဲမှုကို ကြုံတွေ့ခဲ့ရပြီး မိသားစုဝင်သုံးဦး သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
၎င်းကိုယ်တိုင်လည်း ဒဏ်ရာရခဲ့ပြီး စစ်ရှောင်များခိုလှုံနေထိုင်သည့် ထိုစာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲရန် သတင်းပေးခံရခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။
“ (ဗုံးမကြဲခင်) ကျွန်တော်တို့တဲရှေ့မှာ ဆိုင်ကယ်တစ်စီး လာရပ်တယ်။ အဲ့ဒီထဲကတစ်ယောက်က ဖုန်းပြောနေပြီးတော့ ကျွန်တော်တို့တဲကို ဓာတ်မီးထိုးထားတာ။ ကျွန်တော်ကြားနေရတာက ငါ မီးထိုးထားတာမြင်လား၊ အေး မြင်တယ်၊ အဲ့နေရာပဲဆိုပြီး၊ ဆိုင်ကယ်က မောင်းထွက်သွားတယ်၊ ခဏပဲ ကြာတယ်၊ လေယာဉ်ရောက်လာတယ်”ဟု ဒဏ်ရာရရှိခဲ့သည့် အထက်ပါ အမျိုးသားက ပြောသည်။
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့တို့ကို အာဏာသိမ်းစစ်အုပ်စုက ပြန်လည်ရရှိခဲ့ချိန်တွင် ယင်းမြို့နယ်များမှ သိန်းချီသည့် ဒေသခံများသည် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ယင်းစစ်ဘေးဒုက္ခသည်များ ခိုလှုံရာနေရာများကို စစ်တပ်က လိုက်လံဗုံးကြဲနေသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် မန္တလေးတိုင်းမှ စစ်ရှောင် ရာဂဏန်းခန့် ခိုလှုံနေရာ စာသင်ကျောင်းတစ်ခုကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီခန့်က လေကြောင်းဗုံးကြဲခံရပြီး ကိုယ်ဝန်လေးလရှိ အမျိုးသမီးတစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မန္တလေးတိုင်းအတွင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ နှင့် မိုးကုတ်မြို့နယ်တို့ကို စစ်ကော်မရှင်က ယမန်နှစ် နိုဝင်ဘာလအတွင်း အလုံးစုံ ပြန်လည်ထိန်းချုပ်ပြီးနောက် ဧရာဝတီမြစ်ဖြတ်ကူးကာ မြို့နယ်လေးခုမှ လူသောင်းနှင့်ချီသည် စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးနေရသည်။
ထို့ကြောင့် စစ်တပ်က ယခင်တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်ခဲ့ရာ လူ ၉၀ နီးပါး သေဆုံးခဲ့ရသည်။
ယမန်နေ့ညတွင် တံတားဦး လေတပ်မှ တိုက်လေယာဉ် နှစ်စီး၊ မိတ္ထီလာ ရှမ်းတဲလေဆိပ်မှ နှစ်စီးပျံတက်လာပြီး၊ ခင်ဦးနယ်တွင် တစ်စီး၊ ကျွန်းလှတွင်နှစ်စီးနှင့် ကသာတွင် တစ်စီး၊ လေကြောင်းတိုက်ခိုက်မှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။
(ဓာတ်ပုံ- မိုးဦး/ Myanmar Now)












