သတင်း

ကယားပြည်နယ်တွင် KNDF နှင့် စစ်တပ် ယာယီအပစ်ရပ်

လက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုချက်ကြောင့် တိုက်ပွဲများကို ယာယီရပ်ဆိုင်းကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defense Force KNDF) က ယနေ့ (ဇွန် ၁၅) တွင် ထုတ်ပြန်သည်။

ကယား(ကရင်နီ)ပြည်နယ်တွင်း တိုက်ပွဲများကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးပြီး ဒေသခံ ပြည်သူတစ်သိန်းကျော် စစ်ရှောင်နေရသည့်အတွက် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များ၏ စီစဉ်မှုကို လက်ခံပြီး ထိုးစစ်များကို ယာယီရပ်ဆိုင်းမည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

သို့သော် အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဆက်လက်ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ပြီး ပြည်သူများ စည်းလုံးညီညွတ်မှု၊ ပြင်ဆင်မှုနှင့် လုံခြုံရေးသတိရှိကြရန် KNDF က သတိပေးခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တွင် ကယား(ကရင်နီ) ပြည်နယ် ၃ မြို့နယ်ဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်ဖက်ခုံမြို့နယ်များ၌ အခြေစိုက်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၃ ဖွဲ့၊ ရှမ်းပြည်နယ် မိုးဗြဲ နှင့် ဖယ်ခုံမြို့နယ်များမှ PDF ၂ ဖွဲ့နှင့် ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် မေ ၃၁ ၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၁၀ တွင် ကရင်နီလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ ကိုယ်စားလှယ်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုရလဒ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက Myanmar Now ကို မိန့်သည်။

“စစ်ရေးစစ်ရာတော့ သူတို့ (လက်နက်ကိုင်) အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးတာပါ။ ကျွန်တော်တို့ ဘာသာရေးအဖွဲ့အစည်းကတော့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ လမ်းကြောင်းတွေ ဖွင့်ပေးဖို့အတွက် အဓိကဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက မိန့်ကြားသည်။

ယင်းဆွေးနွေးပွဲတွင် ကရင်နီလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဒေသအခေါ် ကလလတ (KNPLF)၊  ကယောနီဟု ထိုဒေသတွင် ခေါ်ကြသော  ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP) တို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။

စားနပ်ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းများ လွတ်လပ်စွာသယ်ယူခွင့်ရရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ဘာသာရေးခေါင်းဆောင်များက တောင်းဆိုခဲ့သည်။

“စစ်ဘေးရှောင်တွေအတွက် တိုင်းမှူးက စဉ်းစားပေးမယ်လို့ ပြောတယ်။ ပြည်သူတွေက တကယ်ဒုက္ခရောက်ပါတယ်။ မိုးတွင်းကာလ တောထဲတောင်ထဲမှာနေရတာ တော်တော်လေးအဆင်မပြေပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ တော်တော်လေးသနားဖို့ကောင်းပါတယ်” ဟု ဘုန်းတော်ကြီးက မိန့်သည်။

ဇွန် ၁၁ ၌ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မိုးဒဏ်လေဒဏ်ကြောင့် အအေးမိရာမှ မာရီးယိုအမည်ရှိ ၆ ရက်သားအရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ရသည်။

မေ ၂၁ မှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်းရှိ မာနာပလော့ရပ်ကွက်နှင့် ဒေါငံခါးလမ်းဆုံ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒီးမော့ဆို၊ လွိုင်ကော်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့ပြင် ကယားပြည်နယ်နှင့် နယ်မြေထိစပ်နေသော ရှမ်းပြည်နယ် မိုးဗြဲနှင့် ဖယ်ခုံတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ကယားပြည်နယ်တိုက်ပွဲများအတွင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုပါ စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနှင့် ဖယ်ခုံမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။ 

စစ်တပ်သည် မေ ၂၈ မှစ၍ ကယားပြည်နယ်တွင်း ကုန်စည်တင်သွင်းမှုကို ပိတ်ပင်ခဲ့၍ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီများ ပြတ်လပ်ခဲ့ပြီး သိန်းနှင့်ချီသော စစ်ဘေးရှောင်များနှင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် စစ်ဘေးရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများအပါအဝင် လူနာတင်ယာဉ်တစ်စီးနှင့် အိမ်စီးကားတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ဇွန်လ ၁၁ ၌ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

စစ်တပ်၏ သတင်းပြန်ကြားရေးကမူ “ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၊ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းရှိ သိန်းသန်းကဋေကားဂိတ်၌ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများအား ဖမ်းဆီးရမိကြောင်း” ထုတ်ပြန်ထားသည်။ 

အပစ်ရပ်ပြီးနောက် နေရပ်ပြန်လာမည့် စစ်ရှောင်များအတွက် လုံခြုံရေးအာမခံမည့် သဘောတူညီချက်မရရှိခဲ့သော်လည်း လောလောဆယ် အခြေအနေ ခေတ္တတည်ငြိမ်သွားမည့် သဘောရှိသည်ဟု ၎င်းဘုန်းတော်ကြီးထံမှ သိရသည်။  

“ပစ်ခတ်သံတွေတော့ ဒီ တစ်ရက်နှစ်ရက် မကြားဘူး။ တချို့တွေက ကိုယ့်အိမ် ပြန်လာကြည့်ကြတာ ရှိတယ်။ ဒါပေမယ့် လူတွေက အများကြီးစိုးရိမ်တယ်။ ပစ်ခတ်ရပ်စဲတယ်သာပြောတယ်၊ ဘယ်လောက်များကြာမလဲ။ ဒါမှမဟုတ် သူတို့ပြန်လာတဲ့အခါကျရင် ညအချိန် ဝင်စီးမလား၊ ဝင်ဖမ်းမလား စိုးရိမ်ထိတ်လန့်မှုတွေတော့ရှိတယ်” ဟု ၎င်းက မိန့်ကြားသည်။

ထိုသို့ အပစ်အခတ်ရပ်စဲပြီးနောက် ဒေသခံတချို့သည် ယနေ့ (ဇွန် ၁၅) တွင် နေရပ်ပြန်လာသော်လည်း တိုက်ပွဲများအတွင်း စစ်ဒဏ်ကြောင့် နေအိမ်အများစုမှာ ပျက်စီးနေကြောင်း ဒီးမော့ဆိုဒေသခံတချို့ထံမှ သိရသည်။
 

Show More

Related Articles

Back to top button